တရုတ်ထက် လူဦးရေများလာတဲ့ အိန္ဒိယက ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံ တခု ဖြစ်လာမလား

China and India are seen upside down on the public art sculpture The World Turned Upside Down by Turner Prize winner artist Mark Wallinger in 2022 in London

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, '၁၉ ရာစုအတွင်းမှာတော့ လူဦးရေ များလေလေ အင်အား ကြီးမားလေလေ လို့ သဘောထားကြပါတယ်'
    • ရေးသားသူ, ရီကာဒို ဆန်ရာ
    • ရာထူးတာဝန်, Global Population Correspondent

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ အိန္ဒိယရဲ့ လူဦးရေဟာ တရုတ်ကို ကျော်တက်သွားပြီး ကမ္ဘာမှာ လူအများဆုံးရှိရာ နိုင်ငံဖြစ်သွားပါပြီ။

အိန္ဒိယဟာ သူ့အိမ်နီးချင်းလိုပဲ ကမ္ဘာ့ မဟာအင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်လာမလား၊ တရုတ်ကို ကျော်တောင်တက် သွားမလား။

ဘေဂျင်းဟာ စီးပွားရေးအရွယ်အစားအရ၊ ပထဝီနိုင်ငံရေး လွှမ်းမိုးနိုင်မှုအရ၊ စစ်ရေး အင်အားအရ အိန္ဒိယထက် အေးအေးဆေးဆေး သာလွန်နေဆဲပါ။ ဒါပေမဲ့ အပြောင်း အလဲတွေ ဖြစ်နေပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂၀၀၁ ခုနှစ် စီးပွားရေး နိုဘဲလ်ဆုရှင် မိုက်ကယ် စပန့်စ်က အိန္ဒိယရဲ့ အချိန်ကာလ ‌ရောက်လာနေပြီလို့ ဆိုပါတယ်။

"အိန္ဒိယဟာ တရုတ်ကို အမီ လိုက်လာလိမ့်မယ်" လို့ စတန်းဖို့တ် တက္ကသိုလ် ပါမောက္ခချုပ်လည်းဖြစ်တဲ့သူက ဘီဘီစီကို ပြောပါတယ်"တရုတ် စီးပွားရေးက နှေးလာလိမ့်မယ်၊ အိန္ဒိယကတော့ အဲဒီလို ဖြစ်မှာ မဟုတ်ဘူး။"

ဒါပေမဲ့ စိန်ခေါ်မှုတွေက ရှေ့မှာ ရှိနေပါတယ်။

တရုတ်က ကမ္ဘာမှာ ဒုတိယစီးပွားရေး အကြီးမားဆုံးဖြစ်ပြီး အိန္ဒိယထက် ၅ ဆ ကြီး ပါတယ်၊ အိန္ဒိယက စီးပွားရေးမှာ ကမ္ဘာ့ နံပတ် ၅ အဆင့်မှာသာ ရှိပါတယ်။

နှိုင်းယှဉ်မှုအရ အလယ်အလတ်တန်းလွှာ နည်းပါးသေးတဲ့ အိန္ဒိယဟာ "တရုတ်ပုံစံ" စီးပွားရေး တရှိန်ထိုး ထောင်တက်လာဖို့ ပညာရေး၊ လူနေမှု အဆင့်အတန်း၊ ကျားမ တန်းတူ ရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စတဲ့ ကဏ္ဍတွေမှာ အကြီး အကျယ် ရင်းနှီးမြှုပ်နှံဖို့ လိုပါသေးတယ်။

ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံ အဆင့်ရောက်ဖို့ လူဦးရေနဲ့ စီးပွားရေးတွေတင် အင်အား တောင့်တင်းရတာ မဟုတ်ပါဘူး။ ပထဝီနိုင်ငံရေး လွှမ်းမိုးနိုင်မှု၊ စစ်အင်အား စတဲ့အပေါ်တွေမှာလည်း မှီတည်နေတာပါ၊ အိန္ဒိယက အဲဒီအပိုင်းတွေမှာ တရုတ် ထက် အများကြီး နောက် ကျ နေပါသေးတယ်။

