အီးယူက တရုတ်ရဲ့ BRI စီမံကိန်းကြီးနဲ့ အပြိုင် ဘယ်လို စီမံကိန်းကြီးမျိုး လုပ်မှာလဲ

ကမ္ဘာလုံးဆိုင်ရာ ထွက်ရပ်လမ်း Global Gateway လို့ အမည်ပေးထားတဲ့ အဲဒီ စီမံကိန်းဟာ နိုင်ငံတကာမှာ အများယုံကြည် စိတ်ချတဲ့ စီမံကိန်းတခု ဖြစ်လာမယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကမ္ဘာလုံးဆိုင်ရာ ထွက်ရပ်လမ်း Global Gateway လို့ အမည်ပေးထားတဲ့ အဲဒီ စီမံကိန်းဟာ နိုင်ငံတကာမှာ အများယုံကြည် စိတ်ချတဲ့ စီမံကိန်းတခု ဖြစ်လာမယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ

ဥရောပသမဂ္ဂ အီးယူဟာ တရုတ်အစိုးရက လက်ရှိ ကမ္ဘာတဝန်း ချဲ့ထွင်လုပ်ကိုင်နေတဲ့ ရပ်ဝန်းတခု လမ်းတကြောင်း Belt and Road Initiative နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးနဲ့ အပြိုင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတခု လုပ်မယ်လို့ ကြေညာထားပြီ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းကို အီးယူက ယူရိုငွေ သန်းပေါင်း သုံးသိန်း (ဘီလျံ ၃၀၀) နဲ့ မတည်လိုက်တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဘီလျံ ၃၄၀ရှိမယ့် အဲဒီစီမံကိန်းဟာ တရုတ်နဲ့ စီမံကိန်းနဲ့ အပြိုင်အဆိုင် နှိုင်းယှဉ်ပြီး ရွေးချယ်ဖို့ ထိုက်တန်တဲ့ စီမံကိန်းတခုလည်း ဖြစ်လာမယ်လို့ အီးယူက ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ထွက်ရပ်လမ်း Global Gateway လို့ အမည်ပေးထားတဲ့ အဲဒီ စီမံကိန်းဟာ နိုင်ငံတကာမှာ အများယုံကြည် စိတ်ချတဲ့ စီမံကိန်းတခု ဖြစ်လာမယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆလာ ဗွန်ဒလိုင်ရန်က ပြောပါတယ်။

နိုင်ငံအများ အနေနဲ့ ရေရှည် အကျိုးဖြစ်ထွန်းမယ့် စီမံကိန်းတွေ ဖော်ဆောင်ရာမှာ ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက် လိုအပ်နေတယ်လို့လည်း မစ္စဗွန်ဒလိုင်ရန်က ပြောဆိုခဲ့ပါတယ်။

ဗီဒီယို ပုံစာ, တရုတ်စီးပွားရေး နဲ့ ရာသီဥတုပြောင်းလဲရေး ကတိကဝတ်

အီးယူက ဒီစီမံကိန်းကို ဘယ်လို အကောင်အထည်ဖော်မှာလဲ

လောလောဆယ်မှာ အီးယူ အနေနဲ့ ဘီလျံနဲ့ချီတဲ့ မတည်ငွေတွေကို ဘယ်လို ထိထိရောက်ရောက် စုဆောင်းရမလဲ ဆိုတာကို လေ့လာသုံးသပ်နေပါတယ်။

အခုလို စုဆောင်းရာမှာ အီးယူအဖွဲ့ဝင်နိုင်ငံတွေ၊ ဌာနဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကနေ စုပေါင်းရယူဖို့ ရှိနေပြီး အများအားဖြင့် ကန့်သတ်ချက်နဲ့ ချပေးတဲ့ ပုံစံထက်စာရင် ချေးငွေ သို့မဟုတ် အာမခံချက်ပေးတဲ့ ပုံစံနဲ့ ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ စီမံကိန်းတွေကို မတူကွဲပြားတဲ့ ဒီမိုကရေစီကျတဲ့ ချဉ်းကပ်မှုနဲ့ သွားလို့ရတယ် ဆိုတာကို အီးယူက ကမ္ဘာကို ပြသလိုတယ်လို့လည်း မစ္စဗွန်ဒလိုင်ရန်က ပြောပါတယ်။

