တရုတ်က ရုရှားကို ဘယ်လို ပုံစံမျိုးနဲ့ ကူညီနိုင်သလဲ

Photo 1 - တရုတ်နဲ့ ရုရှားနှစ်စဉ် ကုန်သွယ်မှု တန်ဖိုးကို အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ တန်ဖိုး လောက်အထိ တိုးမြှင့်ဖို့ မကြာသေးခင်ကပဲ သဘောတူထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ ရုရှားနှစ်စဉ် ကုန်သွယ်မှု တန်ဖိုးကို အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ တန်ဖိုး လောက်အထိ တိုးမြှင့်ဖို့ မကြာသေးခင်ကပဲ သဘောတူထား

ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ကြုံလာရတဲ့ ရုရှားဟာ အဲဒီ ရိုက်ခတ်မှုတွေရဲ့ ဒဏ်ကို သက်သာရာရစေဖို့အတွက် မဟာမိတ်တွေ ရှာလာရရာမှာ ကမ္ဘာ့စီးပွားရေးမှာ အရေးအပါဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ ရုရှားအပေါ် ပံ့ပိုးပေးနိုင်မှု အနေအထားကိုလည်း သုံးသပ်ဖို့ လိုအပ်လာပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင်ကလည်း ရုရှားဟာ သူတို့ရဲ့ ပြည်ပ စွမ်းအင် တင်ပို့ ရောင်းချမှုတွေကို အလျင်အမြင် တိုးပွားနေတဲ့ ဈေးကွက်တွေမှာ ပြောင်းရွှေ့ ရောင်းချရမှာ ဖြစ်တယ်ဆိုပြီး ပြောကြားထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ကတော့ ရုရှား-ယူကရိန်းအရေးမှာ ဘယ်ဘက်ကိုမှ မလိုက်ပဲ ကြားနေတဲ့ ရပ်တည်ချက်ကို ကျင့်သုံးနေတယ် ဆိုပေမယ့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး လိုလားကြောင်းကိုတော့ ပြောဆိုထားတာ တွေ့ရပါတယ်။

အခုလို တရုတ်က စစ်ကို မထောက်ခံတဲ့ သဘော ပြောဆိုထားတယ် ဆိုပေမယ့်လည်း ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို ရှုတ်ချတာတော့ မလုပ်ခဲ့တဲ့အပြင် ရုရှားကို စီးပွားရေး ဒဏ်ခတ်မှုတွေအပေါ် ဝေဖန် ထားတာလည်း ရှိနေပါတယ်။

ဗီဒီယို ပုံစာ, ရုရှား ယူကရိန်း တင်းမာမှု လျှော့ချဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုက်တွန်း

တရုတ်နဲ့ ရုရှား ကုန်သွယ်ရေး လတ်တလော အပြောင်းအလဲရှိသလား

လက်ရှိ ၂၀၂၂ ခုနှစ် ပထမ သုံးလအတွင်း ရုရှားနဲ့ တရုတ် ကုန်သွယ်ရေး ပမာဏ ဆိုရင် ယခင်နှစ်က ကာလတူရဲ့ ပမာဏထက် ၂၈ ရာခိုင်နှုန်း အထိ များလာတယ် ဆိုတာကိုတော့ တရုတ်ရဲ့ သွင်းကုန်၊ထုတ်ကုန် အချက်အလက်တွေအရ သိရပါတယ်။

အထူးသဖြင့် ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ စတင်ကျူးကျော်အပြီး မတ်လအတွင်း တရုတ်နဲ့ ရုရှားရဲ့ ကုန်သွယ်မှု ပမာဏဟာ ယခင်နှစ် မတ်လ ကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ရုရှားရဲ့ စုစုပေါင်း ကုန်သွယ်မှု ၁၈ ရာခိုင်နှုန်းလောက်ဟာ တရုတ်နဲ့ ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၇ ဘီလျံ ရှိပါတယ်။

တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွေကို လက်ခံ ကျင်းပခဲ့ရာမှာ ရုရှား သမ္မတ ပူတင်က ယူကရိန်းကို မကျူးကျော်ခင်လေးတင်မှာ သွားရောက်ခဲ့တာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အခုလို ရုရှားသမ္မတက တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ မစ္စတာ ပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး ၂၀၂၄ အရောက်မှာ တရုတ်နဲ့ ရုရှားနှစ်စဉ် ကုန်သွယ်မှု တန်ဖိုးကို အမေရိကန်ဒေါ်လာ ဘီလျံ ၁၅၀ နီးပါး တန်ဖိုးကနေ အမေရိကန်ဒေါ်လာ ဘီလျံ ၂၅၀ တန်ဖိုး လောက်အထိ တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဗီဒီယို ပုံစာ, ရုရှား တရုတ် ကုန်သွယ်ရေး နဲ့ ဆက်ဆံရေး

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်လာတဲ့ ရုရှားရဲ့ တရုတ်နဲ့ ကုန်သွယ်ရေး

၂၀၁၀ ခုနှစ် ရုရှားနဲ့ တရုတ်ကုန်သွယ်မှုကို ကြည့်မယ်ဆိုရင် ရုရှားဟာ တရုတ်ကို ရောင်းကုန်တင်ပို့တာထက် တရုတ်ဆီက တင်သွင်းတာက နှစ်ဆ နီးပါးအထိတောင် များပြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၂၀၁၀ ခုနှစ်ရဲ့ ရုရှားနဲ့ တရုတ် စုစုပေါင်း အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးကို ကြည့်မယ်ဆိုရင်လည်း ရုရှားက တရုတ်ကို တင်ပို့တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါး၊ တရုတ်ဆီက ရုရှားက တင်သွင်းတဲ့ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ နီးပါး ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ ဖိုးလောက်သာ ရှိတာကို တွေ့ရပါတယ်။

အခုလို ရုရှားရဲ့ တရုတ်ဆီက တင်သွင်းမှု တန်ဖိုးက နှစ်ဆအထိ များနေတဲ့ အခြေအနေဟာ အဲဒီ ၂၀၁၀ နောက်ပိုင်းမှာ တောက်လျှောက် တက်လာခဲ့တာကို တွေ့ ရပါတယ်။

၂၀၁၀ နောက်ပိုင်း တရုတ်နဲ့ ရုရှား နှစ်ဖက်ကုန်သွယ်မှု ပမာဏ နည်းသွားတဲ့အချိန်ကတော့ ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကို ရုရှားပိုင်နက်ထဲ ထည့်လိုက်တဲ့ ၂၀၁၄ နောက်ပိုင်း ၂၀၁၅ နဲ့ ၂၀၁၆ တို့ ဖြစ်ပြီး အဲဒီ အချိန်က ရုရှားအပေါ် အမေရိကန်ဦးဆောင်ပြီး ချမှတ်တဲ့ စီးပွားရေး ဒဏ်ခတ်ချက်တွေကြောင့် ဖြစ်ဖွယ်ရှိပါတယ်။

ဒါပေမဲ့ ရုရှားဟာ ၂၀၁၈ ကစလို့ တရုတ်ဆီက တင်သွင်းတာထက် တရုတ်ကို ရောင်းကုန် ရောင်းချမှု ပိုများလာခဲ့ပြီး ၂၀၂၁ မှာ နှစ်ဖက် ကုန်သွယ်မှု သိသိသာသာ ခုန်တက်သွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် လတ်တလော ကုန်သွယ်ရေး တိုးမြှင့်ဖို့ သဘောတူမှုတွေကြောင့် ယခင် ၂၀၁၄ နောက်ပိုင်း ကာလလို နှစ်ဖက် ကုန်သွယ်မှု ပြန်နည်းသွားမယ့် အခြေအနေ ဖြစ်နိုင်ခြေနည်းသွားမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ဗီဒီယို ပုံစာ, တရုတ်ကို ရုရှားက အကူအညီတောင်းတယ် ဆိုတာတွေ ထွက်လာပြီးနောက်ပြောခဲ့

