အာဖဂန်နစ္စတန်- တာလီဘန် စနိုက်ပါသမားကနေ အုပ်ချုပ်ရေးစားပွဲရောက်လာသူ

ပြီးခဲ့တဲ့နှစ် သြဂုတ်လက တာလီဘန်တွေ အာဖဂန်နစ္စတန်မှာ အာဏာရလာတဲ့ အချိန်ကစပြီး အဲ့ဒီမှာ နေထိုင်တဲ့သူအများစုရဲ့ ဘဝပုံစံတွေက ပြောင်းလဲသွားပါတယ်။

အာဖဂန်နိုင်ငံသား သောင်းနှင့်ချီ နိုင်ငံပြင်ပကို ရွှေ့ပြောင်းခဲ့ရပြီး မိန်းကလေး အလယ်တန်းကျောင်းအများစုကိုလည်း ပိတ်ထားဖို့ အမိန့်ထုတ်ခံရသလို ဆင်းရဲမွဲတေမှုကလည်း မြင့်တက် လာနေပါတယ်။

ဒါပေမယ့် ဆယ်စုနှစ် လေးစုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အာဖဂန်နိုင်ငံဟာ အကြမ်းဖက်မှုတွေ ဆက်မဖြစ်တော့ဘဲ အရင်က အများကြီးရှိခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှုတွေလည်း သိသိသာသာ လျော့ကျ သွားပါတယ်။

အာဖဂန်ကို တာလီဘန်တွေ မနှစ်က သိမ်းပိုက်ခဲ့တဲ့အချိန်တုန်းက ရှိနေခဲ့တဲ့ ဘီဘီစီသတင်းထောက် ဆက်ခန်ဒါ ခါမန်ဒီက အဲ့ဒီအချိန်တုန်းက သူနဲ့တွေ့ဆုံခဲ့တဲ့ သူတွေကို တစ်နှစ်အကြာမှာ ပြန်တွေ့ဖို့ အဲ့ဒီနေရာကို အရောက်သွားခဲ့ပါတယ်။

ဘဝသစ်စတဲ့ စနိုက်ပါသမား

ပြီးခဲ့တဲ့ နွေရာသီက တာလီဘန်တွေ အာဖဂန်အစိုးရရဲ့နယ်မြေတွေကို သိမ်းပိုက်ဖို့ကြိုးစားနေတဲ့အချိန်၊ ပြည်ပတပ်တွေကလည်း တိုင်းပြည်က ထွက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ တာလီဘန် တိုက်ခိုက်ရေးသမား အီနျူဒင်ကို ဘာ့လ်ခ်မြောက်ပိုင်းခရိုင်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတုန်းက သူနဲ့စကားပြောရတဲ့အချိန် အေးစက်တင်းမာတဲ့ သူ့အကြည့်ကို တွေ့ရပါတယ်။

"အရပ်သားတွေကို မထိခိုက်စေဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေတယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်ရင်တော့ လူတွေက သေမှာပဲဗျ" လို့ သူက ပြောပါတယ်။

ပြီးတော့ တိုက်ခိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့သဘောထားကို မေးကြည့်တော့ "အာဖဂန်နစ္စတန်မှာ အစ္စလာမ်စနစ်ကလွဲလို့ တခြားစနစ်တွေကို ကျွန်တော်တို့ လက်မခံဘူး"လို့ ပြောပါတယ်။

အဲ့ဒီတုန်းက စစ်ပွဲက ပြင်းထန်ဆဲဖြစ်ပြီး အာဖဂန်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကလည်း အဆက်မပြတ် ခြိမ်းခြောက်နေတဲ့အတွက် သူနဲ့ စကားအကြာကြီး မပြောလိုက်ရပါဘူး။