ပါဝါအပျော့ကလည်း အဓိကကျတဲ့ အခန်း တခန်းကနေ ပါပါတယ်။ အိန္ဒိယရဲ့ ဘောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်‌‌ရေးက နက်ဖလစ်ဇ် (Netflix) မှာ လူကြိုက်များ စံချိန် တင်ထားသလို နိုင်ငံတကာမှာ နိုင်ငံရဲ့ ပုံရိပ်ကို အားကောင်းကောင်းနဲ့ မြှင့်တင်ပေးနေပါတယ်။

ဒါပေမဲ့ ချိုင်းနားဝုဒ် (Chinawood) လို့ ခေါ်ကြတဲ့ တရုတ် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်း ကလည်း ၂၀၂၀ မှာ လူကြည့်အများဆုံး ဖြစ်လာပြီး ဟောလီးဝုဒ်ကို ပထမဆုံး အကြိမ် ဖြတ်ကျော်တက်သွားခဲ့သလို ၂၀၂၁ မှာလည်း သာလွန် ခဲ့ပါတယ်။

အိန္ဒိယရဲ့ စီးပွားရေး အရှိန်အဟုန်

ဒီနေ့ခေတ် အိန္ဒိယမှာ နေ့စဉ် ကလေးပေါင်း ၈၆,၀၀၀ မွေးပြီး တရုတ်က ၄၉,၄၀၀ မွေးပါတယ်။

မွေးဖွားနှုန်း ကျဆင်းနေတာနဲ့ အတူ တရုတ် လူဦးရေက ကျုံ့လာနေပြီး ဒီရာစုနှစ် အကုန်ကျရင် တရုတ်လူဦးရေက သန်း ၁,၀၀၀ အောက်ကို ပြန်ဆင်းသွားမယ့်ပုံ တွေ့ရပါတယ်။

အိန္ဒိယ လူဦးရေက ၂၀၆၄ ခုနှစ် အထိ ဆက်လက်တိုးပွားနေဦးမှာဖြစ်ပြီး ဒီနေ့ လူဦးရေ ၁.၄ ဘီလျံကနေ အဲဒီကာလကျရင် ၁.၇ ဘီလျံအထိ ဖြစ်လာမှာလို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒီလို အလုပ်လုပ်နိုင်တဲ့ အရွယ်ရှိတဲ့ လူဦးရေ တိုးပွားလာတဲ့အတွက် အိန္ဒိယဟာ စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်မှု (demographic dividend) ရလိမ့်မယ်လို့ တွက်ဆနေကြပါတယ်။

"အိန္ဒိယမှာ ၁၉၉၀ နှစ်တွေကလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးအမြတ်ကို အခု ခံစားနေရပြီ။ နိုင်ငံမှာ အလုပ်လုပ်နိုင်သူတွေကို ပညာသင်ပေးတာ၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးတာ၊ အတတ်ပညာပိုင်း တပ်ဆင်ပေးတာတွေ လုပ်ပေးလိုက် ရင် စီးပွားရေး အတွက် တကယ့်ကို အကျိုးဖြစ်မှာပါ" လို့ နယူးရော့ခ်က India China Institute ရဲ့ ဒါရိုက်တာ ပါမောက္ခ မတ်ခ် ဖရေဇီယာက ရှင်းပြပါတယ်။

အက်ပဲလ် (Apple) လို၊ ဖောက်စ်ကွန်း (Foxconn) လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးဖို့ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ဆွဲဆောင်နိုင်ခဲ့ပေမဲ့ အိန္ဒိယရဲ့ ဗျူရိုကရေစီ များမြောင်ရှုပ်ထွေးမှုနဲ့ ပေါ်လစီတွေ ခဏခဏ ပြောင်းတာကြောင့် ဖြစ်ပေါ် လာတဲ့ မတည်ငြိမ်မှုတွေကြောင့် တချို့ နိုင်ငံတကာ ကုမ္ပဏီတွေက အိန္ဒိယမှာ ရင်းနှီးလုပ်ကိုင်ရမှာကို စိုးရွံ့ပါတယ်။

"၁၉ ရာစုအတွင်းမှာတော့ လူဦးရေ များလေလေ အင်အား ကြီးမားလေလေ လို့ သဘောထားကြပါတယ်" လို့ ပါမောက္ခ ဖရေဇီယာက ဆိုရင်း တခြား အခြေခံ အကြောင်းတွေ အများကြီး ရှိပါသေးတယ်လို့ ပြောပါတယ်။"

