
အိန္ဒိယဆေးကျောင်းသူတဦး မုဒိမ်းကျင့်ခံရမှုဟာ အိန္ဒိယတနိုင်ငံလုံးကို ဒေါသထွက်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဆေးကျောင်းသူ တယောက်ကို လူတစုက မုဒိမ်းပြုကျင့်မှုဟာ အခုတော့ အဲဒီကျောင်းသူလေး သေဆုံးခဲ့ပြီးနောက် သူ ဆေးသွားကုခဲ့ရာ စင်ကာပူကနေ အလောင်းကို အိန္ဒိယနိုင်ငံဆီ ပြန်လည်သယ်ယူခဲ့ပါပြီ။
အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဒေလီမှာတော့ လုံခြုံရေးတွေက တင်းကျပ်ထားသလို ဆန္ဒပြမှုတွေလည်း ရှိပါတယ်။ လတ်တလောမှာတော့ ဒီအဓမ္မပြုကျင့်မှုနဲ့ ပတ်သက်လို့ လူခြောက်ဦးကို ဖမ်းထားပါတယ်။ သူတို့ကို စောစောပိုင်းက မုဒိမ်းမှုနဲ့ တရားစွဲခဲ့ပေမယ့် အခုတော့ လူသတ်မှုနဲ့ပါ တိုးမြှင့် စွဲဆိုလိုက်ပါတယ်။ ရဲအရာရှိနှစ်ဦးကိုလည်း လက်ရှိ ရာထူးတာဝန်ကနေ ဆိုင်းငံ့ ထားလိုက်ပါတယ်။
အိန္ဒိယပြည်သူတွေကို ဒေါသအမျက် ချောင်းချောင်းထွက်စေခဲ့တဲ့ ဒီ အဓမ္မပြုကျင့်မှုကတော့ အိန္ဒိယတနိုင်ငံလုံးကို တပ်လှန့်စေလိုက်တဲ့ ကိစ္စတခုလို ဖြစ်သွားခဲ့ပြီး၊ သမ္မတ၊ ၀န်ကြီးချုပ်နဲ့ အိန္ဒိယပါလီမန်ကပါ ပါဝင်ခဲ့ရပါတယ်။
အခုတော့ စင်ကာပူမှာ ဆေးကုခံရင်း ဒီကနေ့ပဲ ဆုံးပါးသွားတဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကျောင်းသူရဲ့ အလောင်းကို အိန္ဒိယကို ပြန်သယ်လာခဲ့ပါတယ်။ မြို့တော်ဒေလီမှာတော့ လူထောင်ပေါင်းများစွာက ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းကတော့ လူတွေရဲ့ ဒေါသကို သူ့အနေနဲ့ ခံစားနားလည်တဲ့ အကြောင်းနဲ့ အိန္ဒိယကို အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံတဲ့ တိုင်းပြည်ဖြစ်အောင် လူထုကပါ ဝိုင်းပြီး တည်ဆောက်ကြဖို့ကို တိုက်တွန်းပါတယ်။
ဒီအချိန်ဟာ စကားပြောနရမယ့် အချိန်မဟုတ်ဘဲ ပူဆွေးဝမ်းနည်းရမယ့် အချိန်ဆိုတာကို သူသိပါကြောင်းနဲ့ အားလုံးအနေနဲ့ တည်ကြည်အေးချမ်းစွာနဲ့ ရှိကြဖို့၊ ဒါမှသာ ရှေ့လျှောက် အကောင်းဆုံး ဘယ်လို စခန်းသွားကြမယ် ဆိုတာကို စဉ်းစားနိုင်မယ်လို့ ဒေလီပြည်နယ် ဝန်ကြီးချုပ် ရှီလာ ဒစ်ရှစ်က လူထုကို တိုက်တွန်းခဲ့ပါတယ်။
မြို့တော်ဒေလီမှာတော့ ငါးယောက်ထက် ပိုပြီး လူမစုဖို့ လူထုကို ကန့်သတ်ထားပါတယ်။ ဒေလီမြို့လယ်က ဂျန်တားမန်တား ပန်းခြံမှာတော့ လူလေးထောင်လောက်က ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ တယောက်ကဆိုရင် ဒါဟာ အစိုးရအနေနဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့လို့ ဖြစ်တာလို့ ကွဲကွဲကြေကြေ ပြောပါတယ်။
တခြားပိုစတာတခုမှာလည်း နိုင်ငံရေးသမားတွေအတွက် ပေးတဲ့မတ်ဆေ့ချ်အနေနဲ့ အပိုပြောစကားတွေနဲ့ နှစ်သိမ့်မှုတွေ မလိုချင်ဘူး။ ဒီလို လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် အရေးယူ ဆောင်ရွက်ချက်တွေကို မြန်မြန်ထက်ထက် ဆောင်ရွက်ဖို့ကို ပြောထားပါတယ်။












