ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်မှာ တခြားနိုင်ငံတွေထက် အမျိုးသမီးတွေကို ကွပ်မျက်မှုဘာလို့ ပိုများလဲ
- ရေးသားသူ, ဆွာမိနာသန် နာတာရာဂျန်
- ရာထူးတာဝန်, BBC World Service
သတိပေးချက် - ယခုသတင်းဆောင်းပါးတွင် စိတ်အနှောင့်အယှက်ဖြစ်နိုင်သော ရုပ်ပုံနှင့် အကြောင်းအရာများ ပါဝင်ပါသည်။
အီရန်မှာ အစိုးရက သေဒဏ်တွေကို ပျော်ပျော်ကြီး ဆက်တိုက် စီရင်နေပုံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ဇူလိုင်လ နောက်ဆုံးပတ် တစ်ပတ်ထဲမှာ လူပေါင်း ၃၂ ယောက်ကို သေဒဏ်စီရင်ခဲ့ပြီး အဲဒီအထဲမှာ သူတို့ ခင်ပွန်းသည်တွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ အမျိုးသမီး သုံးယောက်လည်း ကြိုးပေးစီရင်ခံခဲ့ရပါတယ်။
"အီရန်မှာ လူသတ်မှုအတွက် ထောင်ဒဏ်ဆိုတာ မရှိဘူး၊ ခွင့်လွှတ်ချင်လွှတ် မလွှတ်ရင်တော့ သေဒဏ်ပဲ" လို့ အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ အဗ္ဗဒူရာမန် ဘိုရူမန်စင်တာက ဒါရိုက်တာ ရိုယာဘိုရူမန်က ပြောပါတယ်။
အီရန်ထက်ပိုပြီး လူများများသေဒဏ်စီရင်တဲ့ နိုင်ငံတွေရှိပေမဲ့ အမျိုးသမီးတွေကို ကွပ်မျက်တာ အီရန်က အများဆုံးဆိုတာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ အေအိုင်ရဲ့ နှစ်စဉ်အစီရင်ခံစာတွေက ပြနေပါတယ်။
ဘာကြောင့် အီရန်က အမျိုးသမီးတွေကို သေဒဏ်စီရင်နေတာပါလဲ။
သေဒဏ်
ဇူလိုင်လကုန်မှာ ကွပ်မျက်ခံရတဲ့ အမျိုးသမီးသုံးဦးအပြင် ဒီနှစ်ပထမခြောက်လထဲမှာပဲ နောက်ထပ် အမျိုးသမီးခြောက်ဦး သေဒဏ်စီရင်ခံခဲ့ရပြီးပြီလို့ အဗ္ဗဒူရာမန် ဘိုရူမန်စင်တာရဲ့ မှတ်တမ်းအရ သိရပါတယ်။
သေဒဏ်စီရင်ခံရသူ အများစုကြီးက အမျိုးသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးဦးရေကလည်း တခြားနိုင်ငံတွေနဲ့ စာရင် တော်တော်များနေပါတယ်။
"သက္ကရာဇ် ၂၀၀၀ က အခု ၂၀၂၂ ခုနှစ်အတွင်း အမျိုးသမီး အနည်းဆုံး ၂၃၃ ယောက် သေဒဏ်ပေးခံခဲ့ရတယ်လို့ မှတ်တမ်းရှိတယ်" ဆိုပြီး ဘိုရူမန်က ပြောပြပါတယ်။
"၁၀၆ ယောက်က လူသတ်မှုနဲ့ သေဒဏ်ပေးခံရတာ၊ ၉၆ ယောက်ကတော့ မူးယစ်မှုနဲ့ စွပ်စွဲခံရတာ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
နောက်ထပ်အနည်းစုကတော့ အိမ်ထောင်ပြင်ပမှာ လိင်ဆက်ဆံမှုနဲ့ ကွပ်မျက်ခံရတာလို့ ယူဆရပါတယ်။
အခုလိုသေဒဏ်စီရင်ခံတဲ့ အမှုတွေထဲက ၁၅% လောက်ပဲ တရားဝင်ထုတ်ပြန်ကြေညာတယ်၊ ကျန်တာတွေကိုတော့ တခြားနိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းထောင်အမှုထမ်းတွေထဲက သတင်းပေးသူတွေဆီက သိရတာလို့ မစ္စ ဘိုရူမန်က ပြောပြပါတယ်။
