ခိုလှုံခွင့်တောင်းသူတွေကို ယူကေက ရ၀မ်ဒါကို ဘာကြောင့်ပို့တာလဲ

ယူကေကိုရောက်လာတဲ့ ခိုလှုံခွင့်တောင်းသူတချို့ကို အာဖရိကတိုက်က ရ၀မ်ဒါနိုင်ငံကို ပို့ဆောင်မယ့် အစီအစဉ် စတင်လုပ်ဆောင်နေပါပြီ။

ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အဲဒီအစီအစဉ်ကနေ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ယူကေထဲကို၀င်ဖို့ ကြိုးစားမယ့်သူတွေ ဆက်၀င်မလာအောင် တားဆီးနိုင်လိမ့်မယ်လို့ ယူကေအစိုးရက ပြောပါတယ်။

ရဝမ်ဒါ ခိုလှုံခွင့်အစီအစဉ်က ဘာလဲ

ငါးနှစ်ကြာ စမ်းသပ်မှု အစီအစဉ်နဲ့ ဒုက္ခသည်တချို့ကို ရဝမ်ဒါကိုပို့ပြီး အဲ့ဒီမှာ ခိုလှုံခွင့်တောင်းရမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဥ်ကို ပထမအကြိမ်အဖြစ် ဇွန်လ၁၄ ရက် အင်္ဂါနေ့မှာပို့ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

ခိုလှုံခွင့်တောင်းသူတွေကို ရ၀မ်ဒါကိုပို့မယ့် ယူကေအစိုးရ မူဝါဒရဲ့ အဓိကရည်ရွယ်ချက်က တရားမဝင် အန္တရာယ်များတဲ့ နည်းလမ်းတွေနဲ့ လှေငယ်တွေ၊ကုန်တင်ကားတွေ နဲ့ ယူကေကို ၀င်လာတဲ့ လူငယ် လူလွတ်တွေကို ရည်ရွယ်တာပါ။

အဲ့ဒီကိုရောက်သွားတဲ့သူတွေအတွက် ရ၀မ်ဒါအစိုးရက တာ၀န်ယူဆောင်ရွက်မှာဖြစ်ပြီး အလုပ်အကိုင်၊ ဝန်ဆောင်မှုတွေနဲ့ တန်းတူညီမျှ အခွင့်အရေးတွေရရှိကြမှာပါလို့ ယူကေ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ပြောပါတယ်။

ရ၀မ်ဒါကို လူဘယ်လောက်ပို့မှာလဲ

ဇန်နဝါရီလ၁ရက်နေ့ကစပြီး ယူကေကို တရားမ၀င်ဝင်ရောက်လာတဲ့ ဘယ်သူ့ကိုမဆို အရေအတွက်အကန့်အသတ်မရှိ ရ၀မ်ဒါကိုပို့မယ်လို့ ယူကေ၀န်ကြီးချုပ်က ပြောထားပါတယ်။

မူလက ၃၇ ဦးကို အင်္ဂါနေ့မှာပို့ဖို့ စီစဉ်ထားပေမယ့် တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ပို့မယ့် အရေအတွက်ကို သိသိသာသာ လျှော့ချခဲ့ရတယ်လို့ ပြည်ထဲရေး၀န်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ဘီဘီစီကို ပြောပါတယ်။

ရှစ်ဦးကို လေယာဉ်နဲ့ ပို့ဖို့ အဆင်သင့်လုပ်ထားပြီလို့ ပြည်ထဲရေး၀န်ကြီးဌာနကပြောပေမယ့် Care4Calais ပရဟိတအဖွဲ့ကတော့ ခုနစ်ဦးလို့ ပြောပါတယ်။

လူနည်းနည်းပဲဖြစ်ဖြစ် ဘယ်လောက်ပဲပါပါ ရ၀မ်ဒါကို သွားမယ့်လေယာဉ် အင်္ဂါနေ့ ထွက်ဖို့စီစဉ်ထားတဲ့အကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီး လစ်ထရက်စ်က အခိုင်အမာပြောထား ပါတယ်။ "ဒီနေ့ လေယာဉ်ပေါ်မှာ လူတွေမပါရင်တောင် နောက်ဆက်တွဲ လေယာဉ်နဲ့ ရဝမ်ဒါကို ပို့ပါမယ်။"

ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေက ဘာတွေလဲ

ခိုလှုံခွင့်တောင်းခံသူတွေကို ကိုယ်စားပြုကူညီနေတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေက လူ့အခွင့်အရေးနဲ့ ခေတ်သစ်ကျွန်ပြုမှုဆိုင်ရာတွေကို ကိုးကားပြီး ဒီအစီအစဉ်ကို ဥပဒေအရ ဆန့်ကျင်နေကြပါတယ်။

ရ၀မ်ဒါကိုပို့မယ့် လေယာဉ်မထွက်နိုင်အောင် လူထုနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုသမဂ္ဂ၊ Care4Calais ပရဟိတအဖွဲ့၊ Detention Action အဖွဲ့တွေရဲ့ တနင်္လာနေ့က အယူခံ အဆိုပြုချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

လေယာဉ်မထွက်ခွာမီ နောက်ထပ် တရားရေးဆိုင်ရာ စိန်ခေါ်မှု ၃ ခုကို ယူကေကတရားရုံးတွေမှာ ကြားနာရဖွယ်ရှိပါတယ်။

ယူကေမှာနေထိုင်ခွင့်ရဖို့ အယူခံဝင်တာနဲ့ တရားဝင်အကူအညီရဖို့ အချိန်လုံလုံလောက်လောက် မပေးတာကြောင့် ခိုလှုံခွင့်တောင်းခံသူတွေကို ပြည်နှင်ဒဏ်ပေးတဲ့အစီအစဉ်က တရားမျှတမှုမရှိဘူးလို့ Asylum Aidအဖွဲ့ကလည်း ပြောပါတယ်။

ရဝမ်ဒါဟာ ခိုလှုံခွင့်တောင်းခံသူတွေအတွက် ဘေးကင်းတဲ့နေရာလား၊ ဒီကိစ္စက လူ့အခွင့် အရေးဆိုင်ရာ ဥရောပ သဘောတူညီချက်ကို ချိုးဖောက်ရာကျမနေဘူးလား ဆိုတာ တွေနဲ့ပတ်သက်ပြီး အခြားလူအခွင့်အရေးအဖွဲ့တွေကလည်း မေးခွန်းထုတ် သတိပေးနေကြပါတယ်။

အလွန်တက်ကြွတဲ့ ရှေ့နေတွေက ဒီ မူဝါဒကိုစိန်ခေါ်ကန့်ကွက်ကြမယ်ဆိုတာ ယူကေအစိုးရက မျှော်လင့်ထားပြီးသားပါလို့ ဝန်ကြီးချုပ်က ပြောထားတာ ရှိပါတယ်။

တက်ကြွလှုပ်ရှားသူတွေကလည်း လူဝင်မှုကြီးကြပ်ရေးမှု၀ါဒကို ပွင့်ပွင့်လင်းနဲ့ချဉ်းကပ်တာတွေ လုပ်ဖို့လိုလားနေကြပြီး အန္တရာယ်ရှိတဲ့ လှေတွေကိုအသုံးပြုပြီး လူကုန်ကူးနေတဲ့"ရာဇ၀တ်ဂိုဏ်းတွေ"နှိမ်နင်းဖို့က ပိုအရေးကြီးတယ်လို့ ပြောနေကြပါတယ်။

ရဝမ်ဒါမှာနေရမယ့် ဘဝက ဘယ်လိုမျိုးလဲ

ရ၀မ်ဒါနိုင်ငံရဲ့ မြို့တော် ကီဂါလီ အနားက သာမန် တည်းခိုခန်းတွေမှာ ယူကေကပို့လိုက်တဲ့ သူတွေကို နေရာထိုင်ခင်းချထားပေးမှာပါ။

လက်ရှိမှာလည်း ဘူရန်ဒီနဲ့ ဒီအာကွန်ဂိုနိုင်ငံက ဒုက္ခသည်တစ်သိန်းငါးသောင်း ပတ်၀န်းကျင်ကို ရ၀မ်ဒါက လက်ခံထားပြီးပါပြီ။

ပြီးတော့ မြေထဲပင်လယ်ကိုဖြတ်ပြီး လစ်ဗျားကတစ်ဆင့် ဥရောပကို၀င်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း လာတဲ့သူတွေကိုပါ လက်ခံထားပါတယ်။

