ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မျက်နှာထားတည်ပေမဲ့ ဟာသဉာဏ်လည်းရှိကြောင်း လှစ်ဟပြခဲ့ဖူးတဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး
ကွယ်လွန်သူ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ အများရှေ့ထွက်ရာမှာ တိတိကျကျ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တွေနဲ့အတူ လုပ်ဆောင်လေ့ရှိပြီး မျက်နှာထားလည်း တည်တည်ထားလေ့ ရှိပေမယ့် သူ့မှာလည်း ဟာသဉာဏ်ရှိကြောင်း လှစ်ဟပြခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။
အခုလို ဘုရင်မကြီးက ဟာသဉာဏ်ရှိကြောင်း ပြနေတဲ့ အခိုက်အတန့် ၆ ခု ရှိခဲ့တာကို တွေ့ရပြီး အဲဒီအထဲမှာ ပက်ဒင်တန် ဝက်ဝံ ရုပ်ရှင်ဇာတ်ကောင်နဲ့ သရုပ်ဆောင်မှုကအစ သြစတြေးလျ ဟော်ကီ ကစားသမားတွေ ဓာတ်ပုံရိုက်တဲ့ နောက်ခံမှာ ပါဝင်လာတာ အဆုံး စုံလင်လှပါတယ်။
ပက်ဒင်တန် ဝက်ဝံ နဲ့ အတူတွဲတွေ့ခဲ့ရတဲ့ ဘုရင်မကြီး
ပြီးခဲ့တဲ့ ဇွန်လက ဘုရင်မကြီးရဲ့ နန်းသက် ၇၀ ပြည့် ပလက်တီနမ် ဂျူဘလီ အောင်ပွဲခံမှုရဲ့ တစိတ်တပိုင်းတရပ်အနေနဲ့ သူဟာ ပက်ဒင်တန် ဝက်ဝံ ရုပ်ရှင်ထဲက ဝက်ဝံဇာတ်ကောင်နဲ့အတူ လက်ဖက်ရည်သောက်တဲ့အခန်းမှာ ပါဝင်သရုပ်ဆောင် ပြခဲ့ပါတယ်။
အခုလို တခန်းရပ် သရုပ်ဆောင်ပြမှုမှာ ပက်ဒင်တန် ဝက်ဝံလေးက သူဟာ အရေးပေါ်လာရင် စားဖို့ လိမ္မော်ယိုသုတ် ပေါင်မုန့်ဆောင်ထားတယ်ဆိုပြီး ဘုရင်မကြီးကို သူ့ဦးထုတ်နီလေးထဲကနေ စတင် ထုတ်ကျွေးခဲ့ပါတယ်။
အဲဒီ အချိန်မှာ ဘုရင်မကြီးကလည်း အားကျမခံ သူလည်း အဲလိုပဲ ဆောင်ထားတာပဲ ဆိုပြီး သူအမြဲတမ်း ကိုင်ဆောင်လေ့ရှိတဲ့ လက်ကိုင်အိတ် အမည်းထဲကနေ လိမ္မော်ယိုသုတ် ပေါင်မုန့်ကို ထုတ်ပြခဲ့လို့ အများပြုံးစရာ ဖြစ်ခဲ့ပါတယ်။
ဂျိမ်းစ်ဘွန်းနဲ့အတူ သရုပ်ဆောင်ပြခဲ့တဲ့ ဘုရင်မကြီး
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားရဲ့ တစိတ်တပိုင်းတရပ် အနေနဲ့ ဘုရင်မကြီးဟာ ဗြိတိသျှ အမှတ်သညာတခုဖြစ်တဲ့ ဂျိမ်းစ်ဘွန်းနဲ့အတူ အများမထင်ထားပဲ အံ့အားသင့်စရာ ပါဝင် သရုပ်ဆောင်ပြခဲ့ ပါသေးတယ်။
ရုပ်ရှင်ဒါရိုက်တာ ဒန်နီဘွိုင်းရဲ့ တခန်းရပ် ဇာတ်ညွှန်းရေးသားမှုနဲ့ အခုလို ရိုက်ကူးခန်းမှာ ဘုရင်မကြီးကို ဝ၀၇ ဂျိမ်းစ်ဘွန်းက ဘက်ကင်ဟမ်နန်းတော်မှာ လာတွေ့အပြီး ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပုံကို စပြခဲ့ပါတယ်။
