ဝေလမင်းသားဝီလျံနဲ့ကြင်ရာတော်တို့ ဂါရဝပြုသူတွေကို နှုတ်ဆက်၊ စျာပန အစီအစဥ် အသေးစိတ်ထွက်လာ

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ စျာပနမတိုင်မီမှာ နော့ဖို့ခ် ဆန်ဒရီဂမ် နန်းတော်ဝင်းမှာ ဘုရင်မကြီးအတွက် လာရောက် ဂါရဝ ပြုကြသူတွေကို ဝေလမင်းသား ဝီလျ့နဲ့ ကြင်ရာ မင်းသမီး ကိတ်တို့က ၁၅ မိနစ်လောက် နှုတ်ဆက် စကားတွေ ပြောခဲ့ကြပါတယ်။

သူတို့ကိုလည်း လာရောက်ကြသူတွေက ကောင်းချီးပေး ဆုတောင်းစကားတွေ ပြောကြားခဲ့ကြသလို ပန်းတွေလည်း ပေးခဲ့ကြပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပမယ့် စျာပနရဲ့ အစီအစဥ် အသေးစိတ် တချို့လည်း ထွက်ပေါ်လာပါတယ်။

ဘုရင်မကြီးရဲ့ ဈာပနကို တနိုင်ငံလုံး ၂ မိနစ် ငြိမ်သက်ခြင်းနဲ့ အဆုံးသတ်မယ်

ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားအတွက် ထပ်မံ သိရတဲ့ အချက်အလက်တွေအရ ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးအတွင်း ဈာပန အစီအစဉ်တွေအတွက် ပြင်ဆင်ဖို့ ဘုရားရှိခိုးကျောင်း တံခါးတွေကို စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့ ဗြိတိသျှ စံတော်ချိန် မနက် ၈ နာရီမှာ စပြီး ဖွင့်ပေးထားမယ်လို့ သိရပါတယ်။

နံနက် ၁၁ နာရီမှာ ဘုရင်မကြီးရဲ့ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို တင်လာမယ့် အမြောက်လှည်းကို ဝက်စ်မင်စတာ ခန်းမကနေ ဘုရားရှိခိုးကျောင်းဆီကို ရေတပ်သား ၁၄၂ ယောက်က ဆွဲလာကြမှာ ဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့ ဧည့်သည် ၂၀၀၀ ကျော် ရှိနေမှာ ဖြစ်ပြီး မွန်းမတည့်ခင်မှာပဲ တမျိုးသားလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၂ မိနစ်တာ ငြိမ်သက်ခြင်းနဲ့ ဈာပနအခမ်းအနားတွေကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဈာပန အခမ်းအနားမှာ ဘယ်သူတွေ လိုက်ပါပို့ဆောင်မလဲ

စက်တင်ဘာလ ၁၉ ရက် တနင်္လာနေ့ မနက်ပိုင်းမှာ ဘုရင်မကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဝက်စ်မင်စတာ ခန်းမဆောင်ကနေ ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးထဲကို သယ်ဆောင်ပြီး ဈာပန ကျင်းပကြတဲ့ အခါမှာ နောက်တော်ကနေ တော်ဝင်မိသားစုဝင်တွေ ထဲက အကြီးအကဲတွေ လိုက်ပါ ပို့ဆောင်ပေးကြမှာ ဖြစ်ပါတယ်။

တတိယမြောက် ချားလ်စ် ဘုရင်နဲ့ အတူ ညီမတော် တော်ဝင်မင်းသမီးအဲန်း၊ ညီတော်တွေ ဖြစ်ကြတဲ့ အင်ဒရူးနဲ့ အက်ဒွပ် မင်းသားတွေ လိုက်ပါလာကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘာကင်ဟမ် နန်းတော်ကနေ ပြည်သူလူထုရဲ့ ဂါရဝပြုခံ ထားရှိရာ ဝက်စ်မင်စတာ ခန်းမကို သယ်ဆောင်ခဲ့စဉ်ကအတိုင်းပဲ သားတော် သမီးတော်တို့ရဲ့ နောက်တော်မှာ ဝေလမင်းသား ဝီလျံနဲ့ ညီတော် မင်းသား ဟယ်ရီ၊ နောက် အဲန်းမင်းသမီးရဲ့ သားတော် ပီတာဖိလစ် တို့နဲ့ အတူ တခြား ဝါကြီးတဲ့ တော်ဝင်မိသားစုဝင်တွေ လိုက်ပါကြမှာ ဖြစ်ပါတယ်။

