ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဂါရဝပြုခံအစီအစဉ်နဲ့ စျာပနသတင်းများ
ဘုရင်မကြီးကို ဂါရဝပြုဖို့ နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း
နတ်ရွာစံ အဲလစ်ဇဘက် ဘုရင်မကြီးကို လာရောက် ဂါရဝပြုကြသူတွေထဲမှာ နာမည်ကျော် ဘောလုံးသမားဟောင်းဒေးဗစ် ဘက်ခမ်းလည်း ပါဝင်ပါတယ်။
သူ့ကို ဂါရဝပြုဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးတွေထဲမှာ စောင့်ဆိုင်းနေတာကို တွေ့ခဲ့ကြရပါတယ်။ ဘက်ခမ်းက သူ့အနေနဲ့ တခြား ဂါရဝပြုဖို့ လာရောက်ကြတဲ့ သူတွေနဲ့ အတူတကွ စောင့်ဆိုင်းရတဲ့ အချိန်တွေအတွက် ကျေနပ်ပီတိ ဖြစ်တဲ့ အကြောင်းပြောပါတယ်။
ဘက်ခမ်းတယောက် ဘုရင်မကြီးကို ဂါရဝပြုခွင့် ရဖို့အတွက် ညသန်းခေါင်ယံ စွန်းစွန်းကတည်းက လာရောက် တန်းစီခဲ့တာ ဖြစ်ပြီး ဘီဘီစီနဲ့ တွေ့ဆုံခဲ့ချိန်မှာ စုစုပေါင်း ၁၂ နာရီ လောက် စောင့်ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။
တချိန်က ဘောလုံးအားကစားကို ကြေးစားအဆင့်မှာ အောင်မြင်မှုတွေ ရအောင်စွမ်းဆောင်နိုင်ခဲ့ဖူးတဲ့ ဒေးဗစ် ဘက်ခမ်းက သူ့ တန်းစီစောင့်ဆိုင်းရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ သူခါးနဲ့ ခြေဖဝါးတွေတောင် တော်တော်နာနေပါပြီလို့ အရွှန်းဖောက် ပြောသွားခဲ့ပါတယ်။
အဆုံးမတော့ ဒေးဗစ် ဘက်ခမ်း တယောက် ဝက်စ်မင်စတာ ခန်းမဆောင်ကြီးထဲက ဘုရင်မကြီးရဲ့ ရှေ့တော်မှောက်ကို ရောက်ခဲ့ပြီး ဂါရဝပြုနိုင်ခဲ့ပါတယ်။
အမေရိကန် အာကာသနည်းပညာ ကုမ္ပဏီ မက်ဆာက ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ ဘုရင်မကြီးကို လာရောက် ဂါရဝပြုဖို့ တန်းစီနေကြတဲ့ လူအုပ်ကြီးကို တွေ့ကြရပါတယ်။ လာရောက် ဂါရဝပြုချင်သူတွေ များလွန်းတာကြောင့် အစောပိုင်းကတည်းက တာဝန်ရှိသူတွေက ရှိပြီးသားလူအုပ်ကြီးဆီကို နောက်ထပ် လူတွေ ထပ်ပြီး လာမပေါင်းကြဖို့ တားမြစ်ချက် ထုတ်ပြန်ထားရပါတယ်။
Digital, Culture, Media and Sport က မနေ့က တိုက်ရိုက် လူတန်းစောင့်ကြည့် တဲ့ စနစ်ကို တည်ထောင်ပေးထားပြီး အခုဆို တန်းစီမယ့် လူတွေ Southwark Park ထဲကို ဝင်ဖို့ မကြိုးစားပါနဲ့လို့တောင် သတိပေးထားပါတယ်။
နောက်ဆုံးသိရတဲ့ အချက်အလက်တွေအရ လူတန်းရှည်ကြီးဟာ ၄.၉ မိုင်ရှည်ပြီး စောင့်ဆိုင်းချိန် ၁၄ နာရီအထိ ကြာနေပြီ ဖြစ်ပါတယ်။ လူတွေ နောက်ထပ်မလာဖို့ တားမြစ်ပြီး နောက်မှာတော့ အဲဒီ အချက်အလက်တွေကို အသစ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ဘုရင့် ဆန္ဒအရ မင်းသားဟယ်ရီ စစ်ဝတ်စုံနဲ့ ဝတ်ပြုဆုတောင်းပွဲ တက်နိုင်မယ်
လာမယ့် စနေနေ့ ကျင်းပမယ့် ဘုရင်မကြီးရဲ့ မြေးတော်များရဲ့ ဆုတောင်းပတ္ထနာ ပြုပွဲမှာ မင်းသား ဟယ်ရီအနေနဲ့ စစ်ဝတ်စုံ ပြန်လည် ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။ သူနဲ့အတူ ဘုရင်မကြီးရဲ့ သားတော် အင်ဒရူးမင်းသားကိုလည်း ဒီလိုပဲ ချွင်းချက်နဲ့ ပြန်လည် ဝတ်ဆင်ခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
မင်းသား ဟယ်ရီ အတွက် မျှတမှု ရှိအောင် လုပ်ဆောင်ပေးတာပဲ ဖြစ်တယ်လို့ တချို့က ရှုမြင်ကြပါတယ်။
ဒီလို ဈာပန အခမ်းအနားမှာ လက်ရှိ တော်ဝင်တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ချားလ်စ် ဘုရင်တို့ မင်းသား ဝီလျံ တို့လို တော်ဝင်မိသားစုဝင်တွေသာ ဒီလို စစ်ဝတ်စုံပြည့် ဝတ်ဆင်ခွင့် ရှိတာ ဖြစ်ပြီး တော်ဝင်တာဝန် မရှိကြတဲ့ သူတွေအနေနဲ့ ဝမ်းနည်းခြင်း ဝတ်စုံကိုပဲ ဝတ်ခွင့်ရှိပါတယ်။
ဒါပေမယ့် အင်ဒရူး မင်းသား အတွက် ချွင်းချက်အနေနဲ့ ဝက်စ်မင်စတာ ခန်းမမှာ ကျင်းပမဲ့ အောက်မေ့ခြင်း ဝတ်ပြုဆုတောင်းပွဲမှာ ဘုရင်မကြီးရဲ့ တခြား သားတော်များနဲ့ သမီးတော်တို့ နည်းတူ စစ်ဝတ်စုံ ဝတ်ဖို့ ချွင်းချက်အနေနဲ့ ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒါကြောင့် တော်ဝင် တာဝန်မထမ်းဆောင်တော့တဲ့ မင်းသားဟယ်ရီ အတွက်လည်း ဒီလိုပဲ ချွင်းချက်ပေးနိုင်မလား ဆိုပြီး ခန့်မှန်းမှုတွေ ရှိနေခဲ့ပါတယ်။
အခုတော့ ဘုရင့်တောင်းဆိုမှုအရ မင်းသား ဟယ်ရီလည်း တခြားမြေးတော်တွေနဲ့ အတူ တက်ရောက်မယ့် ဒီ အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းတဲ့ အခမ်းအနားမှာ စစ်ဝတ်စုံ ဝတ်ခွင့်ရမှာ ဖြစ်တယ်လို့ ဘုရင့်နန်းတော်က ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။