
အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း နေရာ ဒေသ အများ အပြားကို အရေးပေါ် အခြေအ နေ ကြေညာထား
အမေရိကန် ပြည်ထောင်စုမှာ နှစ်ပေါင်းများစွာ အတွင်း အင်အား အပြင်းထန် ဆုံးသော မုန်တိုင်း တခု အရှေ့ ဘက်ကမ်းကို ဝင်ရောက် တိုက်ခတ် နေတဲ့ အတွက် သမ္မတ အိုဘားမားဟာ အရေး ပေါ် ကူညီ ဆောင်ရွက်ရေး အရာရှိ တွေနဲ့ ဆွေးနွေး တိုင်ပင်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။
ဆန်ဒီလို့ အမည်ပေးထားတဲ့ ဒီ ဟာရီကိန်း မုန်တိုင်းဟာ အကျယ် အဝန်းအားဖြင့် ကီလို မီတာ ၁ ထောင် ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဆန်ဒီ မုန်တိုင်း အရှေ့ဘက် ကမ်းကို ဝင်ရောက်ခဲ့ပြီးနောက် မှာ အနောက်ဘက် ကနေလည်း ဆောင်းရာသီ မုန်တိုင်းတခု ဝင်ရောက်ခဲ့တာ ကြောင့် မုန်တိုင်း ၂ ခု ထပ်သွားပြီး ကြီးမားလှတဲ့ ဖရန်ကန် မုန်တိုင်း တခု ဖြစ်လာမယ့် အခြေအနေ ရှိနေပါတယ်။
အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း နေရာ ဒေသ အများ အပြားကို အရေးပေါ် အခြေအ နေ ကြေညာ ထားပြီး၊ အဲဒီ ဒေသ တွေမှာ ရေကြီးမှု တွေနဲ့ နှင်းမိုးကြီးတွေ ကျရောက် နိုင်ပြီး၊ လျှပ်စစ်မီး ပြတ်တောက် မှုတွေ ဖြစ်သွား နိုင်ကြောင်း အာဏာပိုင် တွေက သတိပေး ထားပါတယ်။
အဲဒီဒေသမှာ လူပေါင်း သန်းနဲ့ ချီပြီး မုန်တိုင်း ဒဏ်ကို ခံနေကြ ရတာ ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ကလည်း တပတ်ပဲ လိုတော့တာ ဖြစ်တဲ့ အတွက်၊ သမ္မတ အိုဘားမားနဲ့ ရီပါဘလီကန် သမ္မတလောင်း မစ်တ် ရွမ်နေ တို့ဟာ မဲပေးပွဲ အတွက် အင်မတန်မှ အရေးကြီးလှတဲ့ ဗာဂျီးနီးယား ပြည်နယ်မှာ မဲဆွယ် စည်းရုံးရေး လုပ်ဖို့ ကိစ္စတွေကို မုန်တိုင်းကြောင့် ဖျက်သိမ်းလိုက်ရပါတယ်။