ဒီလိုစီမံကိန်းမျိုးတွေဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေးနဲ့တကွ ကမ္ဘာ့ကျန်းမာရေး လုံခြုံစိတ်ချရမှု ရှိစေရေးတို့ကို အာရုံစိုက်နိုင်မယ့်အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ရေရှည်တိုးတက်ရေးကိုလည်း အလေးထားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို စီမံကိန်းတွေဟာ အရည်အသွေးမြင့်မားရမယ့်အပြင် ပွင့်လင်းမြင်သာမှုလည်း မြင့်မားရမှာဖြစ်ပြီး စီမံခန့်ခွဲ အုပ်ချုပ်မှုကောင်းကောင်းနဲ့အတူ ပါဝင်တဲ့နိုင်ငံတွေအတွက် ထင်သာမြင်သာတဲ့ အကျိုးဖြစ်ထွန်းမှုတွေလည်း ရဖို့လိုကြောင်း မစ္စဗွန်ဒလိုင်ရန်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

အီးယူရဲ့ ကမ္ဘာလုံးဆိုင်ရာ ထွက်ရပ်လမ်း စီမံကိန်းဟာ အာဖရိကတိုက်ကို အဓိကအခြေပြုမှာ ဖြစ်တယ်လို့ အီးယူ အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

Photo 2. တရုတ်လမ်းတံတား ကော်ပိုရေးရှင်းဟာ ခရိုအေးရှားနိုင်ငံအတွက် အရေးပါတဲ့ အေဒရီယက်တစ် ပင်လယ်ဖြတ်ကူး တံတားတစင်းကိုလည်း တည်ဆောက်ပေးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Photo 2. တရုတ်လမ်းတံတား ကော်ပိုရေးရှင်းဟာ ခရိုအေးရှားနိုင်ငံအတွက် အရေးပါတဲ့ အေဒရီယက်တစ် ပင်လယ်ဖြတ်ကူး တံတားတစင်းကိုလည်း တည်ဆောက်ပေးနေ

ဘယ်လိုအခြေအနေတွေမှာ အီးယူက တရုတ်နဲ့အပြိုင် လိုက်လုပ်ဖို့ ဖြစ်လာသလဲ

တရုတ်ရဲ့ BRI စီမံကိန်းမှာ ပါဝင်တဲ့နိုင်ငံတွေမှာ ရထားလမ်း၊ ကားလမ်းနဲ့ ဆိပ်ကမ်းတည်ဆောက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိပေမယ့် ကြွေးမြီတွေ တင်ရှိသွားတဲ့ နိုင်ငံတွေလည်း ရှိတယ်ဆိုပြီး စွပ်စွဲချက်တွေ ရှိနေပါတယ်။

အခုလို ဖြစ်သွားတဲ့ အခြေအနေဟာ ကြွေးမြီကို အသုံးပြုပြီး သံတမန်ရေးရာ ထောင်ချောက်ဆင်တာလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်းဟာ အာဖရိက၊ အာရှ၊ အင်ဒိုပစိဖိတ်ဒေသတွေသာမက အီးယူနယ်နမိတ်အတွင်းမှာပါ ဆက်စပ်ရောက်ရှိနေပါတယ်။

