ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
COP 27-Greenwashing ဆိုတာ ဘာလဲ၊ ဘယ်လို သိနိုင်မလဲ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဂရီတာ သွန်းဘာ့ဂ်က နိုဝင်ဘာလ ၆ ရက်ကနေ ၁၈ ရက်နေ့အထိ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် COP 27 ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲလာမှု ထိပ်သီးညီလာခံကို သူတက်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောလိုက်ပါတယ်။
သူအခုလို ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ဒီညီလာခံဟာ "သြဇာအရှိန်အဝါ ကြီးတဲ့သူတွေက Greenwashing လို့ခေါ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြပြီး စျေးကွက်ရှာ၊ လိမ်ညာ လှည့်ဖျား အခွင့်အရေးယူမယ့်" အခမ်းအနားမျိုး ဖြစ်တာကြောင့် ဖြစ်တယ်လို့ အသက် ၁၉ နှစ်အရွယ် ဂရီတာ သွန်းဘာ့ဂ်က လန်ဒန်မြို့ မှာ လုပ်တဲ့ သူ့ရဲ့ နောက်ဆုံးထုတ် စာအုပ်ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ အရင် COP ထိပ်သီးညီလာခံတုန်းက ဒီလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြပြီး စျေးကွက်ရှာ၊ လိမ်ညာအသုံးချတာမျိုးတွေ အတော်များများရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြ စျေးကွက်ရှာတယ်ဆိုတာ ဘယ်လိုမျိုးပါလဲ။ ဒါကို ဘယ်လို တွေ့နိုင်မှာပါလဲ။
အားလုံးက လိမ်ညာလှည့်ဖျားမှုတွေချည်းပါ
ရိုးရိုး သာမန်စကားနဲ့ပြောရရင် Greenwashing ဆိုတာက အစိုးရ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဘယ်လို အကျိုးသက်ရောက်ပါတယ်ဆိုပြီး မဟုတ်မမှန် လှည့်ဖျား ဖော်ပြတာမျိုးကို ဆိုချင်တာပါ။
လူတွေက သူတို့ စားသုံး၊ သုံးစွဲနေတဲ့ ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် ဘယ်လောက်ထိခိုက်သလဲ၊ ကျင့်ဝတ် ဘယ်လောက်ညီသလဲ ဆိုတာအပေါ် ပိုပို အလေးထား ဂရုစိုက် လာနေကြတာနဲ့အမျှ စီးပွားရေးကုမ္ပဏီတွေကလည်း သူတို့ပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူးဆိုတာကို အာမခံ ပြနိုင်ဖို့ ပိုပိုအားထုတ်လာကြပါတယ်။
အရင်တုန်းက စီးပွားရေးလုပ်ငန်းတစ်ချို့ဟာ သူတို့ရဲ့ ပစ္စည်းတွေ ကြော်ငြာတဲ့အခါ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းနဲ့ ပတ်သက်လို့ လိမ်ညာ ကြော်ငြာတာမျိုးတွေ ရှိခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။
"အခုခေတ်မှာတော့ စည်းမျဉ်းဥပဒေတွေ အများကြီး ပိုချမှတ် ပြဌာန်းလာတာမို့ ကုမ္ပဏီတွေအနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းဆိုင်ရာ အထောက်အထားတွေကို လိမ်ညာဖော်ပြဖို့ ပိုအခက်တွေ့လာတယ်"လို့ Greenwashing အကြောင်း လေ့လာသုတေသန ပြုနေတဲ့ ကိုပန်ဟေဂန် စီးပွားရေးတက္ကသိုလ်က ပါမောက္ခ အန်ဒရီယာစစ် ရက်ရှ် က ဘီဘီစီကို ပြောပါတယ်။
"ဒီလိုလိမ်ညာဖော်ပြပုံ ပြနည်းတွေကလည်း ပြောင်းလဲလာပါတယ်။ ဥပမာအားဖြင့် ၁၉၉၀ ပြည့်လွန် နှစ်ပိုင်းတွေ တုန်းကဆိုရင် ပြောင်ပြောင်တင်းတင်းကို လိမ်ညာဖော်ပြခဲ့ကြပါတယ်။ အခုတော့ မသိမသာ လိမ်ညာဖော်ပြနိုင်မယ့် နည်းမျိုးတွေကို ရှာလာကြတယ်။"လို့ ပါမောက္ခ ရက်ရှ်က ဆိုပါတယ်။
မျက်နှာသုတ်ပုဝါ ကိစ္စ
