
အမေရိကန် သမ္မတ အိုဘားမား
အမေရိကန် ပြည်ထောင်စု အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားဟာ ကွန်ဂရက် လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး fiscal cliff လို့ခေါ်တဲ့ အမေရိကန် ဘဏ္ဍာရေး အခြေအနေ ဖရိုဖရဲ ဖြစ်သွားမှာကို ကာကွယ် နိုင်အောင် နောက်ဆုံး အနေနဲ့ သဘောတူညီချက် ရဖို့ ကြိုးပမ်း နေပါတယ်။
လွှတ်တော်အမတ်တွေနဲ့ အစည်းအဝေးမှာ ကောင်းမွန် ၊ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ် ၊ လာမယ့် ရက်ပိုင်း အနည်းငယ် အတွင်း သဘောတူညီချက် ရကောင်း ရနိုင်ပါတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။
ဘီလီယံ ရာနဲ့ ချီပြီး အခွန်အတုပ် တိုးမြှင့် ကောက်ခံကာ အစိုးရ အသုံးစရိတ်တွေ ဖြတ်တောက်မယ့် အစီအစဉ်ကို ရှောင်ရှား နိုင်အောင် သဘောတူညီချက် ရဖို့ နောက်ဆုံး သတ်မှတ်ချိန် နှစ်သစ်ကူးရက် နီးလာတာနဲ့ အမျှ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
တကယ်လို့များ အဲဒီ အစီအစဉ်ကိုသာ ကျင့်သုံးဖြစ်မယ် ဆိုရင် အမေရိကန်ဟာ စီးပွား ဆုတ်ယုတ်မှု အခြေအနေ ထပ်မံ ရင်ဆိုင်ရနိုင်ပြီး ပြန်နလံထူစ ကမ္ဘာ့စီးပွားရေးကို လည်း ထိခိုက်လိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။
လောလောဆယ် ဥရောပနဲ့ အမေရိကန် စျေးကွက်မှာ အစုရှယ်ယာစျေးတွေ ကျဆင်းသွားခဲ့ပါတယ်။