တရုတ်ကုမ္ပဏီ COSCO ဟာ ဥရောပမှာ အကြီးဆုံးတွေထဲက ဆိပ်ကမ်းတခုဖြစ်တဲ့ ဂရိနိုင်ငံရဲ့ ပင်မဆိပ်ကမ်း ပရေးရပ်စ် ဆိပ်ကမ်းရဲ့ သုံးပုံတပုံကို ပိုင်ဆိုင်ထားပြီး တရုတ်ဟာ အဲဒီ ဆိပ်ကမ်းကို သူတို့ရဲ့ စီမံကိန်းကြီးမှာ အဓိကတနေရာအဖြစ် အသုံးချမှာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် တရုတ်လမ်းတံတား ကော်ပိုရေးရှင်းဟာ ခရိုအေးရှားနိုင်ငံအတွက် အရေးပါတဲ့ အေဒရီယက်တစ် ပင်လယ်ဖြတ်ကူး တံတားတစင်းကိုလည်း တင်ဒါအောင်ပြီး တည်ဆောက်ပေးနေတာကို တွေ့ရပါတယ်။

နိုင်ငံတခုခုကို လာရောက် ရင်းနှီးမြှုပ်နှံသူတွေထဲက ရွေးချယ်စရာ သိပ်မရှိတဲ့ အခြေအနေမျိုးမှာ သီးခြားဖွင့်ဆို လိုအပ်ချက်အသေးစိတ်တွေ လက်ခံပေးရတာလည်း ရှိနေပြီး အခုလို လက်ခံပေးရတဲ့အတွက် ဘဏ္ဍာရေးနဲ့ နိုင်ငံရေးသာမက လူမှုရေးဆိုင်ရာ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ကပြောပါတယ်။

တရုတ်ရဲ့ BRI စီမံကိန်းမှာ ပါဝင်ဖို့ လက်မှတ်ထိုးထားတဲ့ နိုင်ငံစုစုပေါင်း ၁၄၂ နိုင်ငံအထိရှိနေပြီ ဖြစ် BBC
ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့ BRI စီမံကိန်းမှာ ပါဝင်ဖို့ လက်မှတ်ထိုးထားတဲ့ နိုင်ငံစုစုပေါင်း ၁၄၂ နိုင်ငံအထိရှိနေပြီ ဖြစ် BBC

တရုတ်ရဲ့ ပြန်လည်တုံ့ပြန်မှုနဲ့ ဝိရောဓိဖြစ်နေတဲ့ တရုတ်လွှမ်းမိုးမှု အနေအထား

တရုတ်ရဲ့ အီးယူဆိုင်ရာ သံတမန် ကျန်မင်းကတော့ တရုတ်အစိုးရဟာ အီးယူရဲ့ ကမ္ဘာလုံးဆိုင်ရာ ထွက်ရပ်လမ်း စီမံကိန်းဟာ လွတ်လပ်ပွင့်လင်းပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အကူအညီ ဖြစ်မယ်ဆိုရင် ကြိုဆိုပါတယ် ဆိုပြီး ပြီးခဲ့တဲ့လက ပြောဆိုထားခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံ့အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေး စီမံကိန်းတွေကို ပထဝီနိုင်ငံရေးမှာ အသုံးချစရာ ကိရိယာအဖြစ် သုံးတာမျိုးကတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကို ပျက်ပြား​စေမှာဖြစ်ပြီး အကျိုးစီးပွါးတွေလည်း ထိခိုက်ကုန်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးမူဝါဒကိုယ်၌ကတော့ BRI စီမံကိန်းမှာ ဗဟိုပြုနေတာကို တွေ့ရပါတယ်။

တရုတ်ရဲ့ BRI စီမံကိန်းမှာ အတိုင်းအတာတခုအထိ ပါဝင်ဖို့ လက်မှတ်ထိုးထားတဲ့ နိုင်ငံစုစုပေါင်းဟာ ၂၀၂၁ ဒီဇင်ဘာလ အရောက်မှာ ၁၄၂ နိုင်ငံအထိရှိနေပြီ ဖြစ်ပြီး အာရှပစိဖိတ်ဒေသနဲ့ အာဖရိကတိုက်ဒေသတွေကဆိုရင် နိုင်ငံအားလုံးနီးပါးလောက်က လက်မှတ်ထိုးထားကြတာ ဖြစ်ပါတယ်။

