
ရှေ့ဆက် ဆွေးနွေးပွဲတွေ မှာလည်း အပေး အယူလုပ် ညှိနှိုင်းဖို့ မစ္စတာ အိုဘားမား လမ်းဖွင့်ထား
အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေး ဆုတ်ယုတ်မှုထဲ ထိုးကျ သွားစေမယ့် အဖြစ် ကနေ လမ်းလွှဲ နိုင်ခဲ့တဲ့ အပေါ် သမ္မတ အိုဘားမားက ချီးကျူး လိုက်ပြီး ၊ တိုင်းပြည်ရဲ့ စီးပွားရေး ပိုမို အားကောင်းလာဖို့ အလုပ်တွေ အများကြီး လုပ်ဖို့ လိုအပ်နေ တယ်လို့ ပြောပါတယ်။
အင်္ဂါနေ့ ညဉ့်နက်ပိုင်း အထိ အောက်လွှတ်တော်မှာ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ပြီးနောက် အိမ်ဖြူတော်နဲ့ ဆီးနိတ် တို့ စေ့စပ် ညှိနှိုင်းပြီး ရရှိထားတဲ့ သဘောတူညီမှုကို အောင်လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်ပါတယ်။
အသုံး စရိတ် အကြီး အကျယ် ဖြတ်တောက်ပြီး၊ အခွန် တိုးမြှင့်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်မယ့် အစီ အစဉ်ကို အပေး အယူ လုပ်ပြီး ပြန်လည် ပြင်ဆင် လိုက်ကြတာ ဖြစ်ပါတယ်။
အဲဒီလိုမှ မဟုတ်ရင်တော့ Fiscal Cliff လို့တင်စား ခေါ်ဝေါ်တဲ့ စီးပွားရေး ဆုတ်ယုတ်မှု ချောက်ကမ်းပါးထဲ ထိုးကျ သွားနိုင်ကြောင်း စီးပွားရေး ပညာရှင် တွေက သုံးသပ် ထားတာ ဖြစ်ပါတယ်။
အခုတော့ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အားလပ်ရပ် အတွက် ဟိုင်ဝါရီကို ပြန်သွားမှာ ဖြစ်ပြီး၊ ရှေ့ဆက် ပြုလုပ်ရမယ့် ဆွေးနွေးပွဲတွေ မှာလည်း အပေး အယူလုပ် ညှိနှိုင်း ဖို့ကို သူ့ဘက်က လမ်းဖွင့်ထား တယ်လို့ မသွားခင် ပြောကြားသွား ပါတယ်။
အခုလို သဘောတူညီချက် ရရှိခဲ့ တာကြောင့် အာရှ နဲ့ ဥရောပ ဒေသတွေမှာ စတော့ ရှယ်ယာ စျေးတွေ ထိုးတက် သွားပါတယ်။
လန်ဒန်က နေ့လယ်ဘက် ရှယ်ယာ စျေးတွေ ကတော့ ၂ ရာခိုင်နှုန်း မြင့်တက် သွားသလို ဥရောပ တလွှား တခြား နေရာတွေ မှာလည်း အလားတူ စျေးတက်ခဲ့ ပါတယ်။
ဟောင်ကောင် ဟန်းဆန်း ညွှန်းကိန်း ဟာဆိုရင် ၃ ရာခိုင်နှုန်း နီးပါး စျေးတက် ခဲ့ပြီး၊ ဒါဟာ ဟန်းဆန်း ရှယ်ယာမှာ ၁၉ လအတွင်း စျေး အမြင့်ဆုံး တက်သွား တာ ဖြစ်ပါတယ်။