တရုတ်နဲ့ ကုန်သွယ်ရေးတိုးပေမယ့် ဥရောပနဲ့ ကုန်သွယ်ရေးလျော့မှုကြောင့် ရုရှားဘယ်လောက် ထိခိုက်နိုင်သလဲ

ရုရှားက စီးပွားရေး ဒဏ်ခတ်မှုတွေ တိုးလာလို့ တရုတ်နဲ့ ကုန်သွယ်မှု တိုးလာပေမယ့် အဲဒီ စီးပွားရေးဒဏ်ခတ်ခံရမှုကြောင့်ပဲ လျော့သွားမယ့် ဥရောပနဲ့ ကုန်သွယ်ရေးကြောင့် ဘယ်လောက်ပြန် ထိခိုက်မှာလည်း ဆိုတာကိုတော့ သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

ရုရှားဟာ ဥရောပနဲ့ တစ်နိုင်ငံချင်းစီအားဖြင့် ကုန်သွယ်မှုက မများပေမယ့် ရုရှားရဲ့ အကြီးဆုံး ကုန်သွယ်မှု ပမာဏက ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ဖြစ်ပါတယ်။

၂၀၂၁ ရုရှားနဲ့ အဲဒီ ဥရောပနိုင်ငံတွေ ကုန်သွယ်မှု စုစုပေါင်းကို ကြည့်မယ်ဆိုရင် ကာလတူ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နဲ့ ရုရှား ကုန်သွယ်မှု ပမာဏရဲ့ နှစ်ဆလောက်အထိ များပြားတာကို တွေ့ရပါတယ်။

ရုရှားရဲ့ ပို့ကုန် ၁၆ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံကို သွားတယ် ဆိုပေမယ့် နယ်သာလန်နိုင်ငံ တစ်ခုတည်းကို ရုရှားက ရောင်းကုန်တင်ပို့မှု ရာခိုင်နှုန်းကတင်ပဲ ၁၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒီပမာဏကို ရုရှားက ယူကေနိုင်ငံကို ပို့တဲ့ ပို့ကုန် ၆ ရာခိုင်နှုန်းနဲ့ ပေါင်းမယ် ဆိုရင်ပဲ ဒီနှစ်နိုင်ငံပေါင်း ပမာဏက ရုရှားရဲ့ တရုတ်ပို့ကုန် ပမာဏနဲ့ တူညီနေပြီဖြစ်ပါတယ်။

ဒီလို ရုရှားကုန်သွယ်ရေးရဲ့ ဥရောပနဲ့ ဆက်စပ်နေမှု ပမာဏကြောင့် ဥရောပဘက်က ရုရှားကို စီးပွားရေး ဒဏ်ခတ်မှုတွေ လုပ်လာတဲ့ အချိန်မှာ ဥရောပသမဂ္ဂအတွင်းမှာလည်း ရုရှားဆီက တင်သွင်းရမှုကို လျှော့ပြီး တခြား နေရာတွေက မျှဝယ်ဖို့ လုပ်လာတဲ့အတွက် ဒီနှစ်ဖက် ကုန်သွယ်မှုက နည်းသွားဖို့ ပဲ ရှိတယ်လို့ ကုန်သွယ်ရေးရာ စီးပွားရေးပညာရှင် ဒေါက်တာ ရေဘက္ကာ ဟားဒင်းက ဆိုပါတယ်။

တရုတ်က ရုရှားစွမ်းအင်ပို့ကုန်ကို ပိုဝယ်ခြင်းအားဖြင့် ရုရှားကို ထောက်ပံ့သလို ဖြစ်နိုင်မလား