လအနည်းငယ်အကြာတော့ အာဖဂန်အစိုးရ အသစ်စက်စက် ထူထောင်နေတဲ့ အချိန်၊ အာဖဂန်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ကို ပိုင်းခြားထားတဲ့ အမူဒါယာ မြစ်ကမ်းစပ်မှာ ငါးကြော်ထိုင်စားရင်း အီနျူဒင်က အရင်က သူဟာ တာလီဘန်စနိုက်ပါသမားလုပ်ခဲ့တဲ့အကြောင်း ပြောပါတယ်။

သူ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ အီနျူဒင်က ပြောပြီး သူလည်း တိုက်ခိုက်မှုအမျိုးမျိုးမှာ ၁၀ ခါလောက် ဒဏ်ရာတွေ ရခဲ့ဖူးတယ်လို့ ဆိုပါတယ်။

တာလီဘန်တွေ အာဖဂန်နစ္စတန်ကို သိမ်းပြီးတဲ့နောက်ပိုင်းမှာ သူ့ကို ဘာလ်ခ် ပြည်နယ် မြေယာနဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာ ခန့်အပ်ခဲ့ပါတယ်။

တာလီဘန် အစိုးရသစ်တက်တဲ့ အစောပိုင်းကာလတွေတုန်းက သူနဲ့တွေ့တဲ့အချိန် သူအချိန်အကြာကြီး တိုက်ပွဲဝင်ခဲ့တဲ့ "ဂျီဟတ်" ဘာသာရေးစစ်ပွဲ ကို ဆက်မတိုက်တော့ဘူးလားလို့ မေးကြည့်တော့ "ဟုတ်တယ်" လို့ သူက ပြတ်ပြတ်သားသား ပြန်ဖြေပါတယ်။

အဲ့ဒီနောက်ပိုင်း တာလီဘန်တွေ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီး တစ်နှစ်အကြာ သူ့ကို အခု ပြန်တွေ့ရတဲ့ အချိန်မှာတော့ သူက သစ်သားစားပွဲခုံတစ်ခုနောက်မှာထိုင်နေပြီး ဘေးမှာလည်း အဖြူအမည်း တာလီဘန်အလံကြီးနဲ့ပါ။ သူ့ကို ကြည့်ရတာ သူ့ဘဝသစ်ကို အခြေကျဖို့ ကြိုးစားနေရပုံ ရပါတယ်။

ဒါပေမယ့် သူ့အခန်းကဏ္ဍရဲ့ အရေးပါမှုကို သဘောပေါက်တယ်လို့လည်း ပြောပါတယ်။

"ကျွန်တော်တို့ရန်သူတွေကို သေနတ်ကိုင်တိုက်ခိုက် အနိုင်ရခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ အခု ကျွန်တော်တို့က ကျွန်တော်တို့ ပြည်သူတွေကို ဖောင်တိန်ကိုင်ပြီး အလုပ်အကျွေးပြုဖို့ ကြိုးစားနေပါတယ်" လို့ပြောပြီး အရင်က သူဟာတိုက်ပွဲမှာပျော်ခဲ့ပေမယ့် အခုအခြေအနေမှာလည်း ပျော်ပါတယ်လို့ အနျူဒင်းက ပြောပါတယ်။

အရင်က ရှေ့တန်းမှာရှိနေခဲ့တဲ့ တာလီဘန်အဖွဲ့ဝင်တချို့ကတော့ အခုလိုမျိုး ရုံးလုပ်ငန်း တွေလုပ်ရတာ ပျင်းစရာကောင်းတယ်လို့ ဝန်ခံပြောကြားကြပါတယ်။

အနျူဒင်း ကြီးကြပ်ရတဲ့ သူ့လက်အောက်က ဝန်ထမ်းအများစုဟာ အရင်အစိုးရလက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ သူတွေပါ။ ဒါပေမယ့် မြို့တွင်းက တခြားနေရာတွေမှာလည်း တာလီဘန် တိုက်ခိုက်ရေးသမားတွေက သူတို့အလုပ်နေရာတွေကို ဝင်လုယူနေကြတယ်ဆိုတဲ့ တိုင်တန်းသံတွေလည်း ကြားနေရပါတယ်။

