
US Fiscal Cliff သရုပ်ဖော်ပုံ
အမေရိကန် ပြည်ထောင်စုမှာ ဇန္နဝါရီ ၁ရက်နေ့ကျရင် အသက်ဝင်တော့မယ့် အစိုးရ အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ပြီး အခွန်တွေ တိုးကောက်မယ့် အစီအစဉ်အပေါ် ညှိနှိုင်းမှု ရနိုင်ဖို့ ပြင်းပြင်းထန်ထန် သဘောကွဲနေတဲ့ ကွန်ဂရက် ခေါင်းဆောင်တွေကြား နောက်ဆုံးအချိန် ကြိုးပမ်း နေကြပါတယ်။
သူတို့ဟာ fiscal cliff လို့ခေါ်တဲ့ အမေရိကန် စီးပွားရေး ဆုတ်ယုတ်တဲ့ အခြေအနေ ပြန်ဆိုက်သွားမှာကို တားမြစ်ဖို့ ကြိုးစား နေကြတာပါ။
ပြီးခဲ့တဲ့နှစ်တုန်းက ရီပါ့ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေကြား ဒီကိစ္စကို ၂ဝ၁၂ အကုန်အထိ ဆိုင်းငံ့ထားဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပြီး တကယ်လို့ တစုံတရာ သဘောတူညီမှု မချနိုင်ခဲ့ရင် အဲဒီ အစီအစဉ်ကို မဖြစ်မနေ အကောင်အထည် ဖော်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သမ္မတဟောင်း ဘွတ်ရှ် လက်ထက်တုန်းက ကျင့်သုံးခဲ့တဲ့ အခွန်လျော့ကောက်တဲ့ ပြဌာန်းချက်ကလည်း နှစ်သစ်ကူးနေ့မှာ သက်တမ်းကုန်မှာနဲ့ သွားပြီး တိုက်ဆိုင် နေပါတယ်။
အခုလို ဖြစ်ပျက်နေမှုတွေကြောင့် အမေရိကန် စီးပွားရေး ပျက်ကပ် ပြန်ဆိုက်မှာကို လူတွေက စိုးရိမ်နေကြပါတယ်။
ဒီမိုကရက်နဲ့ ရီပါ့ဘလစ်ကန်တွေကြား အဓိက ကိစ္စရပ်တွေမှာ ဆက်ပြီး ကွဲလွဲမှု ရှိနေတဲ့ အတွက် သဘောတူညီချက် တခုခု ရနိုင်ဖို့ နဲ့ပတ်သက်လို့ အဆိုးဖက်က မြင်နေသူတွေလည်း ရှိတယ်လို့ ဝါရှင်တန်မြို့က သတင်းထောက် တွေက ပြောပါတယ်။