ရုရှားက ပြည်ပ စွမ်းအင် ပို့ကုန်အားဖြင့် ရေနံ၊ သဘာဝ ဓာတ်ငွေ့ နဲ့ ကျောက်မီးသွေးတွေကို တင်ပို့နေရာမှာ တရုတ်နိုင်ငံက သူတို့အတွက် စွမ်းအင်တင်ပို့ စရာ အကြီးဆုံး ဈေးကွက်ကြီးတွေထဲက တစ်ခုတော့ ဖြစ်နေပါတယ်။

ရုရှားက အဓိကအားဖြင့် ဓာတ်ငွေ့နဲ့ ရေနံကို အများစု တင်ပို့နေရာမှာ ကျောက်မီးသွေးကို တရုတ် တင်ပို့မှုမှာတင်ပဲ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ဖိုး တင်ပို့ဖို့ လတ်တလော သဘောတူညီထားပြီး ဒီပမာဏက ၂၀၁၀ တုန်းကဆိုရင် ရုရှားရဲ့ တရုတ်ကို စုစုပေါင်း ပို့ကုန် ပမာဏနဲ့တောင် သွားညီနေပါတယ်။

အခုလို တရုတ်ကို ရုရှားက ကျောက်မီးသွေး တင်ပို့ဖို့ လတ်တလော သဘောတူညီမှုကို ရုရှားက ယူကရိန်းကို မကျူးကျော်ခင် တစ်ပတ် အလိုမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ တရုတ်ကို ယခင်တင်ပို့နေကျ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေထက် နောက်ထပ် ခန့်မှန်းခြေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၁၇.၅ ဘီလျံ လောက်အထိ တင်ပို့မယ့် အစီအစဉ်ကိုလည်း ကြေညာထားပါတယ်။

တရုတ်နဲ့ ရုရှားတို့ဟာ the Power of Siberia 2 ဆိုတဲ့ နာမည်နဲ့ ရုရှားက သဘာဝဓာတ်ငွေ့ ရောင်းချပေးပို့မယ့် ပိုက်လိုင်းအသစ်တခု သွယ်တန်း ဆောက်လုပ်ဖို့လည်း သဘောတူထားကြပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဆောက်လုပ်ပြီးစီးပြီး လည်ပတ်နိုင်မယ် ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။

လက်ရှိ ရုရှားက တရုတ်ကို ဓာတ်ငွေ့တင်ပို့ရာမှာ အသုံးပြုနေတဲ့ ပိုက်လိုင်းဆိုရင် ၂၀၁၉ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီး အသုံးပြုနေတာ ဖြစ်ပြီး အဲဒီ ပိုက်လိုင်းသုံးပြီး ရုရှားက တရုတ်ကို ဓာတ်ငွေ့ ရောင်းချမယ့် ပမာဏ တန်ဖိုးက အနှစ် ၃၀ စာချုပ်အတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ဝ ကျော် အထိ ရှိနေပါတယ်။

တရုတ်ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကမ္ဘာကြီး ပူနွေးလာမှု လျှော့ချရေးအရ ရုရှားဆီက ကျောက်မီးသွေး ဝယ်ယူမှုကို ရေရှည်မှာတော့ လျှော့ချသွားနိုင်ပြီး ဖန်လုံအိမ် အာနိသင် ဖြစ်စေမှု ကျောက်မီးသွေးထက်နည်းတဲ့ ဓာတ်ငွေ့ကို တိုးမြှင့် ဝယ်ယူလာနိုင်စရာ ရှိပါတယ်။

ရေနံမှာဆိုရင်တော့ တရုတ်ဟာ လက်ရှိ ၂၀၂၂ ပထမနှစ်လ ရုရှားကို ရေနံစိမ်း ရောင်းချမှု ၉ ရာခိုင်နှုန်းအထိ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရပိုင် ရေနံ သန့်စင်တဲ့ စက်ရုံတွေကလည်း ရုရှားက ဈေးလျှော့ပြီး ရောင်းပေးနေတဲ့ ရေနံ စာချုပ် အသစ်တွေ ထပ်မချုပ်ပဲ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်မှု အခြေအနေကို စောင့်ကြည့်နေကြပုံရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက ရုရှားအတွက် စွမ်းအင်တင်ပို့ စရာ အကြီးဆုံး ဈေးကွက်ကြီးတွေထဲက တခုတော့ ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံက ရုရှားအတွက် စွမ်းအင်တင်ပို့ စရာ အကြီးဆုံး ဈေးကွက်ကြီးတွေထဲက တခုတော့ ဖြစ်နေ

