အီရန်ဗိုလ်ချုပ်ကို အမေရိကန်တိုက်ခိုက်သတ်ဖြတ်မှု ဥပဒေနဲ့ မညီဘူးလို့ ကုလအထူးအရာရှိဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂအထူးအရာရှိတယောက်က ပြောလိုက်ပါတယ်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးမှာ ဗိုလ်ချုပ်ကြီးဆူလေမာနီနဲ့ အတူ နောက်လူ ၉ ယောက်ဟာ ဇန်နဝါရီလတုန်းက အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ ဘာ့ကြောင့် လုပ်သင့်လုပ်ထိုက်ကြောင်း အမေရိကန် အစိုးရဘက်က လုံလောက်တဲ့ သက်သေ အထောက်အထားမပြသနိုင်ခဲ့ဘူးလို့ ဥပဒေမဲ့သတ်ဖြတ်ခြင်းများဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ အန်းညက်စ်ကာလာမတ်က အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂအရာရှိဟာ အကြမ်းဖက်သမားတွေအပေါ် မျက်နှာသာပေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်စွပ်စွဲပြောဆိုပါတယ်။
အဲဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လူသတ်မှု၊ အကြမ်းဖက်မှုနဲ့ စွဲချက်တင်ပြီး အီရန်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တခြား ၃၅ ယောက်ကို ပြီးခဲ့တဲ့ အပတ်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ကာဆမ်ဆူလမာနီက ဘယ်လိုလူလဲ
အီရန်ရဲ့ အချုပ်အချာခေါင်းဆောင် အာလီခါမေနီပြီးရင် သူဟာ အာဏာအရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံရသူဖြစ်ပါတယ်။
သူဟာ အီရန်တော်လှန်ရေးတပ်ဖွဲ့ပြည်ပလက်နက်ကိုင်လှုပ်ရှားမှုဖြစ်တဲ့ ကာ့ဒ် တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။
အီရန်ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒဆိုင်ရာ ပိသုကာလည်း ဖြစ်ပါတယ်။
ကာ့ဒ်တပ်ဖွဲ့နဲ့ တခြား မဟာမိတ် အစိုးရတွေ ဆက်ဆံရေးဆိုင်ရာ စည်းမျဥ်း၊ ဘဏ္ဍာရေး၊ လက်နက်၊ ထောက်လှမ်းရေးအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး တာဝန်ယူရသူ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲမှာ ဟစ်ဇဘိုလာ၊ ဟားမတ်စ်၊ အစ္စလာမ်ဂျီဟတ်အဖွဲ့တို့ ပါဝင်ပါတယ်။
သမ္မတထရမ့်ကတော့ ဆူလေမာနီကို ကမ္ဘာ့ နံပါတ်တစ် အကြမ်းဖက်သမားလို့ဆိုပါတယ်။
ဆူလေမာနီရဲ့ ဦးဆောင်မှုအောက်မှာ ကာ့ဒ်တပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံသားနဲ့ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ရာနဲ့ချီပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ သမ္မတထရမ့်က စွပ်စွဲပါတယ်။ဒီဇင်ဘာလတုန်းက အီရတ်ကို ဒုံးကျည်နဲ့တိုက်ခိုက်မှုမှာ အမေရိကန်ရဲ့ အရပ်ဘက်ကိုယ်စားလှယ် တယောက်သေဆုံးခဲ့တယ်လို့လည်း သမ္မတထရမ့်က စွပ်စွဲပါတယ်။
ဆူလေမာနီ သေဆုံးခဲ့ပုံ
ဗိုလ်ချုပ်ကြီး ဆူလေမာနီဟာ ဆီးရီးယားကနေ ဘဂ္ဂဒက်လေဆိပ်ကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ အီရတ်ရှီးယားတပ်ဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အတူ သူဟာ လေဆိပ်ကထွက်ခွာလာစဥ် အမေရိကန် ဒရုန်းလေယာဉ်ကနေ မစ်ဇိုင်းဒုံးတွေနဲ့ ယာဥ်တန်းကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဗိုလ်ချုပ်ကြီး ဆူလေမာနီနဲ့ အတူ အီရတ် Popular Mobilisation Forces ရဲ့လက်ထောက်ဦးစီးချုပ် အဘူမာဒီအယ်လ်မူဟန်ဒီလည်း သေဆုံးခဲ့ပါတယ်။
သမ္မတထရမ့်က အမေရိကန်နဲ့ အီရတ်စစ်ပွဲကို ရပ်တန့်နိုင်ဖို့အတွက် သူကိုယ်တိုင် တိုက်ခိုက်မိန့်ပေးခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဆူလေမာနီ သေဆုံးပြီး ၅ ရက်အကြာမှာ အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းနှစ်ခုကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကုလသမဂ္ဂအရာရှိရဲ့ အစီရင်ခံစာ
ကုလသမဂ္ဂ အထူးအရာရှိ အန်းညက်စ်ကာလာမတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံကို အင်္ဂါနေ့က သူ့ရဲ့တွေ့ရှိချက်တွေ တင်ပြခဲ့ပါတယ်။
အစီရင်ခံစာမှာ အဓိကဖော်ပြတာက ဆူလေမာနီဟာ အမေရိကန်အကျိုးစီးပွားကို တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း တိတိကျကျ သက်သေမပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ အီရတ်မှာ အဲသလို ကြံစည်မှုမျိုးရှိကြောင်း သက်သေမပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
“ဆူလေမာနီဟာ ဆီးရီးယားနဲ့ အီရတ်မှာ စစ်ရေးဆိုင်ရာ သေနင်္ဂဗျူဟာ ချမှတ် အကောင်အထည်ဖော်သူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုမျိုးကို သက်သေမပြနိုင်တဲ့အတွက် အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ တရားဥပဒေနဲ့ မညီဘူး”လို့ သူက အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်ကတော့ သူတို့ရဲ့ မိမိကိုယ်ကိုယ် ကာကွယ်တဲ့ လုပ်ရပ်ကို ကုလသမဂ္ဂက ရှုတ်ချပြီး ဗိုလ်ချုပ်ဆူလေမာနီရဲ့ အတိတ်က အကြမ်းဖက်လုပ်ရပ် နာမည်ပျက်တွေကို ထည့်မပြောတာဟာ မရိုးသားတာပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တေကဂူက ဗုဒ္ဓဟူးနေ့က တုံ့ပြန်ပြောဆိုပါတယ်။
တဖက်သတ် ဘက်လိုက်ပြီး ငြီးငွေ့စရာကောင်းတဲ့ အစီရင်ခံစာဟာ အကြမ်းဖက်သမားတွေကို မျက်နှာသာပေးပြီး လူ့အခွင့်အရေးကို သေးသိမ်အောင်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ အမေရိကန် နုတ်ထွက်ခဲ့တာ မှန်ကန်ကြောင်း ထပ်ပြီး သက်သေပြတဲ့အချက်ပဲလို့လည်း ဆိုပါတယ်။