ဒီရာထူးကို သူထမ်းဆောင်နိုင်မှာလားလို့ အနျူဒင်းကို မေးကြည့်ပါတယ်။

"ကျွန်တော်တို့က စစ်ရေးပညာနဲ့ ခေတ်ပညာ နှစ်ခုစလုံးကို သင်ခဲ့ရတာ။ကျွန်တော်တို့က စစ်ဘက် နောက်ခံကနေလာပြီး အခု ဒီနယ်ပယ်မှာ အလုပ်လုပ်နေတယ်ဆိုပေမယ့် အရင် အစိုးရ လုပ်ခဲ့တာ နှိုင်းယှဉ်လိုက်ရင် ဘယ်သူက ပိုကောင်းတဲ့ ရလဒ်ရလဲဆိုတာ တွေ့နိုင်ပါတယ်။"

ဒါပေမယ့် ပြောက်ကျားစစ်ပွဲ ခက်ခဲမှုနှင့် နှိုင်းယှဉ်လိုက်ရင် "အုပ်ချုပ်ရေးအလုပ်က တိုက်ပွဲတိုက်ရ တာထက် ပိုခက်တယ်... စစ်ပွဲက လွယ်တယ်၊ တာဝန်ပိုနည်းတယ်"လို့ သူက ထပ်ပြောပါတယ်။

တာလီဘန်အစိုးရဟာ လက်နက်ကိုင် သူပုန်သောင်းကျန်းသူဘဝကနေ အုပ်ချုပ်သူ အစိုးရဘဝကို ကူးပြောင်းခဲ့တာကြောင့် သူတို့ လှုပ်ရှားမှုတစ်ခုလုံးဟာ စိန်ခေါ်မှုနဲ့ ကြုံခဲ့ရတာပါ။

လုံခြုံရေးပိုကောင်းလာတဲ့ ရှေ့တန်းနယ်မြေက ကျေးရွာတွေ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ အပျက်အစီး ဗုံးပေါက်ကွဲမှုတွေဖြစ်တာကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုခံနေရပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲပဋိပက္ခအများစုကို ရှေ့တန်းစစ် မျက်နှာ ကျေးလက်ဒေသတွေမှာ ကြုံခဲ့ရတာပါ။

နိုင်ငံတကာ တပ်ဖွဲ့တွေ ပံ့ပိုးကူညီခဲ့တဲ့ အာဖဂန်အစိုးရတပ်တွေနဲ့ တာလီဘန်တပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုဒဏ်ကို သာမန်လူထုက ခါးစည်းခံခဲ့ရပါတယ်။

တချို့က နှစ်ဖက်အကြား သူတို့ရဲ့ သဘောထား အများကြီး ကွဲကွဲပြားပြား မရှိပေမဲ့ သူတို့ရဲ့ အဓိက ဆန္ဒက ငြိမ်းငြိမ်းချမ်းချမ်းချမ်း နေချင်ကြတာပါ။

တာလီဘန်တွေသိမ်းပိုက်ပြီး သိပ်မကြာခင်မှာ ကဘူးလ် အရှေ့တောင်ဘက် လော့ဂါပြည်နယ်ထဲက ပက်ခွာရွာကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အထိလည်း သူတို့နေထိုင်မှု ဘဝကို စစ်ပွဲတွေက လွှမ်းမိုးနေဆဲပဲဆိုတာ ဒေသခံတွေက ပြောပြကြပါတယ်။

ကြွေပြားထုတ်လုပ်သူ ဆာမျူလာက "အရင်တုန်းက အခြေအနေက အရမ်းဆိုးတယ်။ "ဈေးဆိုင်တွေ၊ စျေးတွေတောင် သွားလို့မရဘူး။ အခု နေရာတိုင်းကို သွားလို့ရနေပြီဆိုတော့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။"