Greenwashing ဆိုတဲ့ အသုံးအနှုန်းကို ၁၉၈၆ ခုနှစ်မှာ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ ဂျေ ဝက်စတာဗဲလ်ဒ်က သူ့ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပထမဆုံး ထွင်ပြီး ဖော်ပြခဲ့တာပါ။ ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးအောင်လုပ်တဲ့အနေနဲ့ ဆိုပြီး ဟိုတယ်တွေက တည်းခိုသူတွေကို မျက်နှာသုတ်ပုဝါတွေ မလျှော်ဘဲ ပြန်သုံးခိုင်းတဲ့အကြောင်းကို အဲဒီဆောင်းပါးထဲမှာ သူက ဝေဖန်ရေးထားတာပါ။
ဒီလိုလုပ်တာဟာ ပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့ပါးစေဖို့ထက် လျှော်ဖွတ်ရတဲ့ စရိတ် သက်သာဖို့ ဟိုတယ်ကုမ္ပဏီတွေက လုပ်ခဲ့ကြတာလို့ မစ္စတာ ဝက်စတာဗဲလ်ဒ်က သူ့ဆောင်းပါးမှာ ဝေဖန် ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးဂရုထားသူတွေ သဘောကျ နှစ်သက်လာစေအောင် လုပ်တဲ့ ဝန်ဆောင်မှု ဥပမာတစ်ခုသာ ရှိပါသေးတယ်။
တခြား ဥပမာတွေကို ပြောရမယ်ဆိုရင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချတယ်ဆိုတဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ သဘာဝနည်းနဲ့ ဒါမှမဟုတ် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မဖြစ်စေတဲ့ နည်းနဲ့ ထုတ်လုပ်ထားတယ်ဆိုတဲ့ အစားအသောက်တွေကို အထောက်အထားမပြနိုင်ဘဲ လှည့်ဖျား ရောင်းချ နေတာမျိုးတွေလည်း ရှိနေပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဒီလိုအမျိုးအစား ပါဝင်ပစ္စည်း တချို့လောက်ပဲ ပါတာဖြစ်ပါတယ်။
ဒီလို လိမ်ညာဖော်ပြတာမျိုးတွေက နေရာအနှံ့ ရှိနိုင်ပြီး ဖော်ထုတ်သက်သေပြနိုင်ဖို့ ခက်ခဲလှပါတယ်။ စားသုံးသူတွေကို အကာအကွယ်ပေးတဲ့ ကမ္ဘာ့ကွန်ရက်တစ်ခုဖြစ်တဲ့ International Consumer Protection and Enforcement Network က ၂၀၂၁ ခုနှစ်တုန်းက ကုမ္ပဏီပေါင်း ၅၀၀ ရဲ့ ဝက်ဆိုက်တွေကို လေ့လာသုံးသပ်ခဲ့ရာမှာ အဲဒီထဲက ၄၀ ရာခိုင်နှုန်းဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ လိမ်ညာလှည့်ဖျား ဖော်ပြထားတာကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ကုမ္ပဏီတစ်ခုရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အထောက်အထားတွေကို စစ်ဆေးဖို့ နည်းလမ်းတွေတော့ ရှိပါတယ်။
ကနဦးစလုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုက Carbon Trust၊ Fairtrade Foundation နဲ့ B Corp movement တို့လို အဖွဲ့ကြီးတွေက ထုတ်ပြန်တဲ့ တရားဝင် ထောက်ခံချက်မျိုးတွေ ရှိသလားဆိုတာကို ကြည့်ဖို့ပါ။
စားသုံးသူတွေအနေနဲ့ ထုတ်လုပ်သူကုမ္ပဏီတွေ ပြောတာတွေ ဟုတ်မဟုတ် ဆိုတာကို တရားဝင် အရင်းအမြစ် သတင်းအချက်အလက်တွေ ရှာကြည့်သင့်တယ်လို့ Which အဖွဲ့ရဲ့ စားသုံးသူ ကာကွယ်ရေးမူဝါဒ အကြီးအကဲ ဆူး ဒေးဗီးစ်က ဘီဘီစီကို ပြောပါတယ်။
"တစ်နေရာတည်း ကွက်ကွက်ကလေးမကြည့်ဘဲ အားလုံးကို ခြုံကြည့်ပါ။ ဥပမာ တစ်ခါသုံး ပလတ်စတစ် ရေပုလင်းလေး တစ်ခုအကြောင်းပြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပြောနေတာလား ဆိုတာကို အသေအချာ ဆန်းစစ်သင့်ပါတယ်။"
