ထိုင်း ရှပ်နီဝတ် ခေါင်းဆောင် သေနတ်နဲ့ အပစ်ခံရ

ထိုင်း နိုင်ငံအတွင်း ဒေသတချို့မှာ ရက်ပေါင်း ၆၀ အရေးပေါ် အခြေအနေ ကြေညာမှု စတင်တဲ့ နေ့မှာပဲ လက်ရှိ အစိုးရကို လိုလားတဲ့ ရှပ်နီဝတ် တွေရဲ့ ခေါင်းဆောင် ကွမ်ချိုင်း ပရိုင်ပန်နာဟာ နိုင်ငံအရှေ့မြောက် ပိုင်းက သူ့နေအိမ် အပြင်ဘက်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရလို့ ဒဏ်ရာရသွားပါတယ်။

အခု ကြေညာထားတဲ့အရေးပေါ် အခြေအနေကြောင့် အစိုးရ အနေနဲ့ လူစု လူဝေး လုပ်မှုတွေ အပြင် မီဒီယာပိုင်းကိုပါ ထိန်းချုပ် တည်းဖြတ်မှုတွေ လုပ်နိုင်မယ့် အခွင့်အာဏာမျိုး ရှိလာနေပါတယ်။

ဒါပေမယ့် ဘယ်လို ဘယ်ပုံ ဖော်ဆောင်မလဲ ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝတ်ကို နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြသူတွေဟာ ဘန်ကောက် မြို့ရဲ့ တချို့ အစိတ်အပိုင်း တွေကို သိမ်းပိုက် ပိတ်ဆို့ ထားခဲ့ပြီး အခုလို အမိန့် ထုတ်ထား ပေမယ့် သူတို့ ဘက်ကတော့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆိုကြပါတယ်။