တရုတ်က ရင်းနှီးမြှုပ်နှံမှု အလုံအရင်းထည့်ဝင်ပြီး လွှမ်းမိုးရေး ကြိုးစားတယ်လို့ ဆိုကြပေမယ့် တဖက်မှာလည်း ငွေအလုံးအရင်း ချေးငှါးမှုတိုင်းမှာ ထည့်ဝင်သူဘက်က အရဲစွန့်ရတာလည်း ရှိတယ်လို့ ထောက်ပြကြသူများလည်း ရှိနေပါတယ်။

ဒါ့အပြင် တရုတ်လောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လာလုပ်သူမရှိခဲ့တာကလည်း တရုတ်စီမံကိန်းမှာ လက်မှတ်ထိုးလာကြစေတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

အီးယူရဲ့ ရေရှည် ရည်ရွယ်ချက်နဲ့ အလားအလာ

အီးယူအနေနဲ့ ကျယ်ပြန့်တဲ့ ပထဝီနိုင်ငံရေးနယ်ပယ်မှာ လှုပ်ရှားရာမှာ ပြုလွယ်ပြင်လွယ်မရှိပဲ တောင့်တောင့်တင်းတင်းဖြစ်နေပြီး အချင်းချင်းကြားနဲ့ ရုံးတွင်းလုပ်ငန်းစဉ် အပေါ်အောက် တိုးတိုက်မှုတွေ ရှိနေမယ်ဆိုရင် အီးယူအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်သွားမယ်လို့ အန်ဒရူး စမောက ဘီဘီစီကို ပြောပါတယ်။

အန်ဒရူး စမောဟာ ဂျာမန်မာရှယ်ဖန် ဆိုတဲ့ မြောက်အမေရိကနဲ့ ဥရောပ ပူးပေါင်းဆောင်ရွက်ရေး အခြေပြု ဖွဲ့စည်းထားတဲ့ သုတေသနနဲ့ မူဝါဒဖော်ဆောင်ရေးအဖွဲ့ မှာ အတ္တလန္တိတ်ဒေသတလျှောက်ရေးရာ ဝါရင့်လေ့လာသူ ဖြစ်ပါတယ်။

တရုတ်ဆီကနေ ချေးငွေယူဖို့ စဉ်းစားနေတဲ့ နိုင်ငံတွေ အနေနဲ့ကတော့ ဥရောပဘက်က ပထမဆုံး အခုလို ဘဏ္ဍာရေးရာ လေးလေးနက်နက် ပြင်ဆင်လာမှုကြောင့် ရွေးချယ်စရာတခု ရလာမယ်လို့လည်း သူက ဆိုပါတယ်။

ဒီလိုအခြေအနေမှာ အမေရိကန်ကလည်း အလားတူ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခု ကြေညာထားတာကိုလည်း သတိပြုရမှာဖြစ်ပြီး ဥရောပနဲ့ အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လ စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးမှာ “ပိုကောင်းသော ကမ္ဘာ ပြန်ဖန်တီးစို့” Build Back Better World စီမံချက်ကို ကြေညာခဲ့တာြဖစ်ပြီး စုပေါင်း အမေရိကန်ဒေါ်လာ ထရီလီယံ ၄၀ (ဘီလျံ ၄၀၀၀၀) သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီ စီမံချက်က ၂၀၃၅ မှ စတင်မှာ ဖြစ်တဲ့အပြင် ဥရောပကလည်း တစိတ်တပိုင်း ပါဝင်တဲ့ စီမံချက်တော့ ဖြစ်နေပါတယ်။

အခုလို ဥရောပဟာ အမေရိကန်နဲ့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် တဖက်ကလည်း အမေရိကန် အမှီအခိုလျှော့ချဖို့ ကြိုးစားလာတဲ့ အနေအထားမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဒီလိုရွေးချယ်စရာများလာတာက တကယ်အကျိုးဖြစ်ထွန်းမှု ရှိမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။