ဒုက္ခသည်တချို့က လယ်ယာအလုပ်တွေနဲ့ အိမ်အကူတွေအလုပ်တွေကို လုပ်ကိုင်နေကြ ပါတယ်။အများစုက အလုပ်လက်မဲ့တွေဖြစ်ပြီး ရ၀မ်ဒါ အစိုးရကထောက်ပံ့တဲ့ တစ်လ ၃၅ ပေါင် လောက်ကို အားကိုးပြီး ရပ်တည်နေရတာပါ။

ရဝမ်ဒါဟာ လူပေါင်း ရှစ်သိန်းထိတောင် သေဆုံးခဲ့ရတဲ့ ၁၉၉၄ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနောက်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေက "အံ့ဖွယ်" တိုးတက်မှုတွေ ရှိနေတယ်လို့ ရဝမ်ဒါ အစိုးရက ပြောပါတယ်။

အဲ့ဒီအချိန်ကစပြီး သူတို့နိုင်ငံရဲ့ဝင်ငွေက ဆယ်ဆတိုးလာသလို လူတွေရဲ့ သက်တမ်းကလည်း ၁၉၉၀ ပြည့်လွန်တွေမှာ သိသိသာသာ တိုးလာပြီး အခု ၆၉ နှစ်သက်တမ်း ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံလူဦးရေ ၁၃ သန်းရဲ့ ၇၀ ရာခိုင်နှုန်းခန့် ဟာ တောင်သူလယ်သမားအဖြစ် အသက်မွေး ဝမ်းကြောင်းနေရပြီး သူတို့စိုက်သမျှတွေက အပြင်ကို ထုတ်ရောင်းဖို့ထက် သူတို့ကိုယ်တိုင်ပြန်စားရတာက ပိုများပါတယ်။

ဘယ်လောက်ကုန်ကျမလဲ

ယူကေအစိုးရဟာ ခိုလှုံခွင့်တောင်းခံတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်နှစ်ကို စတာလင်ပေါင် ၁.၅ ဘီလျံကုန်ကျနေသလို အိုးမဲ့အိမ်မဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် နေဖို့ တည်းခိုစားရိတ်ကလည်း တစ်ရက်ကို ပေါင် ၄.၇ သန်းကျော် သုံးစွဲနေရတယ်လို့ ယူကေအစိုးရကပြောပါတယ်။

၂၀၂၀ တုန်းကဆို ယူကေကနေ စင်းလုံးငှားလေယာဉ်နဲ့ ပြန်ပို့ရတဲ့ စားရိတ်က တစ်ယောက်ကို ပေါင် ၁၃၀၀၀ ကျော် ကုန်ကျပါတယ်။

ခိုလှုံခွင့်တောင်းခံတဲ့သူတွေရဲ့ နောက်ထပ်အမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရဝမ်ဒါကို ကြိုတင်ပေးငွေ ပေါင်သန်း ၁၂၀ ပေးရမယ်လို့ ယူကေ ပြည်ထဲရေးရာဝန်ကြီး တွမ်ပါ့စ်ဂလို့ဗ်က ပြောပါတယ်။

ပြီးတော့ ရ၀မ်ဒါနိုင်ငံ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှုအတွက် ယူကေက ပေါင်သန်း ၁၂၀ ရင်းနှီးမြှုပ်နှံထားတာလည်းရှိပါတယ်။

အဲ့ဒီကုန်ကျစရိတ်ပမာဏဟာ "လက်ရှိသုံးနေတဲ့ ငွေပမာဏနဲ့သိပ်မကွာဘူးလို့ သူကပြောပြီး

ရေရှည်မှာတော့ ထိန်းချုပ်မှုတွေလုပ်လာနိုင်မှာဖြစ်သလို ကုန်ကျစရိတ်သက်သာဖို့အတွက်လည်း အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အတိုက်အခံပါတီက ပြည်ထဲရေး၀န်ကြီး ယက်ဗ်တီကူးပါးကတော့ ကုန်ကျစရိတ်သိသိသာမြင့်လာမှာလို့ ပြောပြီး ကန့်ကွက်နေပါတယ်။