ရုရှားက ဥရောပကိုရော ဘယ်လောက်အထိ စွမ်းအင် တင်ပို့နေခဲ့တာလဲ

ဥရောပသမဂ္ဂဟာ ရုရှားအတွက် စွမ်းအင်တင်ပို့မှု ဆိုင်ရာ အကြီးဆုံးဈေးကွက်တော့ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ရုရှားဟာ ဥရောပသမဂ္ဂ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းအထိ တင်ပို့ ရောင်းချနေပြီး ရေနံမှာ ဆိုရင်လည်း ဥရောပသမဂ္ဂ လိုအပ်ချက်ရဲ့ ၂၆ ရာခိုင်နှုန်းအထိ ရောင်းချနေတာ ဖြစ်ပါတယ်။

ရုရှားရဲ့ တရုတ်ကို ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှုက ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တနှစ်ကို ၉ ရာခိုင်နှုန်း တိုးတက်နေခဲ့တာ ဖြစ်ပေမယ့် တရုတ်ရဲ့ ရေနံ လိုအပ်ချက် ဈေးကွက်က ဥရောပရဲ့ ရေနံလိုအပ်ချက် ဈေးကွက်နဲ့ ယှဉ်ရင် ရုရှားအတွက် တစ်ဝက်လောက်သာ ရှိမယ်လို့ ဒေါက်တာ ဟားဒင်းက ဆိုပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်လာခဲ့ရာမှာ ဥရောပသမဂ္ဂက ရုရှားစွမ်းအင်အပေါ် မှီခိုမှုကို လျှော့ချတဲ့အနေနဲ့ ရုရှားဆီက ဓာတ်ငွေ့ တင်သွင်းမှု သုံးပုံနှစ်ပုံအထိ လျှော့ချဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

အထူးသဖြင့် ရုရှားဆီက အဓိက သဘာဝဓာတ်ငွေ့ ဝယ်ယူနေတဲ့နိုင်ငံဖြစ်တဲ့ ဂျာမနီက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဆောက်လုပ်ပြီးစီးထားပြီး သုံးလည်း မသုံးရသေးတဲ့ ရုရှားဆီက ရောင်းတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း Nord Stream 2 ကို မသုံးသေးဘဲ ဆိုင်းငံ့ထားမယ်လို့ ကြေညာထားပါတယ်။

အဲဒီ ပိုက်လိုင်းရဲ့ ဓာတ်ငွေ့ ပေးပို့နိုင်တဲ့ ပမာဏဆိုရင် ရုရှားက တရုတ်ကို သွယ်တန်းရောင်းချနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ပမာဏထက် ငါးဆ အထိ များပြားတယ်လို့ လည်း သြစတြေးလျက နိုင်ငံရေး သုတေသန အဖွဲ့ တခုက လေ့လာ သုံးသပ်ထားပါတယ်။

Photo 3. အထူးသဖြင့် တရုတ်ထုတ် မောင်းသူမဲ့ စစ်လေယာဉ်တွေကို ရုရှားဘက်က အလွန် စိတ်ဝင်တစားရှိလာတာ တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အထူးသဖြင့် တရုတ်ထုတ် မောင်းသူမဲ့ စစ်လေယာဉ်တွေကို ရုရှားဘက်က အလွန် စိတ်ဝင်တစားရှိလာတာ တွေ့ရ