ပြီးတဲ့အခါမှာတော့ ဘုရင်မကြီးဟာ အများမထင်မှတ်ထားပဲ ရဟတ်ယာဉ်ပေါ်ကနေ အိုလံပစ် အားကစားကွင်းကို လေထီးနဲ့ ခုန်ချပြလိုက်သလို ထင်ရတဲ့အတွက် လူအများ အံ့သြရယ်မောစရာ ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာရဖူးသူ စစ်သားစစ်သူများ အားကစားပြိုင်ပွဲ Invictus Games လူသိများအောင် ပြောဆိုပေးမှု
၂၀၁၆ ခုနှစ်မှာလည်း ဘုရင်မကြီးပါဝင်တဲ့ ရုပ်သံဗီဒီယို အတိုလေးတခုက လူသိများ ကျော်ကြားခဲ့ပြန်ပါတယ်။
ကမ္ဘာတလွှား နိုင်ငံအချို့က အငြိမ်းစား ဒါမှမဟုတ် တာဝန်ထမ်းဆောင်ဆဲ ဒဏ်ရာရဖူးတဲ့ စစ်သားစစ်သူများကို ဖိတ်ခေါ် ယှဉ်ပြိုင်တဲ့ အားကစားပြိုင်ပွဲကို မင်းသားဟယ်ရီက စတင် ဦးဆောင်ကျင်းပနေခဲ့ရာမှာ ဒီပြိုင်ပွဲ လူသိများအောင် လုပ်ပေးတဲ့အနေနဲ့ ရိုက်ကူးပြသတဲ့ ဗီဒီယို အတိုလေးအတွင်း ဘုရင်မကြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဗီဒီယိုလေးအတွင်းမှာ မင်းသားဟယ်ရီက ဘုရင်မကြီးကို အဲဒီ ပြိုင်ပွဲအကြောင်း ပြောပြနေရင်း အဲဒီအချိန်က အမေရိကန်သမ္မတ ဖြစ်သူ ဘရတ် အိုဘားမား နဲ့ ဇနီး မီရှဲ အိုဘားမား တို့ရဲ့ ဗီဒီယို ဖုန်းခေါ်မှု ဝင်လာခဲ့ပါတယ်။
အခုလို ဗီဒီယို ဖုန်းခေါ်မှုမှာ သမ္မတနဲ့ သမ္မတ ကတော်တို့က ပြိုင်ပွဲအတွက် အသင့်ဖြစ်ပြီလားဆိုပြီး မင်းသား ဟယ်ရီကို ပေါ့ပေါ့ပါးပါး စိန်ခေါ်ပြတာကို တွေ့ခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဘုရင်မကြီးကလည်း အများထင်မထားပဲ ပြန်လည် စိန်ခေါ်လိုတဲ့ မျက်နှာထားနဲ့ 'လုပ်လိုက်လေ၊ ကြာသလားလို့' ဆိုတဲ့ မြန်မာစကားအရ အနီးစပ်ဆုံး ဘာသာပြန်နိုင်မယ့် 'Oh,really, please' ဆိုတဲ့ စကားကို မျက်ခုံးပင့်ပြီး ပြန်ပြောခဲ့တဲ့အတွက် အများပြုံးရယ်စရာ ဖြစ်ခဲ့ရပြန်ပါတယ်။
အခမ်းအနား အထိမ်းအမှတ် ကိတ်မုန့်ကို ဓားရှည်ကြီးနဲ့ လှီးပြခြင်း
ဘုရင်မကြီးဟာ သူ့ရဲ့ ဘဝတလျှောက်အတွင်း အများမြင်ကွင်းမှာ ကိတ်မုန့်အမျိုးမျိုးခွဲပြတာတွေ လုပ်ခဲ့ဖူးရာမှာ တကြိမ်မှာတော့ အခမ်းအနားတွေမှာ အလှသုံးတဲ့ ငှက်ကြီးတောင်လို ဓားရှည်ကြီးမျိုးကို သုံးပြီး ကိတ်မုန့်ကို ခွဲတာတော့ တကြိမ်သာ ရှိခဲ့ပါတယ်။
