
အမျိုးသမီးတွေ အကာအကွယ် ပိုရရေး အတွက် တရားရုံး ရှေ့မှာ ဆန္ဒပြနေ ကြပါတယ်
အိန္ဒိယ နိုင်ငံမှာ မကြာသေးခင်က ဆေးကျောင်းသူ တဦးကို ဘတ်စကား ပေါ်မှာ အုပ်စုလိုက် မုဒိမ်း ကျင့်ခဲ့ပြီး သတ်ဖြတ် ခဲ့မှုနဲ့ စွပ်စွဲ ခံထား ရသူ ငါးဦးကို ဒေလီမြို့ တရားရုံး တခု ကနေ တနင်္လာနေ့မှာ ရုံးထုတ် မယ်လို့ အမိန့် ထုတ်ပြန် လိုက်ပါတယ်။
သေဆုံးသွားခဲ့သူ ဆေးကျောင်းသူရဲ့ သူငယ်ချင်း ဖြစ်သူ အမျိုးသား တဦးနဲ့ မေးမြန်း ထားချက်ကို ထုတ်လွှင့် ခဲ့တဲ့ သတင်းဌာနကို ရဲကနေ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်။
သူငယ်ချင်း ဖြစ်သူ အမျိုးသား ဟာလည်း အဲဒီ မတရား ပြုကျင့်တဲ့ အချိန်တုန်းက ဘတ်စကား ပေါ်မှာ ရိုက်ပုတ် ခံခဲ့ရတာ ဖြစ်ပြီး၊ သူက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ခံစားခဲ့ရတယ် ဆိုတာကို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
ဘတ်စကားပေါ်မှာ ပါလာတဲ့ ဒီလူတွေဟာ သံတုတ်တွေနဲ့ ရိုက်နှက်ကာ၊ မိန်းကလေး ကိုတော့ ကားရှေ့ တရွတ်တိုက် ဆွဲခေါ်သွားပြီး၊ မတရား ပြုကျင့်ခဲ့တာ ဖြစ်တယ် လို့ သူက ရှင်းပြပါတယ်။
ဒီလူ တွေကို ပြန်ချဖို့ ကြိုးစား ပေမယ့် နောက်ဆုံး မှာတော့ သူလည်း သတိမေ့ သွားခဲ့တယ်လို့ ပြောပါတယ်။ အနီး အနားက ဖြတ်သွား သူတွေ ဟာလည်း အကူ အညီ မပေးခဲ့ ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ရဲကလည်း သူတို့ကို ဆေးရုံ ပို့ဖို့ နောက်ကျ ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ်လို့ ဒေလီရဲ ကတော့ သတင်းရ တယ်ဆိုရင်ပဲ ၁၀ မိနစ် အတွင်း ရဲကား နှစ်စီးဟာ အခင်း ဖြစ်တဲ့ နေရာကို ရောက်ရှိခဲ့ပြီး၊ ထိခိုက် ဒဏ်ရာ ရသူတွေကို ဆေးရုံပို့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အခုလို မိန်းကလေးရဲ့ သူငယ်ချင်းက သတင်းဌာနကို ဖွင့်ချ လိုက်တာကြောင့်၊ အဓမ္မ ပြုကျင့် ခံရသူ မိန်းကလေးဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို ဖေါ်ထုတ် လိုက်သလို ဖြစ်သွား နိုင်ပြီး၊ အဲဒီလို ဖြစ်ခဲ့ ရင်တော့ ဒါဟာ ဥပေဒ ချိုးဖေါက်ရာ ရောက်တယ်လို့ ရဲက ပြောပါတယ်။