တရုတ်ဟာ ရုရှားကို စစ်ရေးအထိ အကူအညီ ပေးလာနိုင်စရာ ရှိသလား

အမေရိကန်အစိုးရအရာရှိတချို့ရဲ့ မီဒီယာတွေမှာ ပြောဆိုချက်အရ ဆိုရင် ရုရှားဟာ တရုတ်ဆီက စစ်ရေးအရ အကူအညီ တောင်းခံတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ဒီကိစ္စက မမှန်ကန်ပဲ သတင်းပုံဖျက် ဖော်ပြတာမျိုးသာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

လတ်တလော နှစ်တွေမှာဆိုရင်တော့ ရုရှားကသာလျှင် တရုတ်ကို လက်နက်တွေ အများစု တင်ပို့ ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၈၉ တီယန်နန်မန် ရင်ပြင် ဆန္ဒပြပွဲ နှိမ်နင်းမှု နောက်ပိုင်းကတည်းက အမေရိကန်နဲ့ တကွ အနောက်နိုင်ငံတွေက တရုတ်ကို လက်နက်ရောင်းချမှု ပိတ်မှုတာတွေ ရှိထားတဲ့အတွက်လည်း တရုတ်က သူတို့စစ်တပ် ခေတ်မီရေးအတွက် ရုရှားလက်နက်နဲ့ နည်းပညာတွေကို အဓိက ဝယ်ယူ တင်သွင်းနေခဲ့ရတာလည်း ဖြစ်ပါတယ်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ SIPRI ရဲ့ လေ့လာချက်အရ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း တရုတ်ရဲ့ ပြည်ပက လက်နက်ဝယ်ယူမှု ၈၀ ရာခိုင်နှုန်းက ရုရှားက ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံအတွက်ဆိုရင်လည်း တရုတ်က သူတို့ရဲ့ လက်နက်တွေကို အများဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်ပြီး ရုရှားက နိုင်ငံတကာကို ရောင်းချတဲ့ လက်နက် စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူနေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ရှိနေပေမယ့်လည်း တရုတ်ဟာ သူတို့ရဲ့ ကိုယ်ပိုင် စစ်လက်နက် ထုတ်လုပ်ရေး စွမ်းရည်ကို ဖြည်းဖြည်းချင်း တိုးမြှင့်နေတာကို တွေ့ရပြီး ကမ္ဘာပေါ်မှာစတုတ္ထအကြီးဆုံး လက်နက်ရောင်းချတဲ့ နိုင်ငံဖြစ်လာတာကို တွေ့ရပါတယ်။

တရုတ်ကိုယ်ပိုင် ထုတ်လုပ်တဲ့ လက်နက်တွေလည်း အဆင့်မြင့်လာခဲ့ရာမှာ အထူးသဖြင့် တရုတ်ထုတ် မောင်းသူမဲ့ စစ်လေယာဉ်တွေကို ရုရှားဘက်က အလွန် စိတ်ဝင်တစားရှိလာတာ တွေ့ရတယ်လို့ SIPRI က အကြီးတန်း သုတေသီ ဆီမွန်း ဗီးဇမန်းက ဆိုပါတယ်။

ဒါပေမဲ့ ရုရှားက တကယ်တမ်း အဲဒီ တရုတ်ထုတ် မောင်းသူမဲ့ စစ်လေယာဉ်တွေကို ဝယ်ယူလိုက်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရသေးဘူးလို့လည်း သူကပြောပါတယ်။

တရုတ်က ရုရှားကို ဘဏ္ဍာရေး လမ်းကြောင်းအရ ဘယ်လို ကူညီလာနိုင်သလဲ

အမေရိကန်နဲ့ အနောက်နိုင်ငံတို့က ဘဏ္ဍာရေးဆိုင်ရာ ဘဏ်နဲ့ အဖွဲ့အစည်းတွေ စုပေါင်း ကြီးကြပ် ပိုင်ဆိုင်တဲ့ SWIFT ခေါ် ကမ္ဘာတလွှား ဘဏ်များ အချင်းချင်း ဘဏ္ဍာရေး ဆက်သွယ်မှု စနစ်ကို ရုရှားဘဏ်တချို့ အသုံးမပြုနိုင်အောင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ လိုက်ပြီ ဖြစ်ပါတယ်။