အခုလို သေဒဏ်စီရင်မှုတွေများနေရတဲ့ အကြောင်းတစ်ခုက နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်ကြောင့် ဖြစ်တယ်လို့ ဘိုရူမန်က ဆိုပါတယ်။ အီရန် ဥပဒေမှာ လူသတ်မှုကြောင့် ပေးတဲ့ သေဒဏ်ကို အစိုးရက လျှော့ပေါ့ပေးခွင့်မရှိပါဘူး။ သေဆုံးသူရဲ့ မိသားစုကပဲ ခွင့်လွှတ်ကြေအေးတာမျိုး လုပ်ခွင့်ရှိပါတယ်။
ကူရာကယ်ရာမဲ့
အီရန်က တက်ကြွလှုပ်ရှားသူ အာတီနာ ဒါအေမီဟာ ခင်ပွန်းသည်ကို သတ်မှုနဲ့ ပြီးခဲ့တဲ့အပတ်က ကွပ်မျက်စီရင် ခံလိုက်ရတဲ့ အသက် ၄၀ အရွယ် အာဖဂန်အမျိုးသမီး ဆာနူဘာ ဂျာလာလီအတွက် နောက်ဆုံးအချိန်မှာ သေဒဏ်ကို လျှော့ပေါ့ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဂျာလာလီရဲ့ ခင်ပွန်းသည် မိသားစုဘက်က သူ့ကို ခွင့်လွှတ်ပေးနိုင်ဖို့ ဒါအေမီက ကြားကဝင်စေ့စပ်ပေးဖို့ ကြိုးစားတာပါ။
"သတ်ခံရသူ အမျိုးသားရဲ့ မိသားစုကို ရှာပြီး သူတို့ကို မေတ္တာရပ်ခံတောင်းပန်ဖို့ ကြိုးစားတာပါ။ အကျဉ်းထောင် အာဏာပိုင်တွေက ဘာမှ အကူအညီမပေးဘူး။ ဂျာလာလီအတွက် အစိုးရက ငှားပေးထားတယ်ဆိုတဲ့ ရှေ့နေရဲ့ ဖုန်းနံပါတ်လည်း မပေးဘူး။ ကျွန်မတို့ မေတ္တာရပ်ခံချက်တွေ အားလုံးကို လျစ်လျူရှုခဲ့တယ်" လို့ ဒါအေမီက ဘီဘီစီကို ပြောပြပါတယ်။
"သေဆုံးသူရဲ့ မိသားစုတွေကို သွေးကြွေးလျော်ကြေးငွေလက်ခံပြီး ကြေအေးခွင့်လွှတ်ပေးဖို့ တစ်ခါတလေ ထောင်အာဏာပိုင်တွေက ကူညီပေးတတ်တယ်၊ အမြဲတမ်းတော့ မလုပ်ပေးပါဘူး။"
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ထောင်ထားတဲ့ ဘိုရူမန်က သူ အောင်မြင်မှုတချို့ရခဲ့ဖူးတယ်ဆိုတာကို ပြန်ပြောပြပါတယ်။ တခြား သူ့လို လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး လူနှစ်ယောက်ကို ကွပ်မျက်စီရင်ခံရမယ့်ဘေးက ကယ်နိုင်ခဲ့ပြီး နောက်ထပ် ရှစ်ယောက်ကိုလည်း သူတို့ ခြေလက်တွေ ဖြတ်တောက် ပြစ်ဒဏ်ပေးခံရမယ့်ဘေးက ကယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျာလာလီနဲ့ တစ်နေ့တည်းမှာ စီရင်ခံရတဲ့ အမျိုးသမီးနှစ်ယောက်ထဲမှာ တစ်ယောက်က အသက် ၁၅ နှစ်နဲ့ အိမ်ထောင်ချပေးခံခဲ့ရတဲ့ မိန်းကလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့ခင်ပွန်းကို လွန်ခဲ့တဲ့ ငါးနှစ်က သတ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။
ခုခံချေပခွင့် အပြည့်အဝ မရ
ဒါအေမီကိုယ်တိုင်က သူ့ရဲ့ တက်ကြွလှုပ်ရှားမှုကြောင့် ထောင်ထဲမှာ ခုနစ်နှစ်နေခဲ့ရသူပါ။ အမျိုးသမီးထောင်တွေမှာ အခြေခံလိုအပ်ချက်တွေလည်း ပြည့်ပြည့်စုံစုံမရှိဘဲ တစ်ခါတလေရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။