တာလီဘန်တွေဟာ ပက်ခွာလို ကျေးရွာတွေမှာ မြို့ပြဒေသတွေထက် ဒေသခံ ပြည်သူတွေကို ဖိနှိပ်ထိန်းချုပ်တာတွေ ပိုလုပ်ကြပါတယ်။ အရင်အစိုးရ လက်ထက်တုန်းကတောင် အများဖြင့် အမျိုးသမီးတွေက လူမြင်ကွင်းမှာ မျက်နှာတွေ ဖုံးထားလေ့ရှိပြီး၊ ရွာထဲက စျေးကိုတောင် သွားဖို့ ခက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အဲဒီနေရာကို ပြန်ရောက်တော့ ဈေးလယ်ခေါင်က အဆောက်အအုံတွေမှာ ကျည်ဆန်အပေါက်တွေ ရှိနေသေးတာ တွေ့ရပြီး ဒေသခံတွေက လုံခြုံရေး အရင်ကထက် ပိုကောင်းလာတဲ့ အတွက် ကျေနပ်နေကြပါတယ်။

"အရင်တုန်းက လူတွေအများကြီး အထူးသဖြင့် လယ်သမားတွေ ဒဏ်ရာရတွေရ၊ အသတ်ခံကြရတယ်။ ပြီးတော့ ဆိုင်ရှင်တော်တော်များများလည်း ပစ်သတ်ခံရတယ်"လို့ အပ်ချုပ်သမား ဂူလ်မို ဟာမက်က ပြောပါတယ်။

ဒါပေမယ့် အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ထွက်သွားပြီးကတည်းက နိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားပြီး လူထုအတွက် အသုံးစရိတ် ၇၅ ရာခိုင်နှုန်းလောက်လည်း ဖြတ်တောက်ခံခဲ့ရပါတယ်။ နိုင်ငံတကာဘဏ်တွေကလည်း ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာတဲ့အနေနဲ့ အာဖဂန်ဘဏ်တွေရဲ့ ငွေ လွှဲပြောင်းမှုတွေကို အကြီးအကျယ် ရပ်တန့်လိုက်ပါတယ်။

အာဖဂန်နစ္စတန် ဗဟိုဘဏ်ရဲ့ အရန်ငွေတွေကို ထိန်းချုပ်လိုက်တဲ့ အမေရိကန်ကို တာလီဘန်တွေက အပြစ်တင်ပါတယ်။ အနောက်တိုင်းသံတမန်တွေကလည်း အမျိုးသမီးတွေအပေါ် တာလီဘန်တွေရဲ့ ဖိနှိပ်တဲ့မူဝါဒတွေကို ထောက်ပြကန့်ကွက်ကြပါတယ်။

အကျပ်အတည်းကြောင့် မြို့ပြက လူလတ်တန်းစား မိသားစုတွေ လနဲ့ချီ လစာမရကြဘဲ လစာတွေဖြတ်တောက်ခံရတာကြောင့် ၀င်ငွေ သိသိသာသာ ကျဆင်းသွားပါတယ်။ မိသားစုရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်နေတဲ့ လက်လုပ်လက်စားတွေအတွက် စိန်ခေါ် မှုတွေနဲ့ ပိုရင်ဆိုင်နေရပါတယ်။

ပက်ခွာရွာက စားသောက်ကုန်စျေးနှုန်းတွေက သိသိသာသာမြင့်တက်လာပြီး အလုပ်အကိုင် ရှားပါးမှုတွေကြောင့်လည်း မကျေနပ်ချက်တွေ ရှိနေပါတယ်။

"စီးပွားရေးက ပျက်စီးသွားပြီ၊ အလုပ်လုပ်စရာ အလုပ်အကိုင်တွေလည်း မရှိတော့ဘူး။ လူတိုင်းက နိုင်ငံခြားမှာနေတဲ့ ဆွေမျိုးတွေကိုပဲ အားကိုးနေကြတာ"လို့ဆာမျူလာက ပြောပါတယ်။