ဒီနေ့ကာလမှာ အိန္ဒိယရဲ့ အလုပ်လုပ်နိုင်တဲ့ အရွယ် (၁၄နှစ် ကနေ ၆၄ နှစ်ကြား) ရှိတဲ့ လူတွေထဲက တဝက်လောက်သာ အလုပ်လုပ် နေတာ (ဒါမှမဟုတ်) အလုပ်ရှာနေကြ တာလို့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

အမျိုးသမီး လုပ်သားအင်အားက (အလုပ်လုပ်နိုင်တဲ့ အရွယ်) အမျိုးသမီးအားလုံးရဲ့ ၂၅% သာ ရှိပြီး တရုတ်မှာ ၆၀%၊ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ၅၂% ရှိကြပါတယ်။

၁၉၈၀ နှစ်တွေ၊ ၁၉၉၀ နှစ်တွေ မှာ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေက တရုတ်ရဲ့ စီးပွားရေးကို တခြား ဘယ်နိုင်ငံနဲ့မှ မတူအောင် ထောင်တက်စေခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ် အရေး၊ အသက်ကြီးလာတဲ့ လူဦးရေတိုးပွားလာမှု၊ အနောက်နဲ့ တင်းမာတာတွေ တိုးလာမှု စတာတွေက နိုင်ငံရဲ့ ကြီးပွားတိုးတက်မှုကို ထိခိုက် ပါတယ်။

အိန္ဒိယရဲ့ ဂျီဒီပီ (GDP) က တရုတ်ထက် ခပ်မြန်မြန် တိုးများလာနေပြီး ဒါက ရှေ့မှာ လည်း ဒီအတိုင်း ဆက်ဖြစ်နေမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မှန်းဆထားပါတယ်။

ဒါပေမဲ့ တရုတ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးလာတာကြောင့် သူ့ရဲ့ အ‌‌ရေးပါမှုက ကျဆင်း သွားမှာလား။

"၂၀၃၀ မတိုင်မီ တရုတ်က ၄% ဒါမှမဟုတ် ၅% စီးပွားရေး ဖွံ့ဖြိုးနေမယ်ဆိုရင် ဒါက တကယ့်ကို အောင်မြင်မှုပါ။ ၈% - ၉% တိုးတက်နေတဲ့ နိုင်ငံတခုမို့ အဲဒီလောက် ရှိသွား ရင်ကိုပဲ ဒါက ဆိုးတဲ့ စီးပွားရေးနှေးကွေးမှုလို့ လူတွေက ထင်ကြပါလိမ့်မယ်၊ တကယ်က အဲဒီလို တွေးတာ မမှန်ပါဘူး" လို့ ပါမောက္ခ စပန့်စ်က ရှင်းပြပါတယ်။

"တရုတ်က အခုအချိန်မှာ အမေရိကန်နဲ့ ပိုတူလာပါပြီ၊ အမေရိကန်မှာ ၈ - ၉ - ၁၀% နှုန်းနဲ့ တက်တာမျိုး မရှိပါဘူး။ တရုတ်က ထုတ်လုပ်မှုကနေတဲ့ တိုးတက်မှုနှုန်းကို ပို ရလာ ဖို့ ရှိနိုင်ပါတယ်၊ သူတို့က ပညာရေး၊ သိပ္ပံနဲ့ နည်းပညာပိုင်းတွေမှာ အကြီးအမား ရင်းနှီးမြှုပ်နှံထားတဲ့ အတွက် အဲဒီလို ရလာမှာပါ။"

တရုတ် စစ်အင်အား ချဲ့ထွင်မှု

တရုတ်ရော အိန္ဒိယပါ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြတာကြောင့် ကမ္ဘာ့ စစ်တုရင်ခုံမှာ ဗျူဟာမြောက်နေရာတွေကို ရထားပါတယ်။

ဘေဂျင်းပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက် အရေအတွက်က နယူးဒေလီထက် ၂.၅ ဆ ရှိတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ချုပ် (Federation of American Scientists) က ခန့်မှန်းပါတယ်။