ယူကေနိုင်ငံ ကွန်းဝေါဒေသမှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လှုံ့ဆော်ရေး အီဒင် စီမံကိန်း ရန်ပုံငွေပွဲအတွက် ဘုရင်မကြီးက အများသူငါနဲ့ ကင်မရာရှေ့မှာ ကိတ်မုန့်ခွဲပြဖို့ စီစဉ်ထားရာမှာ အရာရှိတဦးဆီက ဓားရှည်ကြီးနဲ့ ခွဲပြခဲ့ပါတယ်။
အခုလို ဘုရင်မကြီးက ဓားရှည်ကြီးနဲ့ ကိတ်မုန့်ခွဲဖို့ ကြိုးစားနေချိန်မှာ ဘေးက လုပ်အားပေး ကူညီသူတဦးက ရိုးရိုးကိတ်မုန့်လှီးတဲ့ဓား ရှိပါတယ်လို့ ပြောတဲ့အခါမှာလည်း ဘုရင်မကြီးက 'ရှိမှန်းတော့ သိတာပေါ့၊ ပုံမှန် လုပ်နေကျအတိုင်းမဟုတ်ဘဲ အဆန်းလေး လုပ်ကြည့်ချင်တာ' လို့ ပြောလိုက်တဲ့အတွက် အများပွဲကျစရာ ဖြစ်ခဲ့ပါတယ်။
သြစတြေးလျ ဟော်ကီ ကစားသမားတွေ ဓာတ်ပုံရိုက်တဲ့ နောက်ခံမှာ ပါဝင်မှု
၂၀၁၄ မှာ ယူကေနိုင်ငံ ဂလာစကိုမြို့မှာ ကျင်းပတဲ့ ဓနသဟာယ အားကစားပြိုင်ပွဲအတွင်း သြစတြေးလျ ကစားသမားနှစ်ယောက်က ကင်မရာ ကိုယ့်ဘက်ကို လှည့်ပြီး selfie ဓာတ်ပုံရိုက်ကြတဲ့အခါမှာ ဘုရင်မကြီးက နောက်မှာ ပြုံးပြုံးကြီး လုပ်နေခဲ့ပါတယ်။
နောက်ပိုင်းမှာ 'ဘုရင်မကြီးကိုယ်တိုင် ငါတို့ဓာတ်ပုံမှာ လာပြီး နောက်ပြောင်နေပါ့လား' ဆိုတဲ့ စာတန်းနဲ့အတူ ဂျိတ်တေလာက တွစ်တာပေါ် ဓါတ်ပုံတင်ခဲ့ရာမှာ ချက်ချင်း ဆိုသလို လူအများအပြား ဝေငှ ပြောဆိုကြတဲ့အထိ နာမည်ကျော်သွားခဲ့ပါတယ်။
ချီတက်အခမ်းအနားမှာ ပျားအုပ်ဖြတ်ပျံလို့ ကမောက်ကမ ဖြစ်သွားတာကို ရယ်မောနေတဲ့ ဘုရင်မကြီး
၂၀ဝ၃ ခုနှစ်မှာ ဝင်ဆာရဲတိုက်မှာ ကျင်းပတဲ့ စစ်ရေးပြချီတက်ပွဲတခုက ဒုတိယမြောက် ဘုရင်မကြီး အဲလိဇဘက်က ခင်ပွန်းဖြစ်သူ အက်ဒင်ဘရာ မြို့စား မင်းသား ဖိလစ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။
အခုလို တက်ရောက်ရာမှာ ချီတက်ပွဲ အတွင်း ပျားအုပ်ဖြတ်ပျံလိုက်လို့ ကမောက်ကမ ဖြစ်ကုန်ကြတာကို မြင်ရတဲ့ တော်ဝင်ဇနီးမောင်နှံ နှစ်ယောက်ဟာ ရယ်ချင်စိတ်ကို မထိန်းနိုင်ပဲ ရယ်မောနေကြတာကို လူအများ တွေ့ခဲ့ကြပါတယ်။
အခုလို အဖြစ်အပျက်ကို ဓါတ်ပုံရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာ ခရစ်စ်ယောင်းကလည်း ဘုရင်မကြီးဟာ မိန်းမငယ်လေး တယောက်လို တခိခိနဲ့ ရယ်နေတာကို တွေ့ရပြီး မင်းသားဖိလစ်ကလည်း အလားတူ ရယ်နေတာကို တွေ့ရတဲ့အတွက် သူတို့လည်း သာမန်လူတွေ လိုပါပဲ ဆိုတာကို အများတကာ သတိတရ ဖြစ်စေတယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။