"အခုဆို လူတွေက အသားနဲ့ အသီးအနှံတွေ မပြောနဲ့ ဂျုံတောင် မဝယ်စားနိုင်တော့ဘူး"လို့ ဂူလ်မိုဟာမက်က ထပ်ဖြည့်ပြောပါတယ်။

ဒါပေမယ့် ဆမျူလာက "အရင်တုန်းက ပိုက်ဆံ ပိုရှိကြပေမယ့် ဖိနှိပ်မှုတွေ အများကြီးနဲ့ ကြုံခဲ့ ရတယ်"လို့ ရွာကလူတွေကို အနိုင်ကျင့်တာတွေလုပ်ခဲ့တဲ့ အာဖဂန် အစိုးရတပ်တွေကို ရည်ညွှန်း ပြောပါတယ်။

တာလီဘန်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကန့်ကွက်တာတွေ နိုင်ငံတွင်းမှာ မရှိသလောက် ရှားလာပေမယ့် တချို့ကတော့ တာလီဘန်တွေ အာဏာပြန်ရလာတာကက သူတို့ ဘဝကို တိုးတက်မှုတွေ ရစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခြားသူတွေကတော့ သူတို့ ကူညီတည်ဆောက်ပေးခဲ့တဲ့ သူတို့ တိုင်းပြည်ဟာ သူတို့မျက်စိရှေ့တွင် ပျောက်ကွယ်သွားပြီလို့ ခံစားမိကြပါတယ်။

ယူကျုဗီဒီယိုတွေ ဆက်ဖန်တီးနေသူ

တာလီဘန် တိုက်ခိုက်ရေးသမားတွေ ကဘူးလ်မြို့ထဲကို ပြီးခဲ့တဲ့နှစ်က ဝင်လာတော့ မြို့ခံအများစု ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

တာလီဘန်တွေဟာ နှစ်ပေါင်းများစွာ အသေခံဗုံးခွဲတာတွေ၊ မြို့တွင်းမှာ ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး ယူကျု YouTube ဗီဒီယိုတွေကဖန်တီးနေတဲ့ အမျိုးသမီးငယ် ရိုအီနာကတော့ အပြင်ထွက်ပြီး သူတို့နဲ့ စကားပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"အမျိုးသားနဲ့ အမျိုးသမီးအခွင့်အရေးက တန်းတူညီတူ ဖြစ်တယ်"လို့ ပြီးခဲ့တဲ့ သြဂုတ်လက အာဏာ ဖီဆန်တဲ့ လေသံမျိုးနဲ့ ဘီဘီစီကို ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူ အဲ့ဒီမှာ ဘယ်လောက်အထိ ဆက် အလုပ်လုပ်နိုင်မလဲ ဆိုတာကတော့ သူကိုယ်တိုင်လည်း မသေချာပါဘူး။

အခု တစ်နှစ်ကျော်အကြာမှာတော့ ရိုအီနာအတွက်တင်မကဘဲ နိုင်ငံတစ်ဝန်းလုံးအတွက်ပါ စိတ်မသက်သာစရာ ခံစားချက်တွေက ဆက်ဖြစ်နေပါတယ်။