တရားစီရင်ရေးစနစ်နဲ့ တရားရုံးအဆင့်ဆင့်မှာလည်း အမျိုးသမီးတွေဘက်ကို ဖိထားတယ်လို့ သူက ပြောပါတယ်။ အမျိုးသားတွေပဲ တရားသူကြီးလုပ်ခွင့်ရှိပြီး ရှေ့နေအများစုကလည်း အမျိုးသားတွေ ဖြစ်နေပါတယ်။
အီရန်မှာ တရားရုံးတွေက စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် တရားခံရှေ့နေတွေ ထားပေးရပါတယ်။ ဒါပေမဲ့ အဲဒီလို "တရားရုံးက ခန့်ပေးတဲ့ ရှေ့နေ အတော်များများက တရားသူကြီးဟောင်းတွေ၊ တရားစွဲအရာရှိဟောင်းတွေ" ဖြစ်နေကြလို့ သူတို့က တရားခံဘက်ကို ဥပဒေအကူအညီအများကြီး မပေးကြဘူးလို့ ဒါအေမီက ပြောပြပါတယ်။
"လူသတ်မှုတွေမှာ ကိုယ့်မှာအပြစ်မရှိပါဘူးလို့ ကိုယ်တိုင်သက်သေပြနိုင်ဖို့က မလွယ်ပါဘူး။ အဲဒီလို အမှုတွေမှာ အသတ်ခံရသူရဲ့ မိသားစုပြောတဲ့စကားတွေက စွပ်စွဲခံရသူရဲ့ စကားထက် အများကြီးပိုတာသွားပါတယ်၊ အလေးသာပါတယ်။"
အမျိုးသမီးတွေကို ခွဲခြားထားတဲ့ စနစ်
အခု နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ အီရန်အမျိုးသမီးသတင်းသမား အာဆီအေမီနီဟာ အမျိုးသမီးတွေ သေဒဏ်ချခံရတဲ့ အမှုတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေခဲ့သူပါ။ အဓိက ပြဿနာက တရားစီရင်ရေးစနစ်မှာကို ရှိနေတာလို့ သူကပြောပါတယ်။
"ဥပဒေအရဆိုရင် ဖခင်တွေနဲ့ ဖခင်ဘက်က အဘိုးက အိမ်ထောင်ဦးစီးလို့သတ်မှတ်ထားတယ်။ သူတို့ကပဲ သမီးတွေရဲ့ ကံကြမ္မာကိုဆုံးဖြတ်တယ်၊ အိမ်ထောင်ရေး အပါအဝင်ပေါ့" လို့ အေမီနီက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် အတင်းအကျပ်ပေးစားခံခဲ့ရတဲ့ မိန်းကလေးတွေဟာ အိမ်တွင်း အကြမ်းဖက်ခံရတာမျိုး အပါအဝင် ပြဿနာတွေနဲ့ ကြုံရတတ်ပြီး ကွာရှင်းခွင့်တောင်းရင်လည်း အီရန်တရားရုံးတွေကလည်းခွင့်ပြုတယ် ဆိုတာက မဖြစ်နိုင်သလောက်ပါပဲလို့ သူက ပြောပြပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိဘအရင်းတွေရဲ့ အဆက်အသွယ်ဖြတ်မှုကိုတောင် ခံရတတ်ပါတယ်။ မိဘတွေက မိသားစုရဲ့ ဂုဏ်သိက္ခာအတွက်ဆိုပြီး ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သမီးတွေကို အဆက်ဖြတ်တတ်ကြပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ တချို့အမျိုးသမီးတွေဟာ အိမ်တွင်းမှာ အကြမ်းဖက်ခံရသူတွေအဖြစ် တစ်သက်တာလုံး နေထိုင်သွားကြရတတ်ပါတယ်လို့ အေမီနီက ပြောပါတယ်။ အဲဒီလို မနေနိုင်ဘူးလို့ ဆုံးဖြတ်ကြသူတွေကတော့ သူတို့ ခင်ပွန်းသည်တွေကို သတ်ဖို့ စဉ်းစားလာကြပါတယ်။