အဲဒီက ဈာပန အခမ်းအနားကျင်းပပြီးစီးချိန်မှာ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဘာကင်ဟမ် နန်းတော်၊ ကွန်စတီကျူးရှင်း ကုန်း နဲ့ ဝယ်လင်တန် မုခ်ဦးတို့ကို ဖြတ်ပြီး သယ်ဆောင်ကြဖို့ စီစဉ်ထားကြပါတယ်။

အမြောက်တင် လှည်းရဲ့ သမိုင်းကြောင်း

နတ်ရွာစံ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်အနားမှာ ဘုရင်မကြီးရဲ့ ခေါင်းတော်ကို သယ်ဆောင်မယ့် အမြောက်တင် လှည်းတော်ဟာလည်း သမိုင်းဝင် လှည်း ဖြစ်ပါတယ်။

တချိန်က ဒီလှည်းပေါ်မှာ အမြောက်ကြီး တလက်ရှိနေခဲ့တဲ့ ဒီလှည်းကြီးကို ၁၉၀၁ ခုနှစ်ကတည်းက တော်ဝင်ရေတပ်ကပဲ ပြုပြင်ထိန်းသိမ်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ဝိတိုရိယ ဘုရင်မကြီးရဲ့ ဈာပနမှာ အသုံးပြုဖို့အတွက် စစ်သုံးအဖြစ်ကနေ အနားပေးခဲ့တာ ဖြစ်ပါတယ်။

ဝိတိုရိယ ဘုရင်မကြီးဆိုတာက အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဘီတော်ဖြစ်ပါတယ်။ အဲဒီ အမြောက်တင်လှည်းကို အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဖခမည်းတော် ဆဋ္ဌမမြောက် ဂျော့ချ် ဘုရင်ကြီး၊ ဘိုးတော် ပဉ္စမမြောက် ဂျော့ချ် ဘုရင်ကြီးတွေနဲ့ ဘေးတော် သတ္တမမြောက် အက်ဒွပ် ဘုရင်ကြီးတို့ရဲ့ ဈာပနတွေမှာလည်း သုံးစွဲခဲ့ကြပါတယ်။

နောက်ပြီး ဘုရင်မကြီး လက်ထက်မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ၁၉၆၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆာ ဝင်စတန် ချာချီရဲ့ နိုင်ငံတော် ဈာပနမှာလည်း သုံးခဲ့ပါတယ်။

အဲဒီ အမြောက်တင်လှည်းကို ရေတပ်က တပ်ဖွဲ့ဝင် ၁၄၂ ယောက်က ဆွဲကြမှာ ဖြစ်ပါတယ်။ ဝက်စ်မင်စတာ ခန်းမကနေ ဘုရားရှိခိုးကျောင်းကြီးအထိ ဆွဲယူလာကြမယ့် လမ်းနံဘေးမှာတော့ ရေတပ်နဲ့ တော်ဝင် ကမ်းတက်တပ်တွေက တပ်ဖွဲ့ဝင်တွေက ခြံရံပေး ကြမှာ ဖြစ်ပါတယ်။

ဘုရင်မကြီး အမှတ်တရ ဖြစ်စရာ ဘာတွေ ရှိမလဲ

ဘုရင်မကြီးရဲ့ ကြွင်းကျန်ရစ်သော ရုပ်ကလာပ် လဲလျောင်းရာ ခေါင်းတလားတော်ကို လွှမ်းခြုံပေးထားတာက Royal Standard လို့ ခေါ်တဲ့ ဘုရင့် အလံတော် ဖြစ်ပါတယ်။ အဲဒီအပေါ်မှာတော့ ဘုရင်မကြီးရဲ့ သရဖူကို ကတ္တီပါဖုံတော်နဲ့ တင်ပေးထားကြပါတယ်။

