ထိုင်ဝမ်ကျွန်းအနီး တရုတ်က စစ်ရေးလေ့ကျင့်မှု အသစ်တွေ ထပ်လုပ်

ထိုင်ဝမ်ကျွန်းအနီးမှာ လုပ်ခဲ့တဲ့ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တနင်္ဂနွေနေ့မှာ ရပ်မယ်လို့ တရုတ်က မူလက ကြေညာထားပေမယ့် အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်သွားဖို့ရှိတယ်လို့ တရုတ်စစ်တပ်က ထုတ်ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောကနေ တိုက်ခိုက်မှုတွေနဲ့ ပင်လယ်ပြင်တိုက်ခိုက်စီးနင်းမှုတွေကို ဦးစားပေး လေ့ကျင့်သွားမှာလို့ တရုတ်စစ်တပ် အရှေ့ပိုင်းစစ်ဌာနချုပ်ကလည်း ပြောထားပါတယ်။
အခု လာမယ့် စစ်ရေးလေ့ကျင့်မှု မတိုင်ခင် လေးရက်ကြာ လုပ်ခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကျွန်းကို လာရောက်လည်ပတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာပါ။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်ကျွန်းကို ကျူးကျော်ဖို့အတွက် စစ်ရေးလေ့ကျင့်နေတာလို့ ထိုင်ဝမ်ဘက်က စွပ်စွဲနေပါတယ်။
အခုအချိန်ထိတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုက ကမ်းရိုးတန်းကနေ ရေမိုင် ၁၂ မိုင် (၁၂ ကီလိုမီတာ၊ ၁၄ မိုင်) အကွာမှာပဲ လုပ်နေတာဖြစ်ပြီး တရုတ်လေယာဉ်တွေနဲ့ သင်္ဘောတွေ သူတို့ရဲ့ ရေပိုင်နက်ထဲကို ဝင်လာတာ မရှိသေးဘူးလို့ တနင်္လာနေ့က ထိုင်ဝမ်က ပြောပါတယ်။
အမေရိကန်နဲ့အတူ ဩစတေးလျနဲ့ ဂျပန်တို့က အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက် ရှုတ်ချခဲ့ပြီး တရုတ်ရဲ့ ရည်မှန်းချက်က ကုန်းမကြီးနဲ့ ကျွန်းကြားရှိ ကီလိုမီတာ၁၈၀( မိုင်၁၁၀) ကျယ်တဲ့ ရေပိုင်နက် ထိုင်ဝမ်ရေလက်ကြားရဲ့ အနေအထားကို ပြောင်းပစ်ချင်နေတာလို့ စွပ်စွဲကြပါတယ်။
စစ်ရေးလေ့ကျင့်မှု အတွင်းမှာလည်း တရုတ်လေယာဉ်နဲ့ သင်္ဘောတွေက သတ်မှတ်ထားတဲ့ ရေလက်ကြား နယ်နိမိတ် ကြားမျဉ်းကို အကြိမ်ကြိမ် ကျော်ဖြတ်ခဲ့ကြပါတယ်။
နယ်နိမိတ်သတ်မှတ်ထားတဲ့ ကြားမျဥ်းဟာ ၁၉၅၀ခုနှစ်ကတည်းက နားလည်မှုယူပြီး လက်ခံထားတာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
မစ္စပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ရာသီဥတုဖောက်ပြန်မှု အပါအဝင် နယ်ပယ်အများအပြားမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖြတ်တောက်ခဲ့တဲ့ တရုတ်ရဲ့လုပ်ရပ်ကို အမေရိကန်အစိုးရက ရှုတ်ချထားပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်တဲ့ ခွဲထွက်ပြည်နယ်တစ်ခု တရုတ်ပြည်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သဘောထားနေပြီး လိုအပ်လာရင် အင်အားသုံးပြီး ပြန်ယူမယ့်လို့ ပြောနေတာပါ။
ဒါပေမဲ့ ထိုင်ဝမ်ဘက်ကတော့ သူတို့နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကွဲပြားတယ်လို့ လက်ခံထားတာပါ။
ကမ္ဘာ့ ခေါင်းဆောင်တွေက ထိုင်ဝမ်ကို အသိအမှတ်ပြုထားမျိုးတွေနဲ့ ပတ်သက်ပြီးလည်း တရုတ်အစိုးရကို ယမ်းပုံမီးကျ ဒေါသဖြစ်စေပါတယ်။
အခြားနေရာတွေမှာလည်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ်ရေကြောင်း တာဝန်ရှိတဲ့သူတွေက ကြေညာခဲ့ပြီးနောက် ထိုင်ဝမ်တစ်ဝိုက်မှာ ဒီစစ်ရေးလေ့ကျင့်မှုအသစ်တွေ ပေါ်ထွက်လာတာပါ။
တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်ကြားမှာ တည်ရှိတဲ့ ပင်လယ်ဝါထဲမှာ စစ်ရေးလေ့ကျင့်မှု အသစ်တွေ စနေနေ့ကနေ သြဂုတ်လလယ်အထိ တရုတ်က နေ့စဥ် ပြုလုပ်သွားဖို့ရှိပြီး အဲ့ဒီထဲမှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ပင်လယ်ဝါမြောက်ဘက် ဘိုဟိုင်းပင်လယ်ထဲက နယ်မြေတစ်ခုမှာလည်း တစ်လကြာ စစ်ရေးလေ့ကျင့်မှုတစ်ခုကို စနေနေ့က စတင်လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ကြား သိသင့်တဲ့ အခြေခံအချက်များ
• တရုတ်နဲ့ ထိုင်ဝမ် ဆက်ဆံရေး ဘာကြောင့် ဆိုးရွားနေရတာလဲ။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံက သူ့နိုင်ငံ ပိုင်နက် အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်နေပြီး လိုအပ်ပါက အင်အားသုံးပြီး တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းသင့်တယ်လို့ အခိုင်အမာပြောနေပါတယ်။
•ထိုင်ဝမ်ကို ဘယ်လို အုပ်ချုပ်နေတာလဲ။
ထိုင်ဝမ် ကျွန်းမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့နဲ့ ခေါင်းဆောင်တွေရှိပြီး တိုက်ခိုက်နိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အားကလည်း ၃၀၀,၀၀၀ ခန့်ရှိပါတယ်။
• ထိုင်ဝမ်ကို ဘယ်သူတွေက အသိအမှတ်ပြုထားတာလဲ။
ထိုင်ဝမ်ကို နိုင်ငံအနည်းငယ်ကပဲ အသိအမှတ်ပြုထားပါတယ်။ အများစုက တရုတ်အစိုးရကိုပဲ အသိအမှတ်ပြုထားကြတာပါ။ အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံမှုတွေ မရှိပေမယ့် လိုအပ်လာရင် ထိုင်ဝမ် ကျွန်းကို ကာကွယ်ပေးဖို့ ဥပဒေချမှတ်ထားတာ ရှိပါတယ်။