Illustration shows nuclear warheads by country

စစ်တပ်ချင်းယှဉ်ရင် တရုတ် လက်နက်ကိုင် တပ်ဖွဲ့အင်အားက ၆၀၀,၀၀၀ နီးပါး ပိုများပြီး ကာကွယ်ရေးဘက်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပါတယ်။

"အိန္ဒိယက ရုရှားကို သိပ်ကို မှီခိုထားပြီး နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာတွေကို ဝယ်တယ်၊ တရုတ်ကတော့ သုတေ သနပိုင်းကို အားဖြည့်လုပ်ပြီး စစ်ရေး အခြေခံအဆောက်အအုံတွေကို ပြည်တွင်းမှာရှိတဲ့ အားနဲ့ပဲ တိုးတက်အောင် လုပ်တာ"လို့ ပါမောက္ခ ဖရေဇီယာက ပြောပါတယ်။

တရုတ်က ကာကွယ်ရေးပိုင်းမှာ အိန္ဒိယထက် မြင်သာတဲ့ သာလွန်မှုတွေကို တွေ့ရ ပေမယ့် အိန္ဒိယ ကတော့ ကမ္ဘာမှာ စစ်ရေးပိုင်း အားအကောင်းဆုံးတွေဖြစ်တဲ့ ဥရောပနဲ့ အမေရိကန်တို့ကို တရုတ်တို့ထက် ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်ပါတယ်။

"အမေရိကန်အစိုးရက တရုတ်ဝန်းကျင်မှာ လုံခြုံရေးဇုန်တခု တည်ဆောက်နေပြီး အဲဒီမှာ အရှေ့အာရှ၊ တောင်အာရှ တွေပါသလို၊ ပင်လယ်နဲ့ဆိုရင်လည်း ပစိဖိတ် သမုဒ္ဒရာတင် မကပါဘူး၊ အိန္ဒိယ သမုဒ္ဒရာလည်း ပါဝင်တာဆိုတော့ အိန္ဒိယက အင်ဒို - ပစိဖိတ် ဒေသမှာ အရေးပါတဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တခု ဖြစ်သွားနိုင် ပါတယ်" လို့ ပါမောက္ခ ဖရေဇီယာက ထပ်ဖြည့် ပြောပါတယ်။

Illustration compares India and China's defence systems

ပထဝီနိုင်ငံရေး ရွေးချယ်စရာများ

ဒီနှစ်မှာ အိန္ဒိယက ဂျီ ၂၀ ထိပ်သီးညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို အသုံးချပြီး ကမ္ဘာ့ ဓနရဲ့ ၈၅%ကို ပိုင်ဆိုင်ထားတဲ့ အဲဒီနိုင်ငံတွေ နဲ့ အတူ တစားပွဲတည်းထိုင်၊ ဆွေးနွေးမှုပေါင်းများစွာနဲ့ တဆင့် သူ့ကိုယ်သူ မြှင့်တင် နိုင်လိမ့်မယ် လို့ မြင်ထားပါတယ်။

ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံတွေနဲ့ ဘေဂျင်းရဲ့ ဆက်ဆံရေးကတော့ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်တဲ့ ကာလ ကတည်း ကစလို့ တိုးတိုးပြီး ထိခိုက် နေပေမဲ့လည်း တရုတ်ဟာ ရုရှားနဲ့ တောင်အာဖရိကနိုင်ငံကနေ ဆော်ဒီအာရေဗျ နဲ့ ဥရောပ သမဂ္ဂအထိ ကျယ်ပြန့်တဲ့ နိုင်ငံပေါင်း ၁၂၀ ကျော်နဲ့ အဓိက စီးပွားရေး မိတ်ဖက်နိုင်ငံ ဖြစ်နေတာပါ။

တရုတ်ဟာ ဒေါ်လာ ထရီလျံပေါင်းများစွာ ရင်းနှီးထားတဲ့ ရပ်ဝန်းတခု၊ လမ်းတကြောင်း (Belt and Road initiative) အခြေခံ အဆောက်အဦစီမံကိန်းကြီးနဲ့ နိုင်ငံရပ်ခြားမှာ သူ့ရဲ့ သြဇာအရှိန်အစော်ကို တိုးမြှင့်နေတာပါ။

