နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်ကို ထိုင်းမှာ ကန့်ကွက်

ထိုင်းနိုင်ငံ အောက်လွှတ်တော်က နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြု ပေးလိုက်တာ နဲ့ ပတ်သက်လို့ ဆန့်ကျင်တဲ့ အနေနဲ့ ဘန်ကောက် မြို့တော်မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီ လွတ်ငြိမ်းခွင့်ဟာ လွန်ခဲ့တဲ့ ၉ နှစ် အတွင်း ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး ပြစ်မှုတွေကနေ လွတ်ငြိမ်း ခွင့် ပေးထားတဲ့အတွက် အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ် ဟာ ပြည်ပမှာ တိမ်းရှောင်နေရာကနေ ထိုင်းနိုင်ငံကို ပြန်လည် ဝင်ရောက်လာနိုင်တော့မှာ ဖြစ်ပါတယ်။
အစိုးရဘက်ကတော့ ဒီလွတ်ငြိမ်းခွင့်သာ အတည်ဖြစ်လာရင် အရင် ၂၀၀၆ ခုနှစ်က မစ္စတာ သက်ဆင်ကို စစ်တပ်က အာဏာ သိမ်းခဲ့တဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ အားလုံး ရပ်ဆိုင်း သွားစေနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီအတွက်ကြောင့် အရင်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေဟာ အပြစ်ပေး မခံရဘဲ ဖြစ်သွားနိုင်တယ်လို့ ဝေဖန်သူတွေ ပြန်လည် ထောက်ပြကြပါတယ်။
ဆန္ဒပြသူ တဦးကတော့ အခုထွက်လာတဲ့ ဆန္ဒပြသူတွေရဲ့ အင်အားကို ကြည့်ရင်ပဲ အစိုးရအနေနဲ့ ဒီလွတ်ငြိမ်းခွင့် ကိစ္စကို ပြန်ရုတ်သိမ်းဖို့ စဉ်းစားသင့်တယ်လို့ ပြောပါတယ်။ အထက်လွှတ်တော် ဘက်ကလည်း ဒါနဲ့ ပတ်သက်လို့ တင်ပြလာရင် ကန့်ကွက်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။




