
ဆီးနိတ် လွှတ်တော် အမတ် ဒီမိုကရက် ခေါင်းဆောင် ဟယ်ရီ ရိဒ်
အမေရိကန် ပြည်ထောင်စုမှာ fiscal cliff လို့ လူသိများနေတဲ့ ဘီလီယံ ရာနဲ့ချီပြီး အသုံးစရိတ် ဖြတ်တောက်ကာ အခွန်တိုးမြှင့် ကောက်ခံမယ့် အစီအစဉ်ကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတခု ရဖို့ မျှော်လင့်ချက်ဟာ ဒီမိုကရက်တစ် ခေါင်းဆောင် Harry Reid စကားကြောင့် မှေးမှိန်သွားခဲ့ ရပါပြီ။
ဒီကိစ္စနဲ့ ပတ်သက်လို့ ခုရက်ပိုင်းတွေ အတွင်း သဘောတူညီချက် မရခဲ့ရင် အမေရိကန်ဟာ နောက်ထပ် စီးပွားဆုတ်ယုတ်မှု ရောက်သွား နိုင်တယ်လို့ စိုးရိမ် ပူပန် နေကြပါတယ်။
ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် ပါတီကြား တဖက်နဲ့ တဖက် ငြင်းခုံ နေမယ့် အစား ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး သဘောတူညီမှု ရအောင် လုပ်ဆောင်ဖို့ လွှတ်တော် အမတ် မစ္စတာ ရိဒ်က တိုက်တွန်း လိုက်ပေမယ့် အဲဒီလို အခြေအနေမျိုး ဖြစ်လာနိုင်ချေ မရှိပါဘူးလို့ သူက ပြောပါတယ်။
ရီပါ့ဘလစ်ကန် လူနည်းစု ခေါင်းဆောင် Mitch McConnell ကတော့ သဘောတူညီမှု ရဖို့ အချိန် တော့ယူရဦးမယ်လို့ ဆိုပြီး ဒီမိုကရက်တွေ လုပ်သမျှကို ရီပါ့ဘလစ်ကန်တွေ အနေနဲ့ သဘောတူနိုင်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောလိုက်ပါတယ်။
သမ္မတ အိုဘားမားဟာ ခရစ်စမတ် အားလပ်ရက် ဖြစ်ပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့ အိမ်ဖြူတော်ကို ပြန်လာပြီလို့ သိရပါတယ်။












