အီရန်- အိမ်မွေးခွေးတွေ၊ကြောင်တွေ မွေးတာနဲ့ ထောင်ကျတော့မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်မြို့တော် တဟီရန်က ခွေးမွေးထားသူ မာရှာက သူ့ခွေးထီးလေး လမ်းလျှောက်ထွက်ဖို့ အမူအရာနဲ့ တောင်းဆိုနေတာကို မလိုက်လျောရဲဘဲ ဖြစ်နေပြီး အဖမ်းခံရမှာ ကြောက်နေရတယ်လို့ ပြောဆိုလာပါတယ်။
တဟီရန်မြို့အတွင်းမှာလည်း လတ်တလော အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ အဖမ်းခံလာရပြီး သူတို့ရဲ့ တိရိစ္ဆာန်တွေလည်း အသိမ်းခံရတာတွေ များလာနေပါတယ်။
မြို့တော်ရဲဌာနက ဆိုရင်လည်း မြို့တွင်း ပန်းခြံတွေမှာ ခွေးခေါ်ပြီး လမ်းလျှောက်စေတာဟာ ရာဇဝတ်မှုဖြစ်တယ်ဆိုပြီး ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
အခုလို တားမြစ်ရတာဟာ အများပြည်သူ လုံခြုံရေး ကာကွယ်ဖို့ ဖြစ်တယ်လို့ ရဲတွေက အကြောင်းပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အီရန်ပါလီမန်မှာ အခုလို အိမ်မွေးတိရိစ္ဆာန်နဲ့ ပတ်သက်တဲ့ အငြင်းအခုံဖြစ်တာတွေ လပေါင်းများစွာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အီရန်ပါလီမန်အနေနဲ့ တိရစ္ဆာန်ဆိုင်ရာ အများပြည်သူ အခွင့်အရေး ကာကွယ်ရေး ဥပဒေကိုလည်း မကြာခင် အတည်ပြုလာနိုင်ပြီး အဲဒီ ဥပဒေအရ အိမ်မွေးတိရစ္ဆာန်မွေးပိုင်ခွင့်ကိုယ်တိုင်ကိုပါ ကန့်သတ်လာနိုင်ပါတယ်။
ဒဏ်ငွေနဲ့ ကန့်သတ်ခြင်း
အခုလို တင်သွင်း အတည်ပြုဖို့ လုပ်လာတဲ့ ဥပဒေအရ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်ခွင့်ကို အထူးကော်မတီတခုရဲ့ ခွင့်ပြုချက်နဲ့ပဲ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဥပဒေအရ တချို့သော တိရစ္ဆာန်အမျိုးအစားတွေကို တင်သွင်းတာ၊ ဝယ်ယူ ရောင်းချတာ၊ ပို့ဆောင်တာနဲ့ လက်ဝယ်ထားရှိတာတွေ လုပ်မယ် ဆိုရင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၀ဝ လောက်အထိ ဒဏ်ငွေတပ်ခံရမယ်လို့ ဆိုပါတယ်။
အခုလို ကန့်သတ် တိရစ္ဆာန်စာရင်းထဲ ပါဝင်တဲ့ သတ္တဝါတွေထဲမှာ သမားရိုးကျ မွေးလေ့မွေးထ ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်တဲ့ ကြောင်၊ လိပ်နဲ့ ယုန်တွေလည်း ပါဝင်နေပါတယ်။
အခုလို အိမ်မွေးတိရိစ္ဆာန်နဲ့ ပတ်သက်တဲ့ အီရန်ပါလီမန်အတွင်း ငြင်းခုံမှုတွေဟာ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက စတင်နေခဲ့တာလို့ အီရန် တိရစ္ဆာန်ကုသရေးအသင်း ဥက္ကဌ ဒေါက်တာ ပရန် မိုဟီဘီက ဘီဘီစီကို ပြောပါတယ်။
အခုလို ငြင်းခုန်မှုတွေကို အီရန်အမတ်အချို့က စလုပ်ခဲ့တာ ဖြစ်ပြီး ခွေးတွေအားလုံးကို ဖမ်းဆီးသိမ်းယူပြီး တိရစ္ဆာန်ရုံတွေကို ပေးပစ်ဖို့ ဒါမှမဟုတ် သဲကန္တာရထဲ သွားပစ်ဖို့ ဆိုတဲ့ ဥပဒေတရပ် ဖြစ်လာအောင် ကြိုးစားခဲ့ကြတယ်လို့ အခုလို ဥပဒေမျိုးကို ဆန့်ကျင်သူ ဒေါက်တာ ပရန် မိုဟီဘီက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ အဲဒီ အမတ်တွေဟာ ဒီဥပဒေကို ပုံစံအမျိုးမျိုး ပြောင်းလဲခဲ့ကြပြီး ခွေးမွေးသူကို သေဒဏ်ပေးဖို့ ဆိုတဲ့အထိတောင် ဆွေးနွေးခဲ့ကြပေမယ့် တကယ်တမ်း လက်တွေ့မှာ ဘာမှ