ဒီထက်ပိုပြီး ဘုရင်မကြီးအတွက် ရည်ရွယ် ပြင်ဆင်ပေးထားတာတွေ၊ ဈာပနနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို လတ်တလော မသိရှိရသေးပေမယ့် လာမယ့် တနင်္ဂနွေနေ့မှာတော့ သိရမယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် ဒီလို ဈာပနအခမ်းအနားနဲ့ ပတ်သက်လို့အစီအစဉ်တွေ ရေးဆွဲဖို့ အတွက် ဘုရင်မကြီး သက်တော်ထင်ရှား ရှိစဉ်အတွင်း တိုင်ပင်ဆွေးနွေးခဲ့ကြဖူးတယ်လို့ သိရပါတယ်။ စိန့် ဂျော့ချ် ဘုရားရှိခိုးကျောင်းမှာ ကျင်းပမယ့် ဈာပနမှာတော့ ဘုရင်မကြီးရဲ့ တံပိုးတော်ကို မှုတ်ဖို့ အတွက်လည်း စီစဉ်ထားကြပါတယ်။

ဘုရင်မကြီးရဲ့ သရဖူကိုတော့ ပန်းတိမ်တော်က ဈာပန အခမ်းအနားမှာ လာရောက် စောင့်ဆိုင်းက လန်ဒန်မျှော်စင်က တော်ဝင် ရတနာများ ထားရှိရာကို ပြန်လည် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တကြိမ်မကသော ဈာပနအခမ်းအနားများ စီစဉ်ထား

ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးထဲမှာ ဈာပနအခမ်းအနား ကျင်းပပြီးတာနဲ့ ဝင်ဆာရဲတိုက်ကြီးဆီကို ဆက်လက် သွားရောက် ကျင်းပကြမှာ ဖြစ်ပါတယ်။ ဝင်ဆာရဲတိုက်ရဲ့ အနီးမှာ ရှိနေတဲ့ စိန့် ဂျော့ချ် ဘုရားရှိခိုးကျောင်းမှာ ကျင်းပမှာ ဖြစ်ပြီး မနက်ပိုင်းမှာ ကျင်းပစဉ်ကလောက်တော့ ကြီးကျယ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဈာပနကို ဝင်ဆာရဲတိုက်က ဘုန်းတော်ကြီးချုပ်က ဦးဆောင်ကျင်းပမှာ ဖြစ်ပြီး လူ ၈၀၀ လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အဲဒီနောက် တနင်္လာနေ့ အနှောင်းပိုင်းမှာ ဘုရင်မကြီးရဲ့ အနီးဆုံး မိသားစုဝင်တွေအတွက် သီးသန့် အခမ်းအနား တခု ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဘုရင်မကြီးရဲ့ ခေါင်းတော်ကို တော်ဝင်သင်္ချိုင်း ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလက နတ်ရွာစံသွားခဲ့တဲ့ ကြင်ရာတော် အက်ဒင်ဘာရာမြို့စား ဖိလစ် မင်းသားကြီးရဲ့ နံဘေးမှာ မြှုပ်နှံမယ်လို့ သိရပါတယ်။

တော်ဝင်သင်္ချိုင်းဟာ ဝင်ဆာ ရဲတိုက် မြို့ရိုးအတွင်းက စိန့်ဂျော့ခ် ဘုရားရှိခိုးကျောင်းရဲ့ အတွင်းမှာ ရှိတဲ့ မြေတိုက်ခန်း ဖြစ်ပါတယ်။

ဈာပနကို ဘယ်သူတွေ တက်ရောက်ကြမလဲ

ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပနကို တက်ရောက်ကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ် သမ္မတ အီမန်နျူယဲလ် မက္ကရွန်းတို့လို ကမ္ဘာတလွှားက နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေ လာရောက်ကြမှာ ဖြစ်ပါတယ်။

နောက်ပြီး မိသားစုနဲ့ မိတ်ဆွေ သင်္ဂဟတွေ၊ ဘုရင်မကြီး ပံ့ပိုးကူညီပေးခဲ့တဲ့ ပရဟိတ အသင်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဈာပန အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခြင်း ခံရတဲ လူ ၂၀၀၀ ရဲ့ နာမည် စာရင်း အတိအကျကိုတော့ ထုတ်ပြန်ကြေညာမှာ မဟုတ်ပါဘူး။