ဂျာမန်ဖုန်း ကန်ခိုးနားထောင်လို့ စွပ်စွဲ

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲရဲ့ လက်ကိုင်ဖုန်းကို အမေရိကန် ထောက်လှမ်းရေး ဖြတ်ယူ နားထောင် နေသလား သံသယရှိတဲ့ အတွက် မစ္စစ် မာကဲက အမေရိကန် သမ္မတ အိုဘားမားကို ဖုန်းဆက် ပြောကြား ခဲ့ပါတယ်။
ဒီကိစ္စ ချက်ချင်း ဖြေရှင်းဖို့၊ ဒီလို ပစ်မှတ်ထား ဆောင်ရွက်တာဟာ ယုံကြည်မှု ချိုးဖောက်တာပဲ လို့ မစ္စစ် မာကဲက ပြောဆို ခဲ့ကြောင်း ဂျာမနီ အစိုးရ ပြောရေး ဆိုခွင့် ရှိသူ က ပြောကြား ပါတယ်။
အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနေ ကတော့ အမေရိကန် အစိုးရ အနေနဲ့ မစ္စစ် မာကဲရဲ့ ဖုန်းတွေကို နားထောင် မနေပါဘူး၊ နောင်လည်း နားထောင်မှာ မဟုတ်ဘူး လို့ မစ္စတာ အိုဘားမားက မစ္စစ် မာကဲကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အရင်က ဖြတ်နားထောင် ခဲ့သလားဆိုတာကိုတော့ သင်္ကာ ရှင်းမသွား ခဲ့ပါဘူး။




