
တယောက်မှ မသေအောင် ကာကွယ်ပေးမယ်လို့ မြို့ပြအာဏာပိုင်တွေက ပြောပါတယ်။
စန္ဒီဟာရီကိန်းမုန်တိုင်းဟာ ဂျမေကာကနေတဆင့် ကျူးဘားဒေသရဲ့ အနောက်ပိုင်းကို ရောက်လာပါတယ်။ မုန်တိုင်းဟာ အင်းအား ကောင်းသထက် ကောင်းလာပြီး ပြင်းအား အဆင့် ၂ ဟာရီကိန်း အဆင့်ကို ကူး ပြောင်း ရောက်ရှိ သွားခဲ့ကာ လေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၁၀ နှုန်း ရှိပါတယ်။
မုန်တိုင်း ရောက်နေတဲ့ ဆန်တီယေးဂိုး ဒါကျူးဘားမှာဆိုရင် လေတိုက်အားက ၁၁၃ မိုင်နှုန်း အထိတောင် ရှိပါတယ်။ မိုးလေဝသ ပညာရှင်တွေကတော့ ဒီမုန်တိုင်းကြောင့် ကျူးဘား အရှေ့ပိုင်းက ဒေသတချို့မှာ မိုးရေချိန် ၃၀၀ မီလီမီတာ၊ လက်မနဲ့ဆိုရင် ၁၁ လက်မလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဟေတီ၊ ဒိုမီနီကန် ရီပတ်ပလစ်နဲ့ ကာရီဘီယန် ပင်လယ်ထဲက တောင်ထူတဲ့ ဒေသတွေဘက်မှာလည်း မိုးရေချိန်က ဒီထက်ပိုများပြီး ၅၀၀ မီလီမီတာ လောက်အထိတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ကျူးဘားက မိုးလေဝသ ပညာရှင် ဟိုဆေး ရူဘီယဲရာက လေပြင်းတွေထက် မိုးကို ပိုပြီး စိုးရိမ်ရတဲ့ အကြောင်း၊ ဒီလို မုန်တိုင်းမျိုးက မိုးကြီး ရေများတဲ့ အကြောင်းနဲ့ တောင်တန်း ဒေသတွေကို ဖြတ်ကျော်တဲ့အခါ ပိုပြီး မိုးတွေ အရှိန်ပိုများ လာနိုင်တဲ့ အကြောင်း ပြောပါတယ်။
ဒါကြောင့် ကျူးဘားနိုင်ငံထဲမှာတော့ သူတို့ အရင်ထဲက ကြိုတင် လေ့ကျင့်ထားကြတဲ့ မုန်တိုင်း အရေးပေါ် စီမံချက်တွေအတိုင်း ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။
မြို့ပြ ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ လတ်ဇာရို အက်စ္စပိုစီတိုက ဘယ်အသက်တချောင်းကိုမှ အဆုံးရှုံး မခံနိုင်တဲ့အတွက် အချိန်မဖြုန်းတီးဘဲ ရေကြီးမယ်လို့ ထင်ရတဲ့ နေရာတွေက လူတွေကို ဘေးလွတ်ဖို့ ရွှေ့ပြောင်းမှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။
ကျူးဘားကို ဖြတ်ကျော် တိုက်ခတ်ပြီးရင် အင်အား လျော့သွားနိုင်ပေမယ့် ဘဟားမားစ် အလယ်ပိုင်းကို သောကြာနေ့လောက်မှာ ရောက်သွားနိုင်ပြီး ဟာရီကိန်း မုန်တိုင်းအဖြစ်တော့ ဆက်ရှိနေလိမ့်ဦးမယ်လို့ ခန့်မှန်း ထားကြပါတယ်။












