မန်ဒဲလား ကွယ်လွန်မှု ကမ္ဘာအနှံ့ ကြေကွဲ ဝမ်းနည်း

ကွယ်လွန်သူ မင်ဒဲလားအတွက် အမှတ်ရ ဆုတောင်းနေ ကြသည့် အိန္ဒိယနိုင်ငံ အမီဒါဘတ် မြို့က ကျောင်းသားများ။
ဓာတ်ပုံ ပုံစာ, ကွယ်လွန်သူ မင်ဒဲလားအတွက် အမှတ်ရ ဆုတောင်းနေ ကြသည့် အိန္ဒိယနိုင်ငံ အမီဒါဘတ် မြို့က ကျောင်းသားများ။

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား ကွယ်လွန်သွားခဲ့တဲ့ အတွက် တောင်အာဖရိက ပြည်သူတွေ အပါအဝင် ကမ္ဘာတဝှမ်းမှာ ကြေကွဲ ဝမ်းနည်းနေကြ ပါတယ်။

တောင်အာဖရိ နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်ခဲ့တဲ့ မစ္စတာ မန်ဒဲလားဟာ ကြာသပတေးနေ့ ညပိုင်းမှာမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန် ချိန်မှာ အသက် ၉၅ နှစ် ရှိပြီဖြစ်ပါတယ်။

ဂျိုဟန်းနက်စ်ဘတ်ခ် မြို့မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်နဲ့ ဆိုဝက်တို မြို့ကသူ့ရဲ့ နေအိမ်ဟောင်း ရှေ့မှာ လူတွေ စုရုံးရောက် ရှိလာခဲ့ကြသလို အောက်မေ့ဖွယ် အထိမ်းအမှတ် တွေလည်း စိုက်ထူခဲ့ကြပြီး ပန်းစည်းတွေချ ဖယောင်းတိုင်တွေ ထွန်းညှိခဲ့ကြပါတယ်။

တချို့က လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် တေးသီချင်းတွေ ဆိုကြ ကခုန်ခဲ့ကြပါတယ်။

အဲဒီကို ရောက်လာကြသူတွေ အထဲက တချို့ကလည်း သူတို့ တိုင်းပြည်အတွက် လွတ်လပ်မှုကို ဆောင်နှင်း ပေးခဲ့သူ ဖြစ်လို့ လာရောက် ဂုဏ်ပြုကြတာလို့ ဆိုပါတယ်။

တောင်အာဖရိက နိုင်ငံအနှံ့မှာ နိုင်ငံတော် အလံတွေကို မစ္စတာ မင်ဒဲလား ဈာပန မပြီးမချင်း တိုင်ဝက် လွှင့်ထူထားကြပြီး အများပိုင် အဆောက်အအုံ တွေမှာရော ကမ္ဘာတလွှားက တောင်အာဖရိက သံရုံးတွေမှာပါ ဝမ်းနည်းကြောင်းတွေ လက်မှတ် ရေးထိုးနေကြပါတယ်။

လာမယ့် တနင်္လာ နေ့မှာလည်း ဂျိုဟန်းနက်စ်ဘတ်ခ် မြို့က လူ ပေါင်း ၉ သောင်း ဆန့်တဲ့ အက်ဖ်အန်ဘီ အားကစား ကွင်းမှာ အမျိုးသား အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ ပရီတိုးရီးယား ပြည်နယ်မှာ ဂုဏ်ပြုခံဖို့ ၃ ရက်ထားမှာ ဖြစ်ပြီး ပထမနေ့မှာတော့ ကမ္ဘာ့ ခေါင်းဆောင်တွေ လာရောက် ကြမှာ ဖြစ်ပါတယ်။

နောက်ပြီးရင်တော့ Eastern Cape ကို သယ်ယူသွားပြီး သူ မွေးဖွား ကြီးပြင်းခဲ့ရာ Qunu မှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ နိုင်ငံတော် ဈာပနနဲ့ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။