ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုညီလာခံကို နိုင်ငံအသီးသီးရဲ့ ပြည်တွင်းတုံ့ပြန်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေနိုင်ငံ ဂလပ်စကိုမြို့မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကမ္ဘာ့ရာသီဥတု အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့က စပြီး ကျင်းပနေရာမှာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ထိန်းချုပ်ဖို့အတွက် နိုင်ငံတကာ ခေါင်းဆောင်အများအပြားက ကတိကြီးကြီးမားမား ပေးခဲ့ကြတာကို တွေ့ရပါတယ်။
အခုလို တက်ရောက်လာတဲ့ နိုင်ငံတွေထဲက နိုင်ငံပေါင်း ၄၀ ကျော်က ၂၀၅၀ ပြည့်နှစ် အရောက်မှာ ကျောက်မီးသွေးကို စွမ်းအင်အတွက် အသုံးပြုမှု ရပ်ဆိုင်းဖို့ ကတိပြုခဲ့ကြပြီး စုစုပေါင်း နိုင်ငံ ၁၀၀ ကျော်က ခေါင်းဆောင်တွေကလည်း လက်ရှိ ဖြစ်ပွားနေတဲ့ သစ်တောပြုန်းတီးမှုတွေကို အဆုံးသတ်ပြီး သစ်ပင်တွေ ထပ်မံ ပြန်လည် စိုက်ပျိုးရေးကိစ္စကို ၂၀၃၀ မတိုင်ခင် လုပ်ဆောင်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဆိုရင်လည်း ကမ္ဘာ့ရာသီဥတုကို သက်ရောက်မှု ရှိစေတဲ့ မီသိန်းဓါတ်ငွေ့ လေထုထဲရောက်ရှိမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ကြပါတယ်။
တရုတ်
တရုတ်ပြည်သူတွေနဲ့ တကွ တရုတ် ပြည်တွင်း သတင်းဌာနတွေက COP26 ကျင်းပမှုကို သိရှိကြပေမယ့် ပြောဆို ဆွေးနွေးဖော်ပြမှု နည်းပါးတာကို တွေ့ရတယ်လို့ တရုတ်မြို့တော် ဘေဂျင်းအခြေစိုက် ဘီဘီစီ သတင်းထောက် စတီဗင် မက်ဒေါ်နယ်က ဆိုပါတယ်။
အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဒီအစည်းအဝေးကို တရုတ်နိုင်ငံက တက်ရောက်ပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုယ်တိုင် မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တရုတ်အစိုးရထိန်းချုပ်တဲ့ ဂလိုဘယ်တိုင်းမ်စ် သတင်းစာကတော့ COP26 အစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ကိုယ်တိုင် မတက်ရောက်မှုကို ဝေဖန်တဲ့အပေါ် တရုတ်ဘက်က ပြန်လည် တုံ့ ပြန်ဝေဖန်ချက်တွေ ဖော်ပြထားတာကို တွေ့ရပါတယ်။
အထူးသဖြင့် COP26 ဟာ နိုင်ငံရေး ဟန်ပြ ပြပွဲ သက်သက်သာ ဖြစ်တယ်ဆိုတဲ့ အချက်ကို အဓိက အခြေခံထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ တရုတ်လူမှုကွန်ရက် စာမျက်နှာတွေမှာ COP26 ကို ကျယ်ကျယ်ပြန့် ပြန့် ဝေဖန် တိုက်ခိုက်ကြတာမျိုးအထိတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
ရုရှား
COP26 ကို တရုတ်လိုပဲ ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်က လည်း ကိုယ်တိုင်လာမတက်ခဲ့တဲ့အပြင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု စိုးရိမ်စရာဖြစ်နေတာကိုပါ ပြန်လည် မေးခွန်းထုတ်တဲ့ ဖော်ပြမှုတွေကို ရုရှားသတင်းဌာနတွေမှာ တွေ့နေရတယ်လို့ မော်စကို အခြေစိုက် ဘီဘီစီ သတင်းထောက် စတိဗ် ရိုဆင်ဘတ်ဂ် က ပြောပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာကြီး ပူနွေးလာမှုကို အခြား တကမ္ဘာလုံးရဲ့ ပျမ်းမျှထက် ၂.၅ ဆ ပိုပြီး မြန်မြန် ခံစားရတယ်ဆိုတာကို ပြည်တွင်းမှာ အသိအမှတ်ပြုတာကို တွေ့ရပါတယ်။
ဒါပေမဲ့ အထူးသဖြင့် အလွန်အေးတဲ့ ရာသီဥတုရှိတဲ့ ဒေသများတဲ့ ရုရှားအတွက် အိမ်တွင်း အနွေးပေးစနစ် ကုန်ကျစရိတ်တွေ သက်သာလာမှာ၊ ပင်လယ်ရေကြောင်း ရေခဲ အရည်ပျော်မှုကြောင့် လမ်းကြောင်းတွေ ပွင့်လာမှာ အစရှိတဲ့ ရုရှားအတွက် ကောင်းကျိုးတွေကို ညွှန်းဆို ဖော်ပြနေတဲ့ သတင်းဌာနမျိုးလည်း ရုရှားပြည်တွင်းမှာ ရှိနေတာကို တွေ့ရပါတယ်။
