
အမေရိကန်ဘဏ္ဍာရေးကိစ္စဟာ ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်နိုင်ပါတယ်။
အမေရိကန် ဘဏ္ဍာရေး ကျဆင်းမှုကြီး ပေါ်ပေါက် မလာရေးအတွက် သမ္မတအိုဘားမား အားလပ်ရက်ကို ဖြတ်တောက်ပြီး ဝါရှင်တန်ကို ပြန်လာခဲ့ပါတယ်။ လာမယ့် နှစ်ဆန်းကစပြီး အခွန်တွေတက်လို့ အသုံးစရိတ် ဖြတ်တောက်မှုတွေလည်း တိုးလာနိုင်ပေမယ့် အမေရိကန် ပါတီကြီး နှစ်ခုကြားမှာတော့ သဘောတူမှု မရှိသေးပါဘူး။
နှစ်ကူးကာလမှာ အမေရိကန် ဘဏ္ဍာရေး ကျဆင်းမှုကြီး ဖြစ်လာမှာကို ပူပန်နေရချိန်မှာပဲ ချေးငွေ ပမာဏ သတ်မှတ် ထားတာထက် မကျော်လွန်စေဖို့ နည်းနာတွေကို အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန် ခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဌာနအနေနဲ့ အစိုးရ ငွေချေးစာရင်းက ဒေါ်လာ ဘီလီယံနှစ်ရာအထိ ခွင့်ပြုပေးမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး တင်မသီ ဂိုက်နာက ဒီမိုကရက် ခေါင်းဆောင် ဟယ်ရီ ရိဒ်ဆီကို အိတ်ဖွင့် ပေးစာမှာ ရေးသား ထားပါတယ်။
ကွန်ဂရက်က ပြဋ္ဌာန်းပေးထားတဲ့ ဒီဇင်ဘာလကုန်ပြီး နှစ်လအတွင်း အမေရိကန် အစိုးရ ချေးယူခွင့် ရှိတဲ့ အကြွေး သတ်မှတ်ချက် ဒေါ်လာ ၁၆.၄ ထရီလီယံ ထိ မရောက်စေဖို့ ဒီနည်းနာတွေက ကာကွယ် ပေးလိမ့်မယ်လို့လည်း မစ္စတာ ဂိုက်နာက ပြောပါတယ်။
၂ဝ၁၁ ခုနှစ် နွေရာသီကလည်း အမေရိကန် အစိုးရ အကြွေးစရိတ်တွေ ထိုးတက်သွားခဲ့ပြီး ဒေါ်လာ ၁၄.၃ ထရီလီယံက လက်ရှိ ပမာဏ ၁၆.၄ ထရီလီယံထိ တိုးမြှင့်ပေးဖို့ သမ္မတ အိုဘားမားက ကွန်ဂရက်နဲ့ ဝင်စေ့စပ် ပေးခဲ့ရပါတယ်။
ဒီလိုတိုးမြှင့်ပေးခဲ့မှုကြောင့် ဇန်နဝါရီ ၁ ရက် နေ့ကစပြီး အခွန်တွေတိုးပြီး အသုံးစရိတ်တွေ အလိုအလျောက် ဖြတ်ခံရတဲ့ ဒေါ်လာ ဘီလျံ ၆ ရာ ဖိုး ဘဏ္ဍာရေး ကျဆင်းမှုကြီး နဲ့ ရင်ဆိုင် ရတော့မှာပါ။
အစိုးရ အသုံးစရိတ် အလွန်အကျွံ တက်မလာအောင် ဒီနည်းတွေ သုံးပြီး ကာကွယ်ဖို့ ကွာဟချက်ကို ဘယ်လို လျှော့ချ မလဲ ညှိနှိုင်းကြဖို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ နှစ်ဘက်စလုံးက သဘောတူခဲ့ပါတယ်။
ရက်အတိအကျ မသိရသေးပေမယ့် ဒီအရေး စေ့စပ် ညှိနှိုင်းဖို့ မစ္စတာ အိုဘားမားနဲ့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေ ထပ်တွေ့အုံးမယ်လို့ မျှော်လင့် နေကြပါတယ်။