အိန္ဒိယကို အနောက်က သူတို့ရဲ့ ပထဝီနိုင်ငံရေး အဓိက မိတ်ဖက်လို့ မြင်ထားတဲ့ အချိန်မှာ ဘေဂျင်းက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ထိုင်ခုံ ၅ ခုံမှာ တခုံကို ရထား ပါပြီ၊ သဘောကတော့ လုံခြုံရေးကောင်စီက အဓိက ကမ္ဘာ့ရေးရာတွေကို ဆုံးဖြတ်ချက်ချရင် ဗီတို အာဏာနဲ့ သူက ထိန်းကျောင်းနိုင်ပါတယ်။

India's PM Narendra Modi and China's leader Xi Jinping

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (ဝဲဘက်) နဲ့ တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင် (ယာ) တို့ဟာ မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ

အိန္ဒိယနဲ့ တခြားစီးပွားရေး အင်အားကောင်းလာတဲ့နိုင်ငံတွေက ဒီလိုအခြေအနေကို ‌ပြောင်းလဲဖို့ ဆယ်စုနှစ်ပေါင်း များစွာ ကြိုးပမ်းလာပေမဲ့ အခုထိ မအောင်မြင်သေး ပါဘူး။

"၁၉၄၅ မှာ ပြီးဆုံးသွားတဲ့ ပဋိပက္ခမှာ အောင်ပွဲခံသူတွေက အခုအချိန်အထိ ကမ္ဘာကြီးရဲ့ လုံခြုံရေး ဖွဲ့စည်းပုံ စနစ် (global security order) ကို စီမံနေတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်တို့ မြင်ကြပေမဲ့ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်တွေကို အပြောင်းအလဲလုပ်ဖို့ရာမှာတော့ ကျွန်တော် ထောက်ခံမှာ မဟုတ် ပါဘူး" လို့ ပါမောက္ခ ဖရေဇီယာက ဆိုပါတယ်။

ပါမောက္ခ မိုက်ကယ် စပန့်စ်ကတော့ အခုလို မြင်ပါတယ်။

"စီးပွားရေးအရွယ်အစားနဲ့ လွှမ်းမိုးနိုင်မှုတွေကို မူတည်ပြီးကြည့်ကြရင် မဲကိုင်ထားတဲ့ ပါဝါက သိပ်ဆီလျော်တော့မှာ မဟုတ်ပါဘူး၊ ဒီတော့ တချိန်ချိန်ကျရင် ကမ္ဘာက ဒီ အင်စတီကျူးရှင်းတွေကို ပြုပြင်ပြောင်းလဲလာမှာပါ၊ ဒါမှ မဟုတ်ရင် အရေးပါမှုကို သူတို့ စပြီး လျှော့ချ လာမှာပါ၊ ဘာလို့လဲ ဆိုတော့ တခြားရွေးချယ်စရာတွေကို သူတို့ ဖန်တီးတည်ဆောက် ကြမှာမို့လို့ပါ။"

လောလောဆယ်မှာ အဓိက အစားထိုးရွေးချယ်စရာက ဘရစ်စ် (Brics) ပါ၊ သူက ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင် အာဖရိကတို့ပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပြီး ကမ္ဘာ့မြောက်ခြမ်းက စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး လွှမ်းမိုးမှုတွေကို ထိန်းညှိတုံ့ပြန်ဖို့ ကြိုးစားနေပါတယ်။

ပါဝါ အပျော့

Full cinema room in China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချိုင်းနား ဝုဒ်က ၂၀၂၀ နဲ့ ၂၀၂၁ နှစ်နှစ် ဆက်တိုက် အမေရိကန် ရုပ်ရှင် စျေးကွက်ထက် ပို အောင်မြင်ခဲ့

အရင် ရာစုနှစ်တုန်းက ဟောလီးဝုဒ်ဟာ ရုပ်ရှင်တွေက တဆင့် အမေရိကန်ရဲ့ တန်ဖိုး တွေနဲ့ လွှမ်းမိုးမှုတွေကို ကမ္ဘာကို တင်ပို့ဖို့အတွက် သိပ်ကို စွမ်းအားကောင်းတဲ့ ကရိယာ တန်ဆာပလာ ဖြစ်ခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယဟာလည်း အဲဒီ ဗျူဟာနောက်ကို အောင်အောင်မြင်မြင် လိုက်ထား ပါပြီ။