အခုလို အခြေအနေကြောင့် အဲဒီ SWIFT စနစ်ကို အခြေခံ ငွေပြောင်း ငွေလွှဲ လုပ်နေရတဲ့ တရုတ်ပြည်က ကုမ္ပဏီတွေ အနေနဲ့ ရုရှားဆီက အဝယ်လျှော့ရတာတွေလည်း ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့ဟာ လတ်တလောနှစ်တွေကတည်းက အဲဒီ အနောက်နိုင်ငံတွေမှာ အခြေပြုတဲ့ နိုင်ငံတကာ ငွေလွှဲစနစ်ကို အစားထိုးမယ့် နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင် လာကြပြီးသားလည်း ဖြစ်ပါတယ်။

ရုရှားကိုယ်တိုင်မှာလည်း ဘဏ္ဍာရေး သတင်းစကား လွှဲပြောင်း စနစ် (STFM) ရှိထားပြီး ဖြစ်ပြီး တရုတ်ဆိုရင်လည်း နယ်စပ်ဖြတ်ကျော် ဘဏ်များ အချင်းချင်း ငွေလွှဲစနစ် (CIPS) တို့ ရှိထားပြီး ဖြစ်ပြီး သူတို့ ကိုယ်ပိုင် ငွေကြေးတွေဖြစ်တဲ့ ရူဘယ်နဲ့ ယွမ်ငွေတို့ကို အခြေခံထားကြပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ ကုန်သွယ်ရေးမှာ SWIFT နဲ့ ပေးရတဲ့ စနစ်က လွှမ်းမိုးထားဆဲ ဖြစ်ပြီး ရုရှားနဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးမှာ ယွမ် အသုံးပြုမှုက ၁၇ ရာခိုင်နှုန်းသာ ရှိတယ်လို့ ရုရှားက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

နှစ်နိုင်ငံ စွမ်းအင်ကုန်သွယ်မှုဆိုရင်လည်း အမေရိကန်ဒေါ်လာကိုသာ အဓိက အသုံးပြုနေရာမှာ ပြီးခဲ့တဲ့ မတ်လမှာတော့ တချို့ တရုတ်ကုမ္ပဏီတွေက ရုရှားဆီက ရေနံနဲ့ ကျောက်မီးသွေး ဝယ်ယူမှုကို တရုတ်ယွမ်ငွေ အသုံးပြုခဲ့တာ တွေ့ရပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း ရုရှား စစ်ပွဲနဲ့ စားနပ်ရိက္ခာ ရှားပါးမှု

တရုတ်က ရုရှားနဲ့ စားသောက်ကုန် ကုန်သွယ်ရေးမှာ တိုးချဲ့လာနိုင်သလား

တရုတ်နိုင်ငံဟာ ဂျုံနဲ့ ဘာလီ မုယောစပါး လို အစေ့အဆံ သီးနှံတွေကို အဓိက တင်သွင်းနေတဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာ ရုရှားနိုင်ငံကလည်း အခုလို အစေ့အဆံ သီးနှံတွေကို အများဆုံး တင်ပို့နေတဲ့ တစ်နိုင်ငံဖြစ်ရာမှာ တရုတ်ကလည်း ရုရှားဆီက အဓိက အားထား ဝယ်ယူနေရတဲ့ အခြေအနေ ရှိထားပြီး ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ရုရှားဆီက ဂျုံနဲ့ မုယောစပါး တွေမှာ ပိုးကျ ပိုးပါ နေတယ်ဆိုပြီး တရုတ်က တင်သွင်းမှု ကန့်သတ်တာတွေ လုပ်ထားခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း ရုရှားက ယူကရိန်းကို စတင် ကျူးကျော်လိုက်တဲ့ နေ့မှာပဲ အဲဒီ ကန့်သတ်ချက်တွေကို တရုတ်ဘက်က ဖြေလျှော့ ပေးလိုက်တာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရပါတယ်။