"တချို့ အမျိုးသမီးတွေက သူတို့ကိုယ်တိုင် သတ်တာ ဒါမှမဟုတ် တစ်ယောက်ယောက်က ကူပြီး သတ်ပေးတာဆိုတာကို ဝန်ခံကြတယ်။ ဒါပေမဲ့ သူတို့အားလုံးလိုလို အလေးအနက်အပြောကြတာက သူတို့ခံစားနေရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ အကာအကွယ်သာရခဲ့ရင် သူတို့ ဒီလို လူသတ်မှုမျိုးကို လုံးဝကျူးလွန်ဖို့ စဉ်းစားမှာ မဟုတ်ဘူးဆိုတာပါ" လို့ အေမီနီက ပြောပါတယ်။
အရွယ်မရောက်သေးသူတွေကိုလည်း ကွပ်မျက်
တရားရုံးတွေက မိန်းကလေးတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး နမူနာတစ်ခုအဖြစ် အသက် ၁၆ နှစ်အရွယ် အာတီဖာ ဆာဟာလာဆိုတဲ့ မိန်းကလေးအကြောင်း အေမီနီက ပြောပြပါတယ်။ ဆာဟာလာဟာ အမျိုးသားတစ်စုရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံခဲ့ရသူပါ။
ဒီမိန်းကလေးအတွက် တရားမျှတမှုကို ရှာပေးရမယ့်အစား တရားသူကြီးတွေက သူဟာ အိမ်ထောင်ပြင်ပမှာ လိင်ဆက်ဆံတယ်ဆိုပြီး ၂၀၀၄ ခုနှစ်က ဆုံးဖြတ်ခဲ့ပါတယ်။
"မိန်းကလေးက တကယ်တော့ အဓမ္မအကျင့်ခံရတာ၊ ဒါကို တရားသူကြီးတွေက သူဟာ အမျိုးသားတချို့နဲ့ လိင်ဆက်ဆံခဲ့တယ်လို့ ဝန်ခံပါတယ်ဆိုပြီး သေဒဏ်ချလိုက်တယ်" လို့ အေမီနီကပြောပြပါတယ်။
အီရန်မှာ ကျင့်သုံးတဲ့ အစ္စလာမ်တရားဥပဒေအရ အိမ်ထောင်မရှိသေးသူတစ်ဦးက လိင်ဆက်ဆံတယ်ဆိုရင် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူ့ကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ခံရမှာဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။ အဲဒီလိုမျိုး သုံးကြိမ်ကျူးလွန်ပြီးပြီဆိုရင် စတုတ္ထအကြိမ် ကျူးလွန်ရင် သေဒဏ်ချခံရနိုင်ပါတယ်။
"အာတီဖာရဲ့ အမှုမှာဆိုရင် ဒီလို ရက်စက်တဲ့ဥပဒေကိုတောင် အတိအကျမကျင့်သုံးခဲ့ဘူး၊ သူ့ကို ကြိမ်ဒဏ် အချက် ၁၀၀ စီ နှစ်ကြိမ်ပဲ ပေးရသေးတယ်၊ တရားသူကြီးက သူ့ကို သေဒဏ်ချလိုက်တာ" လို့ အေမီနီက ပြောပြပါတယ်။
"စတုတ္ထအကြိမ်ဆိုပြီး အဲဒီ ဟာဂျီ ရေဇာအီဆိုတဲ့ တရားသူကြီးက သူကိုယ်တိုင် အာတီဖာရဲ့ လည်ပင်းမှာ ကြိုးကွင်းစွပ်လိုက်တာ။"
ကွပ်မျက်ခံရမယ့်သူတွေအပေါ် လက်စားချေချင်တဲ့ ဆန္ဒတွေကလည်း အဆုံးမသတ်နိုင်အောင်ရှိတာ တွေ့ရပါတယ်။ သေဒဏ်ပြစ်ဒဏ်ကို ဆန့်ကျင်လှုပ်ရှားနေသူ နာဂက်စ် မိုဟာမာဒီက ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ အဲဒီမှာ သူက ခင်ပွန်းသည်ကို သတ်မှုနဲ့ ကြိုးပေးခံရတဲ့ အမျိုးသမီးကို သားဖြစ်သူ ကိုယ်တိုင်က သူ့အမေ ကြိုးစင်ပေါ်မှာ တက်ရပ်နေရတဲ့ ခုံကို ကန်ထုတ်ပြီး စီရင်ခဲ့တဲ့ ဖြစ်စဥ်ကို ပြန်ပြောပြခဲ့ပါတယ်။
အသတ်ခံရတဲ့ အမျိုးသားရဲ့ မိသားစုတွေက အဲဒီသားဖြစ်သူကို မိသားစု ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ပါ ဆိုပြီး ဖိအားတွေ အတင်းပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း မိုဟာမာဒီက ပြောပါတယ်။