၂၀၂၁-၂၂ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၉၅၇သန်း(ပေါင် ၅၄၆ သန်း)ကုန်ကျတဲ့ သြစတြေးလျရဲ့ ခိုလှုံခွင့်တောင်းခံတဲ့သူတွေကို နိုင်ငံခြားပို့တဲ့ အစီအစဉ်ရဲ့ ကုန်ကျစရိတ်နဲ့ လည်း နှိုင်းယှဉ်ပြပါတယ်။

ခိုလှုံခွင့်တောင်းတဲ့သူတွေကို အင်္ဂါနေ့မှာ ရ၀မ်ဒါကို လေယာဉ်နဲ့ပို့မယ့် ကုန်ကျစရိတ်ကို ယူကေနိုင် ငံခြားရေး၀န်ကြီး လစ်ထရက်စ်ကထုတ်ပြောဖို့ ငြင်းဆိုနေပေမဲ့ လူကုန်ကူးမှုနဲ့ တရားမဝင်ခိုး ဝင်လာတဲ့သူတွေအတွက် သုံးနေရတဲ့ကုန်ကျစရိတ်က အခွန်ထမ်းပြည်သူတွေအတွက် အလွန်ကြီးမားတဲ့၀န်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ စောဒကတက်နေကြပါတယ်။

ယူကေကိုဆက်၀င်လာမယ့်သူတွေကို တားဆီးနိုင်မှာလား

ယူကေမှာ ခိုလှုံခွင့်တောင်းခံတဲ့သူတွေကို ရဝမ်ဒါပို့မယ့် အစီအစဉ်ကို ယူကေအစိုးရက ဧပြီ ၁၄ ရက်မှာ ပထမဆုံး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်က ဇွန် ၅ ရက်အတွင်း ခိုလှုံခွင့်တောင်းခံသူ ၃၅၉၉ ဦး လှေငယ်တွေနဲ့ ရောက် ရှိလာတယ်ဆိုတာ ကာကွယ်ရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေ အရ သိရပါတယ် ။

အဲ့ဒီအရေအတွက်က ၂၀၂၁ ခုနှစ် ဧပြီလကနေ ဇွန်လအတွင်း ၀င်ရောက်လာတဲ့သူ ၄၅၅၄ ဦးထက် နည်းပေမဲ့ ဧပြီလက ဇွန်လအထိ ကိန်းဂဏန်းတွေပေါင်းလိုက်ရင် စုစုပေါင်းအရေအတွက်က တိုးလာဖို့ရှိ ပါတယ်။

ယူကေကို လှေနဲ့ခိုး၀င်လာတဲ့ သူအရေအတွက်က ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ စုစုပေါင်း ၂၈၅၂၆ ဦးရှိပြီး ၂၀၂၀ ခုနှစ်တုန်းက ၈၄၀၄ ဦးရှိတာထက်စာရင် တိုးလာတယ်လို့ ပြောနိုင်ပါတယ်။ အခုနှစ်မှာလည်း စုစုပေါင်း အရေအတွက်က အရင်နှစ်တွေထက် ပိုများလာတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ သမဂ္ဂတာဝန်ရှိတဲ့သူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ရောက်လာတဲ့သူ ၇၅% ဟာ အသက် ၁၈ နှစ်က ၃၉ နှစ်ကြား အမျိုးသား တွေဖြစ်ပါတယ်။

အဲ့ဒီထဲက ၅% လောက်က အသက် ၄၀ အထက် အမျိုးသားတွေဖြစ်ပြီး ၇% က၁၈ နှစ်အထက် အမျိုးသမီးတွေ ဖြစ်ပါတယ်။ပြီးတော့ ၁၂% က ၁၈နှစ်အောက်ကလေးတွေ (လေးပုံသုံးပုံက အမျိုးသားတွေ) ဖြစ်ကြပါတယ်။

လတ်တလောမှာလည်း နိုင်ငံဖြတ်ကျော်၀င်ရောက်လာတဲ့ နိုင်ငံပေါင်းစုံက လူတွေပိုများ လာ ပါတယ်။

အဲ့ဒီထဲမှာ အီရန်ကနေ ယူကေကို မနှစ်က လှေနဲ့၀င်လာတဲ့သူက ၃၀% ရှိပြီး ၂၁% က အီရတ်၊အီရီထရီးယား ၁၁% နဲ့ ဆီးရီးယားနိုင်ငံသား ၉% တို့ဖြစ်တယ်လို့ ပြည်ထဲရေးရုံးကနေ သိရပါတယ်။