၂၀၀၇က စလို့ ပြန်ကြည့်ရင် တရုတ်မှာ ရုပ်ရှင်ထုတ်လုပ်မှုက အဆ ၂၀ တက်လာခဲ့ပြီး ရုပ်ရှင် ၈၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပါတယ် ( နှိုင်းယှဉ်ကြည့်ရင် အမေရိကန်မှာ ၄၁,၀၀၀ နဲ့ အိန္ဒိယက ၉,၃၀၀ ပါ)။

"ကိုဗစ်ကပ် မတိုင်မီကာလတုန်းက ချိုင်းနားဝုဒ်ဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး ဟောလီးဝုဒ်က ရုပ်ရှင် စတူဒီယိုတွေကို ဝယ်တာ၊ ဟောလီးဝုဒ်နဲ့ ရုပ်ရှင် ဖက်စပ် ထုတ်တာတွေနဲ့ အတူ ရုပ်ရှင်နဲ့ ကမ္ဘာကို သြဇာလွှမ်းဖို့ ချဲ့ထွင်ခဲ့တယ်" လို့ ကယ်လီဖိုး နီးယား တက္ကသိုလ်ရဲ့ Media and Cultural Studies ဌာနက တရုတ် ပါမောက္ခ ဝင်ဒီ စုက ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၀ နဲ့ ၂၀၂၁ နှစ်နှစ် ဆက်တိုက် အမေရိကန် ရုပ်ရှင် စျေးကွက်ထက် ပို အောင်မြင်ခဲ့ပေမယ့် တရုတ် ရုပ်ရှင်စျေးကွက်ဟာ ၂၀၂၂ မှာ ကိုဗစ်ကြောင့် ရုပ်ရှင်ရုံ တွေ ပိတ်ရတာကြောင့် ၃၆% ကျဆင်းသွားပါတယ်။

တချိန်တည်းမှာပဲ ဘောလီးဝုဒ်ဟာ အာရှရဲ့ ‌ဟောလီးဝုဒ်လို့ အများက သိထားကြ ပေမယ့် ချိုင်းနားဝုဒ် ကတော့ လူသိ သိပ်မများ လှပါဘူး။

Images of Bollywood actor Amitabh Bachchan on sunglasses

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘောလီးဝုဒ်က ကမ္ဘာတလွှားမှာ ကျော်ကြားတဲ့ အိန္ဒိယ ရုပ်ရှင်ဖြစ်နေပါပြီ

"ကမ္ဘာမှာ ဘောလီးဝုဒ်ရဲ့ လွှမ်းမိုးမှုက ပိုကျယ်ပြန့်ပြီး ပိုခိုင်မာပါတယ်" လို့ ပါမောက္ခ စုက ပြောပါတယ်။

"တရုတ်ထဲမှာတောင် ဘောလီးဝုဒ် ရုပ်ရှင်ကားတွေကြည့်တဲ့ တရုတ် ပရိဿတ် အများအပြားရှိပါတယ်။ ဒန်ဂယ် ( နပန်း သမား မဟာဗာ ဆင်း ဖိုးဂတ်ရဲ့ အကြောင်း ရိုက်ထားတဲ့ ၂၀၁၆ ထုတ် ဘောလီးဝုဒ် ရုပ်ရှင်) ဆိုရင် ဟောလီးဝုဒ်ကား တွေထက် သိပ်ကို ထင်ပေါ်ခဲ့ပြီး တရုတ်မှာ လူကြိုက် အများဆုံး ရုပ်ရှင်အဖြစ် ၁၆ ရက် ဆက် တိုက်ရှိခဲ့တာပါ။ ရက်ပေါင်း ၆၀ ရုံတင်ပြခဲ့ရပြီး ကမ္ဘာ့ရုပ်ရှင် သမိုင်းမှာ အကြာ ဆုံး ပြခဲ့ရတဲ့ ကားတခု ဖြစ်ခဲ့ပါတယ်။"