ဖြစ်မလာသေးခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Courtesy of Dr Payam Mohebi
အီရန်ရဲ့ မြို့ပြသင်္ကေတ တခု ဖြစ်လာတဲ့ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း
ခွေးမွေးခြင်းဟာ အီရန်ရဲ့ တောနယ်ဒေသတွေမှာ သမားရိုးကျ ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် ၂၀ ရာစု အတွင်းမှာတော့ အိမ်မွေးတိရစ္ဆာန်မွေးခြင်း ဆိုတာကိုက မြို့ပြသင်္ကေတ တခုလည်း ဖြစ်လာခဲ့ပါတယ်။
တကယ်တမ်းဆိုရင် အီရန်ဟာ တိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ၁၉၄၈ မှာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေထဲမှာ အစောဆုံး ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီအချိန်က အီရန်အစိုးရဟာ တိရစ္ဆာန်အခွင့်အရေး တိုးမြှင့်ဖို့အတွက် ပထမဆုံး အဖွဲ့အစည်းတရပ်ကိုလည်း ရံပုံငွေ ထောက်ပံ့ ထူထောင်ခဲ့ပြီး အဲဒီ အချိန်က အီရန် တော်ဝင်မိသားစုမှာလည်း ကိုယ်ပိုင်ခွေးတွေ ရှိခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Iranian Royal Family Collection
အီရန် အစ္စလာမ္မစ် တော်လှန်ရေးရဲ့ ရိုက်ခတ်မှု
၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှားဘုရင်ကို ဖြုတ်ချတဲ့ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအပြီးမှာ ကတည်းက အိမ်မွေးတိရစ္ဆာန်တွေရဲ့ အနေအထား ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ္မစ် ထုံးစံအရ တိရစ္ဆာန်တွေကို မသန့်ရှင်းဘူးလို့ ယူဆမှု ရှိထားပြီးသားအပြင် တက်လာတဲ့ အစ္စလာမ္မစ် အစိုးရသစ်ကလည်း ခွေးမွေးတာကို အနောက်တိုင်း ဆန်ခြင်းရဲ့ သင်္ကေတအဖြစ် ရှုမြင်ပြီး တားမြစ်ပိတ်ပင်ဖို့ ကြိုးစားလာခဲ့ပါတယ်။
အခုလို အခြေအနေတွေ ရှိခဲ့တာကြောင့် အိမ်မွေးခွေး ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ နည်းဥပဒေ တိတိပပလည်း ရှိမလာခဲ့ဘူးလို့ မြို့တော် တဟီရန် အခြေစိုက် တိရစ္ဆာန် ဆေးကု ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ အက်ရှ်ကန် ရှီမီရာနီက ဘီဘီစီကို ပြောပါတယ်။
အီရန်ရဲတွေ အနေနဲ့ သူတို့က ဘာကို အနောက်တိုင်းဆန်သလဲ ဆိုတာ အဓိပ္ပာယ်ဖွင့်တဲ့အပေါ် မူတည်ပြီး ခွေးခေါ် လမ်းလျှောက်တဲ့ လူတွေကိုသာမက ကားထဲမှာ ခွေးခေါ်လာတဲ့သူတွေကိုလည်း ဖမ်းချင် ဖမ်းတာပဲလို့ ဒေါက်တာ ရှီမီရာနီက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခွေးထောင် ထားတဲ့အထိ တင်းကြပ်တဲ့ အီရန်
