ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီသီယိုးပီးယားမှာ လေယာဉ်မှူးတွေ အိပ်ပျော်ပြီး အဆင်းလမ်းကျော်မောင်းသွားလို့ ပြန်လှည့်ဆင်းရ
အီသီယိုးပီးယား လေကြောင်းလိုင်းက လေယာဉ်မှူးနှစ်ဦးဟာ မောင်းနေရင်းအိပ်ပျော်ခဲ့တဲ့အတွက် မြို့တော် အဒစ်အဘာဘာ လေဆိပ် အဆင်းလမ်းကို ကျော်သွားလို့ ပြန်လှည့်လာပြီးမှ ဆင်းသက်ခဲ့ရတယ်လို့ the Aviation Herald က ပြောပါတယ်။
အဲဒီ လေယာဉ်မှူးနှစ်ဦးဟာ လေယာဉ်က အမြင့်ပေ ၃၇၀ဝ၀ အမြင့်မှာ ရှိနေကတည်းက အိပ်ပျော်နေခဲ့တာဖြစ်ပြီး ဆင်းရမယ့်နေရာ ကျော်သွားတဲ့အချိန်မှာ လေဆိပ်က လေကြောင်းထိန်းသိမ်းရေးက ဆက်သွယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒီလေယာဉ်မှူးနှစ်ဦးက နောက်ဆုံး အိပ်ပျော်နေရာက နိုးလာခဲ့ပြီး အန္တရာယ်ကင်းကင်းတော့ နောက်တစ်ကြိမ် ပြန်လှည့်ဆင်းနိုင်ခဲ့ပါတယ်။
အခုလို ဖြစ်တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ အီသီယိုးပီးယား လေကြောင်းလိုင်းက ဝန်ထမ်းတွေကို တာဝန်ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အီသီယိုးပီးယား နိုင်ငံပိုင် ဖာနာသတင်းဌာနက ဆိုပါတယ်။
နှစ်နာရီတောင် မကြာတဲ့ ခရီးစဉ်မှာ အိပ်ပျော်နေခဲ့တဲ့ လေယာဉ်မှူးနှစ်ဦး
အခုလို ဖြစ်ပွားခဲ့တဲ့ လေယာဉ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ဆူဒန်နိုင်ငံ ခါတွန်မြို့က ထွက်လာခဲ့တဲ့ လေယာဉ်လို့ ဆိုပါတယ်။
ဘိုးရင်း ၇၃၇ အမျိုးအစား ခရီးသည် ၁၅၄ ယောက် တင်ဆောင်နိုင်တဲ့ အဲဒီလေယာဉ်ဟာ အီသီယိုးပီးယားနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဆူဒန်မြို့တော် လေဆိပ်ကနေ အဒစ်အဘာဘာကို ပျံသန်းချိန် နှစ်နာရီတောင် ကြာလေ့မရှိတဲ့ ခရီးစဉ်ကို ပြေးဆွဲရတာ ဖြစ်ပါတယ်။
အခုလို ဖြစ်စဉ်အပေါ် အီသီယိုးပီးယား လေကြောင်းလိုင်းက သတင်းထုတ်ပြန်ချက်အရ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှု ရလဒ်အပေါ် အခြေခံတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
သူတို့ကို လာမယ့် ခရီးစဉ်တွေမှာလည်း တာဝန်ထမ်းဆောင်စေမှာ မဟုတ်သလို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် အနားပေးထားမှာပါ။
လေကြောင်းရေးရာ ကျွမ်းကျင်သူ အဲလက်စ် မက်ချရက်စ်ကတော့ လေယာဉ်မှူးတွေ တာဝန်ပိပြီး အပင်ပန်းလွန်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိပြီး နိုင်ငံတကာတဝန်း လေယာဉ်ပျံသန်းမှုလုံခြုံရေးကို အသိသာဆုံး ခြိမ်းခြောက်နေတဲ့ အကြောင်းအချက်တခုဖြစ်တယ်လို့ တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။
အခုလို သတင်းဖော်ပြရာ the Aviation Herald ဝက်ဘ်ဆိုဒ်မှာကတော့ အခုလို ဖြစ်တာမျိုးက အလုပ်ချိန်များပြီး တာဝန်ပိရင်လည်း ဖြစ်နိုင်တဲ့အတွက် လေကြောင်းကုမ္ပဏီနဲ့ စည်းကမ်းထိန်းသိမ်းသူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောကြသူတွေ ရှိပြီး လုံးဝ အလုပ်ထုတ်သင့်တယ်လို့ မှတ်ချက်ပေးကြသူတွေလည်း ရှိနေပါတယ်။