
ဖလော်ရီဒါကို မုန်တိုင်း ဦးတည် ချဉ်းကပ်လာနေ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းမှာ အပူပိုင်း မုန်တိုင်းတခု ချဉ်းကပ်လာနေတဲ့အတွက် အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်း ဆိုက်ရောက်လာချိန်ကျရင် ဟာရီကိန်း မုန်တိုင်းတခု အဖြစ် ပြောင်းလဲသွားမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက တွက်ဆထားပါတယ်။
လူထောင်ပေါင်းများစွာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ကြသလို Florida Keys ကျွန်းပေါ်မှာ ရှိတဲ့ အဆောက်အအုံတွေကို ပျဉ်ပြားတွေနဲ့ ကာရံထားခဲ့ကြပြီး ဖလော်ရီဒါ ကျွန်းမကြီးဆီ လူတွေ ဦးတည် တိမ်းရှောင်သွားနေကြတဲ့အတွက် လမ်းမတွေပေါ်မှာ ကားတွေနဲ့ ပြည့်နှက်နေပါတယ်။
Miamiနဲ့ Fort Lauderdale လေဆိပ်တွေမှာ လေယာဉ် ခရီးစဉ် ရာနဲ့ချီ ဆိုင်းငံ့ထားခဲ့ရပါတယ်။
အစောပိုင်းတုန်းက ကျူးဘားနိုင်ငံ အရှေ့ပိုင်းနဲ့ ဟေတီနိုင်ငံတို့ကို မုန်တိုင်း ဝင်မွှေသွားခဲ့ပြီး အနည်းဆုံး လူ၆ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။