အီရန်ရဲတွေ အနေနဲ့ ခွေးတွေထားတဲ့ ထောင်ကိုတောင် ဖန်တီးထားပြီး အဲဒီမှာ ဘယ်လို အခြေအနေတွေ ဆိုးရွားတယ်ဆိုတာတွေလည်း ပြန်ကြားရတယ်လို့ ဒေါက်တာ ရှီမီရာနီက ဆိုပါတယ်။
အခုလို ဖမ်းခေါ်သွားခံရတဲ့ ခွေးတွေကို လဟာပြင်မှာ အစာနဲ့ ရေကောင်းကောင်း မပေးဘဲ လွှတ်ထားခံရပြီး အဲဒီအချိန်မှာ ခွေးပိုင်ရှင်တွေကလည်း ဥပဒေဆိုင်ရာ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရလေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။
အီရန်ကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်တဲ့အတွက် တိုင်းပြည် စီးပွားရေး ဆိုးရွားနေတာကလည်း အခုလို ဥပဒေ ထွက်လာစေတဲ့ အကြောင်းရင်းတခုလို့ ဆိုပါတယ်။
အီရန်ရဲ့ နိုင်ငံခြားငွေ အရံစုဆောင်းထားမှုကို မထိခိုက်စေဖို့ ရည်ရွယ်တဲ့အတွက်လည်း ပြည်ပကနေ တိရစ္ဆာန်အစာ တင်သွင်းမှုကို အစိုးရက သုံးနှစ် ပိတ်ပင်ထားပါတယ်။
အီရန်မှာ အိမ်မွေး တိရစ္ဆာန်အစာအတွက် နိုင်ငံခြားတံဆိပ်တွေသာ ရှိတဲ့အတွက် မှောင်ခိုဈေးကွက်လည်း ပေါ်လာချိန်မှာ ဈေးတွေလည်း တက်သွားခဲ့ပါတယ်။
မက်ရှ်ဟက်ဒ်မြို့က တိရစ္ဆာန်ဆေးကုခန်းပိုင်ရှင်တဦးရဲ့ ဘီဘီစီကို အပြောအရ ဆိုရင်လည်း ဒီတိရိစ္ဆာန်အစာ ခိုးသွင်းနေတဲ့သူတွေကိုပဲ အများဆုံး အားကိုးနေရတယ်လို့ ဆိုပါတယ်။
တိရိစ္ဆာန်အစာ ဈေးကလည်း ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ဈေးနဲ့ ယှဉ်ရင်ကိုပဲ ငါးဆလောက် တက်သွားပြီး ပြည်တွင်းထုတ် တိရစ္ဆာန်အစာတွေကျတော့လည်း အရည်အသွေးနဲ့ အဆင့်အတန်း မမီတဲ့ ပြဿနာရှိတယ်လို့ သူက ဆိုပါတယ်။

ကြောင်တွေလည်း ကန့်သတ်ပိတ်ပင်တဲ့အထဲ ပါဝင်
အီရန်မှာ မကြာခင် အတည်ဖြစ်လာနိုင်တဲ့ တိရစ္ဆာန်ဆိုင်ရာ ဥပဒေအရ တားမြစ်ကန့်သတ်စာရင်းထဲမှာ ခွေးတွေသာမကပဲ ကြောင်တွေလည်း ပါဝင်နေပါတယ်။
တကယ်တမ်းဆိုရင် အီရန်ဟာ ပါရှန်းကြောင်တွေရဲ့ မူလ မွေးဖွားဇာတိ အဖြစ် လူသိများပြီး ဒီကြောင်မျိုးကလည်း ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အမွေးများတဲ့ ကြောင်မျိုးရိုးတွေထဲက တခုဖြစ်ပါတယ်။
အခုဆိုရင် အဲဒီ ပါရှန်း ကြောင်တွေက သူတို့ မူလမွေးရပ်မြေမှာတောင် မလုံခြုံတဲ့ အခြေအနေရောက်နေတာ မယုံနိုင်စရာ ဖြစ်ရတယ်လို့လည်း တဟီရန် အခြေစိုက် တိရိစ္ဆာန်ဆေးကု ဆရာဝန်တဦးက ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ မိုဟီဘီက ဆိုရင်လည်း အခုလို အဆိုပြုလာတဲ့ ဥပဒေဟာ အတော် ရှက်စရာကောင်းပြီး အဓိပ္ပာယ်လည်း မဲ့နေရာမှာ တင်းမာသူတွေက အာဏာပြချင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မာရှာလို အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ သားသမီးလို ချစ်ရတဲ့ ခွေးတွေ၊ ကြောင်တွေကို မွေးခွင့်တောင် မလျှောက်ရဲပဲ ဖြစ်နေပြီး လက်လွှတ်လိုက်ရမှာကို ဆက်လက် စိုးရိမ်နေကြပါတယ်။