နောက်တစ်ဆင့်ကတော့ ကုမ္ပဏီတစ်ခုလုံးအနေနဲ့ သုံးသပ်ဖို့ပါ။ ဥပမာအားဖြင့် ဖက်ရှင်ကုမ္ပဏီတွေက တာရှည်ခံတဲ့ ချည်ထည်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်တွေကို ကြော်ငြာ ရောင်းချတာမျိုး လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ တခြားအဝတ်တွေက ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာလား ဆိုတာကို လေ့လာပါ။
ပွင့်လင်းမြင်သာမှု မရှိတာဟာ အဲဒီကုမ္ပဏီတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုမျိုး မရှိဘူးဆိုတာကို ညွှန်ပြနေတဲ့ အဓိကအချက် ဖြစ်တယ်လို့ မစ်စ် ဒေးဗီးစ်က ပြောပါတယ်။
"တကယ်လို့ ထုတ်ကုန်ပစ္စည်းတစ်ခုခု၊ ကုမ္ပဏီ အမှတ်တံဆိပ်တစ်ခုခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ သတင်းအချက်အလက်တွေ ရှာကြည့်ဖို့ ခက်နေတယ် ဆိုရင်တော့ ဒါဟာ သတိထားစရာ လက္ခဏာတစ်ခုအဖြစ် ယူဆနိုင်ပါတယ်"
"တစ်ခုခု ဖုံးကွယ်ထားတဲ့ ဒါမှမဟုတ် ကောင်းကောင်း မရှင်းပြနိုင်တဲ့ ကုမ္ပဏီတွေဟာ သူတို့ထုတ်ကုန် ပစ္စည်းတွေနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အထောက်အထားတွေကို သုံးစွဲသူတွေ စစ်ဆေးကြည့်လို့ မရအောင် လုပ်လေ့ ရှိကြပါတယ်" လို့ သူက ပြောပါတယ်။
နည်းပညာပိုင်းက ရတဲ့ အကူအညီအနည်းငယ်
သတင်းအချက်အလက်တွေ ပိုရနိုင်ရေးမှာ နည်းပညာပိုင်းက တဖက်တလမ်းကနေ အကူအညီ ပေးနေပါတယ်။ စမာ့တ်ဖုန်း အသုံးပြုသူတွေအနေနဲ့ ကုမ္ပဏီတစ်ခုရဲ့ တိရစ္ဆာန်အရေး ကစလို့ လုပ်ငန်းခွင် ကျင့်ဝတ် အသုံးပြုမှုအထိ ကိစ္စရပ်အလိုက် ဘယ်လောက်အထိ ကတိပြု လိုက်နာဆောင်ရွက်နေသလဲ ဆိုတာကို စစ်ဆေးကြည့်နိုင်မယ့် "အမှတ်တံဆိပ် ပွင့်လင်းမြင်သာမှု" Apps အက်ပ်တွေကို အားကိုးလို့ ရပါတယ်။
"စားသုံးသူတွေ သူတို့ စားသုံး၊ သုံးစွဲနေတဲ့ အစားအသောက်၊ ပစ္စည်းတွေက ကမ္ဘာကြီး တာရှည်တည်တံ့စေမှု အပေါ် ဘယ်လောက်ရိုက်ခတ်နိုင်သလဲဆိုတဲ့ သတင်းအချက်အလက်တွေ လွယ်လွယ်ကူကူ ရနိုင်အောင် အက်ပ်တွေက လုပ်ပေးပါတယ်။ ဒါဟာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပတ်သက်လို့ လိမ်ညာလှည့်ဖျားဖို့ ကြိုးစားနေတဲ့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေအတွက်တော့ သတင်းဆိုးဖြစ်ပါတယ်" လို့ ပါမောက္ခ ရက်ရှ် က ပြောပါတယ်။
"လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေက ပိုပိုကြီးမားလာနေတာမို့ စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ လူတွေ တိုင်းတာစစ်ဆေးမှု မလုပ်နိုင်တာမျိုးကို လုပ်နိုင်ပါတယ်ဆိုတဲ့ ကတိအကြီးကြီးတွေ မပေးသင့်ပါဘူး"
လူတွေ အသိပညာ တိုးလာနေတာတဲ့အတွက် အစိုးရတွေအနေနဲ့လည်း အများရဲ့ မျက်ခြေမပြတ် စောင့်ကြည့်ခံလာရပါတယ်။
"ဂရီတာ သွန်းဘာ့ဂ် ဘာ့ကြောင့် ဒီလိုပြောတာလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ တကယ်တမ်း မလုပ်နိုင်တဲ့ ကတိကဝတ်တွေကို နိုင်ငံ့အစိုးရတွေက ပေးနေကြတာကို သူရည်ညွှန်းပြောနေတာပါ။"
"ပြောရရင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အကြောင်းပြပြီး လိမ်ညာလှည့်ဖျားနေတာ ဆိုတဲ့ Greenwashing ဟာ အပြောနဲ့ လက်တွေ့ မညီဘူး ဆိုတဲ့ သဘောပါ။ ဒါဟာ စီးပွားရေးလောကမှာတင်မက တခြားနယ်ပယ်တွေမှာပါ ဖြစ်နေတာပါ" လို့ ပါမောက္ခ ရက်ရှ်က ပြောပါတယ်။