တရုတ်ယိမ်း လုံခြုံရေးအရာရှိဟောင်း ဂျွန်လီ ဟောင်ကောင်အုပ်ချုပ်ရေးမှူးဖြစ်လာ

တရုတ်အစိုးရသစ္စာခံသူအဖြစ် ရှုမြင်ခံရသူ ဟောင်ကောင်ဒေသလုံခြုံရေးအရာရှိဟောင်း ဂျွန်လီဟာ သူတစ်ဦးတည်းသာ ပါဝင်ယှဥ်ပြိုင်တဲ့ ဒီနေ့ရွေးကောက်ပွဲမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

သူအခုလို ခန့်အပ်ခံရတာဟာ တရုတ်အစိုးရအနေနဲ့ ဟောင်ကောင်ဒေသအပေါ် အကိုင်အတွယ် တင်းကြပ်မယ့် အရွေ့တစ်ခုအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရပြန်ပါတယ်။

တရုတ်အစိုးရကို ထောက်ခံသူအဖြစ် လူသိများတဲ့ မစ္စတာလီဟာ ၂၀၁၉ ခုနှစ်တုန်းကပေါ့်ပေါက်ခဲ့ပြီး တစ်ခါတလေ အကြမ်းဖက်ဖြိခွင်းခံခဲ့ရတဲ့ ဟောင်ကောင်ဒေသဆန္ဒပြပွဲတွေကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုတော့ မစ္စတာလီဟာ ၂၀၁၇ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့တဲ့ ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူး ကယ်ရီလမ်း နေရာကို ဆက်ခံသူဖြစ်လာတော့မှာဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ခေါင်းဆောင်တွေကို တရုတ်အစိုးရသစ္စာခံအများစုပါဝင်ပြီး အဖွဲ့ဝင်ပေါင်း ၁၅၀၀ နီးပါးပါဝင်တဲ့ အတွင်းစည်းကော်မတီတစ်ရပ်က ရွေးချယ်တာဖြစ်ပါတယ်။

ဟောင်ကောင်ဒေသမှာ ဒုတိယအကြီးဆုံးအရာရှိတာဝန်ဖြစ်တဲ့ လုံခြုံရေးအရာရှိတာဝန်ကိုယူခဲ့သူ မစ္စတာလီဟာ ဟောင်ကောင်ဒေသအကြီးအကဲအဖြစ် ဒုတိယအကြိမ်ဝင်မပြိုင်တော့ဘူးလို့ အစောပိုင်းကတည်းက ကြေညာထားတဲ့ မစ္စလမ်း နေရာမှာ အစားထိုးမယ့်လူဆိုပြီး တစ်ပြေးနေခဲ့သူဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုရှိနေပေမဲ့ မစ္စတာလီဟာ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးကို ပြန်လည်လွှဲပြောင်းပေးရမယ့်ဥပဒေမူကြမ်းအပေါ် လူထုဆန္ဒပြမှုတွေကို ဖြိုခွင်းမှုတွေမှာ သူကိုင်တွယ်ခဲ့ပုံတွေကြောင့် လူကြိုက်များသူတစ်ဦးတော့ မဟုတ်ပါဘူး။

ဗြိတိန်က ဟောင်ကောင်ဒေသကို တရုတ်ပြည်မကြီးထံ ၁၉၉၇ ခုနှစ်မှာ ပြန်လည်လွှဲပြောင်းချိန်တုန်းကတော့ ဒေသတွင်းမှာ လွတ်လပ်စွာစုဝေးခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေရှိရမယ်ဆိုတဲ့သဘောတူညီချက်လည်း ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ အကဲခတ်တွေကတော့ အာဏာပိုင်တွေက ဟောင်ကောင်သူဟောင်ကောင်သားတွေအပေါ် ဖိနှိပ်မှုတွေရှိလာကြောင့် အဲဒီအခွင့်အရေးတွေဟာ လွင့်ပါးလာပြီဆိုပြီး သုံးသပ်ကြပါတယ်။

ဒါ့အပြင် တရုတ်အစိုးရမူဝါဒတွေကို မစ္စတာလီရဲ့ ထင်ထင်ပေါ်ပေါ် ထောက်ခံမှုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တစ်ဒေသရရှိထားတဲ့ဟောင်ကောင်ဒေသအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုဟာ မစ္စတာလီလက်ထက်မှာ ပိုမြင့်တက်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။