မိန်းကလေးအလယ်တန်းကျောင်းတွေကို နိုင်ငံအနှံ့နီးပါး ပိတ်ပစ်ဖို့ အမိန့်ထုတ်ပြန်တဲ့ တာလီဘန် ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် အာဖဂန်အများစု၊ နိုင်ငံတကာနဲ့ တာလီဘန်အဖွဲ့က လူတွေကြားမှာတောင် စိတ်ပျက်စရာတွေ ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက စတင်ဖွဲ့စည်းခဲ့တဲ့ တာလီဘန်အစိုးရလက်ထက်နှင့်မတူတာကတော့ ပိုငယ်ရွယ်တဲ့ မိန်းကလေးတွေကိုတော့ အတန်းတက်ခွင့်ပေးခဲ့ပြီး တက္ကသိုလ်တွေမှာ ကျား၊မ ခွဲခြားသတ်မှတ်တဲ့ အချိန်ဇယားအသစ်တွေ ချမှတ်ခဲ့သလို၊ လက်ရှိကျောင်းတက်နေဆဲ ကျောင်းသူတွေကို ပညာဆက်သင်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမယ့် တာလီဘန်ခေါင်းဆောင်ပိုင်းအတွင်းက သြဇာရှိပြီး သဘောထားတင်းမာတဲ့ ပုဂ္ဂိုလ်တွေက ဆယ်ကျော်သက်မိန်းကလေးတွေကို ကျောင်းပြန်တက်ခွင့်ပြုဖို့ တွန့်ဆုတ်နေပုံရပြီး လွန်ခဲ့တဲ့ နှစ် ၂၀အတွင်း နည်းနည်းပါးပါးတိုးတက်ခဲ့တဲ့ အမျိုးသမီးအခွင့်အရေးတွေ ပြန်ဆုတ်ယုတ်သွားမယ့်ပုံရပါတယ်။

အလားတူ ပညာရေး သို့မဟုတ် ကျန်းမာရေးကဏ္ဍကလွဲပြီး အစိုးရဌာနတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကိုလည်း သူတို့ ရုံးတွေကို ပြန်မလာဖို့ အမိန့်ထုတ်ခံထားပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး အနည်းအကျဥ်းကတော့ သူတို့ အလုပ်တွေကို ဆက်လုပ်ခွင့်ရနေကြဆဲ ဖြစ်ပါတယ်။

ရိုအီနာကတော့ ဗီဒီယိုတွေ ရိုက်နေဆဲဖြစ်ပြီး အရဲစွန့်ပြီး မျက်နှာကို ဘာမှဖုံးကာမထားပေမယ့် သူ့ ခေါင်းစည်းပဝါကိုတော့ မျက်နှာဘေးကို ပိုတင်းကျပ်အောင် စည်းထားရပါတယ်။

ကဘူးလ်မြို့ထဲကို ခရီးထွက်တဲ့အချိန်မှာတော့ အရင်ထက် ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ဝတ်ဆင်ပြီး အနက်ရောင်အ၀တ်အစားနဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို ၀တ်ဆင်ထားပါတယ်။

အမျိုးသမီးတွေ လူမြင်ကွင်းကို သွားရင် မျက်နှာကို ဖုံးအုပ်ထားရမယ်လို့ တာလီဘန်တွေက အမိန့်ထုတ်ထားပါတယ်။ ဒါပေမယ့် အခုအချိန် ကျင့်သုံးတဲ့စည်းမျဥ်းတွေက အရင်ကထက် ပေါ့လျော့နေပုံရပြီး မြို့ကြီးတွေက အမျိုးသမီးတွေဆိုရင် သူတို့ ဆံပင်တွေကိုပဲ ဖုံးထားလေ့ရှိတာကို တွေ့ရပါတယ်။

ဒါပေမယ့် ရိုအီနာ အခုအခြေနေတွေ အကြောင်းပြောတဲ့အခါ တာလီဘန်တွေအကြောင်း ပါလာရင် စကားလုံးကို သေသေချာချာ ရွေးပြီးပြောပါတယ်။

"အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ဟီဂျပ်ဝတ်တာကို လိုက်နာကြတယ်၊ အစ္စလာမ်ဘာသာက အာမခံထားတဲ့ လွတ်လပ်မှုအားလုံးကို ပေးသင့်ပါတယ်။ သူတို့ရဲ့ အခွင့်အရေးတွေကို မပိတ်ပင်သင့်ဘူး၊ အလုပ်လုပ်ခွင့်နဲ့ စာသင်ကြားခွင့်ပေးသင့်ပါတယ်" လို့ ပြောပါတယ်။