ခြိမ်းခြောက်စရာ လက်နက်
ဥပဒေမှာ ခွဲခြားထားမှု၊ တရားရုံးတွေနဲ့ အီရန်ရဲ့ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို ချောင်ပိတ်ပြီး အကျဥ်းအကျပ်ထဲရောက်နေစေတယ်လို့ အေမီနီက ဆိုပါတယ်။ ဒါကြောင့်အမျိုးသမီးတွေဟာ ပြစ်မှုကျူးလွန်သူ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ကျူးလွန်ခံရသူတွေ အဖြစ်နဲ့ အဆုံးသတ်သွားရတယ်လို့ သူက မြင်ပါတယ်။ ဒါပေမဲ့ အီရန် အစိုးရက ဘာလို့ အခုလို သေဒဏ်တွေကို ဆက်တိုက်စီရင်နေတယ်ဆိုတာကိုတော့ သူရှင်းမပြနိုင်ပါဘူး။
ထောင်တစ်ခုကနေ တစ်ခုသွားပြီး ဒီအမှုတွေကို လေ့လာနေတဲ့ နှစ်ပေါင်းများစွာအတွင်း အီရန်အစိုးရက ဒီလိုရက်စက်တဲ့ ပြစ်ဒဏ်ပေးမှုကြောင့် ဘယ်လိုအကျိုးအမြတ်ရနေသလဲဆိုတာကို နားမလည်ခဲ့ဘူးလို့ သူက ပြောပါတယ်။
ဘိုရူမန် စဉ်းစားမိတာ တစ်ခုတော့ ရှိပါတယ်။
အီရန်က ထောင်တွေဟာ အခုဆို နိုင်ငံရေးအကျဥ်းသားတွေ၊ မူးယစ်ဆေးမှုနဲ့ စွဲဆိုခံရသူတွေနဲ့ ပြည့်နေလို့ ထောင်အာဏာပိုင်တွေက အသတ်ခံရသူတွေရဲ့ မိသားစုတွေကို အမှုကို အမြန်အဆုံးသတ်ဖို့ ကြေအေးချင်ကြေအေး၊ မအေးချင်ရင် သေဒဏ် အမြန်စီရင်ဖို့ ဖိအားတွေပေးကြတယ်လို့ သူက ယုံကြည်ပါတယ်။
အဲဒါကြောင့် နောက်ထပ်လူအတော်များများ ကြိုးစင်တက်ရဖို့ ဖြစ်လာလိမ့်မယ်လို့ ဘိုရူမန်က စိုးရိမ်နေပါတယ်။
တစ်ခါ အာဏာပိုင်တွေမှာ အကျဥ်းသားတွေကို သေဒဏ်စီရင်တဲ့ နောက်ထပ် ရည်ရွယ်ချက်ကြီးတစ်ခု ရှိနေလိမ့်မယ်လို့ ဘိုရူမန်က သံသယရှိထားပါတယ်။
"မကြာသေးခင်တုန်းက လူတစ်ယောက်ကို လက်ကိုဖြတ်တဲ့ ပြစ်ဒဏ်စီရင်တယ်။ အဲဒီလို ဖြတ်တာကို တခြားမြို့က အကျဥ်းသားတွေကို ခေါ်လာပြီး လုပ်ခိုင်းတယ်။ ဒါကို အာဏာပိုင်တွေကတော့ မထုတ်ပြန်ဘူး။ ဒါပေမဲ့ ဒီလို စီရင်တဲ့ အကြောင်းသတင်းက ပျံ့သွားပြီး လူထုကြားမှာ တက်ကြွလှုပ်ရှားသူတွေကြားမှာ အကြောက်တရားတွေ ဖြစ်လာစေပါတယ်။"
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဘီဘီစီက တောင်းဆိုတာကို အီရန်အစိုးရက မတုံ့ပြန်ပါဘူး။ ဒါပေမဲ့ အီရန်တရားရေးဌာနကတော့ သေဒဏ်စီရင်မှုတွေဟာ ဥပဒေနဲ့ညီညွတ်ပြီး အီရန်က လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတကာသဘောတူညီချက်တွေကိုလည်း ချိုးဖောက်ခြင်းမရှိဘူးလို့ အရင်က ပြောထားဖူးပါတယ်။ ညှဥ်းပန်းနှိပ်စက်တာ၊ အဓမ္မဝန်ခံစေတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကမမှန်ဘူးလို့ အီရန်အစိုးရက အကြိမ်ကြိမ်ငြင်းထားခဲ့ပါတယ်။