လက်ရှိ COP26 အစည်းအဝေးမှာတော့ ရုရှားဟာ ၂၀၆၀ မတိုင်ခင် ကာဗွန် ထုတ်လွှတ်မှု သုည ဖြစ်အောင် လုပ်ဖို့ ကတိပြုထားပြီး ၂၀၃၀ မတိုင်ခင် သစ်တောပြုန်းမှု ရပ်တန့် ပြီး သစ်ပင် ပြန်လည် တိုးချဲ့ စိုက်ပျိုးဖို့ ကတိပြုတဲ့ နိုင်ငံတွေထဲမှာလည်း ရုရှားနိုင်ငံ ပါဝင်နေပါတယ်။
ဒါပေမယ့် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှု အင်အားကြီး နိုင်ငံဖြစ်တဲ့ ရုရှားဟာ အဲဒီ စွမ်းအင်တွေ ထုတ်လုပ်၊ အသုံးပြုမှုကြောင့် လေထုထဲကို မီသိန်းဓါတ်ငွေ့တွေ ရောက်ရှိနေမှုကို ၂၀၃၀ မတိုင်ခင်မှာ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ကိစ္စမှာတော့ ပါဝင် လက်မှတ် မထိုးခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်
COP26 နဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်တွင်း စာနယ်ဇင်းတွေမှာ ပြောဆိုမှုတွေကတော့ သူတို့ ပြည်တွင်းနိုင်ငံရေးကို အခြေခံတာ များနေတယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ဘီဘီစီသတင်းထောက် လော်ရာ ထရေဗယ်လျန်က ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ COP26 အစည်းအဝေးကတဆင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ထိန်းချုပ်ရေးမှာ အမေရိကန်ဦးဆောင်တဲ့ အခန်းကဏ္ဍကို ပြချင်နေတာ ဖြစ်တယ်လို့ MSNBC ရဲ့ ဆောင်းပါးရှင် ဟေးစ်ဘရောင်းက ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံဟာ ယခင် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာတုန်းက ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေးဆိုင်ရာ ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့တဲ့ကိစ္စအတွက် မစ္စတာ ဘိုင်ဒန်က အမေရိကန်နိုင်ငံ ကိုယ်စား တောင်းပန်ပေးရမယ်လို့ မစ္စတာ ဘရောင်းက ယူဆပါတယ်။
ရှေးရိုးစွဲအယူယိမ်းတဲ့ ဝေါစရိ ဂျာနယ်ကတော့ သမ္မတ ဘိုင်ဒန်ဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေက ဒီအစည်းအဝေး လာမတက်ဘဲ ကိုယ့်နိုင်ငံမှာပဲ "ခြေကုပ်ယူ"ထိုင်နေတယ် ဆိုပြီး ဝေဖန်ပေမယ့် အမေရိကန်နဲ့တကွ မဟာမိတ်တွေက သူတို့လာတက်အောင်လည်း မဆွဲဆောင်နိုင်ခဲ့ဘူးလို့ ဝေဖန်ပါတယ်။
မစ္စတာ ဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ် ပါတီအတွင်းမှာကိုပဲ ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်ရမယ့် ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေအတွက် အားလုံးတသဘောထားတည်း မရှိတာကို တွေ့နေရပါတယ်။
ကျောက်မီးသွေး ထုတ်လုပ်မှုများတဲ့ အနောက် ဗာဂျီးနီးယား ပြည်နယ်က ဒီမိုကရက် ဆီးနိတ်လွှတ်တော် အမတ် ဂျိုးမန်ချင်ဟာ ပါတီရဲ့ အခုလို ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ဝ လျာထားမယ့် အစီအစဉ်မှာ စိုးရိမ်စရာတွေ ရှိနေတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီလို ပြောတဲ့အတွက် အမေရိကန်သတင်းဌာနတွေဟာ ဘိုင်ဒန်ရဲ့ အသုံးအနှုန်းနဲ့ ဆင်တူယိုးမှား အနေနဲ့ ကိုယ့်ပြည်နယ်အတွင်းမှာပဲ "ခြေကုပ်ယူ"ပြီး အပြောင်းအလဲကို ဆန့်ကျင်နေသူ ဆီးနိတ်အမတ်ကြောင့် ဘိုင်ဒန်ရဲ့ ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး ကတိကဝတ်တွေ တကယ်ဖြစ်လာဖို့ ခြိမ်းခြောက်ခံနေရတယ်ဆိုပြီး ခေါင်းကြီးပိုင်းတွေမှာရေးသားနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ
COP26 အစည်းအဝေးကို ကိုယ်တိုင်လာရောက် တက်ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ ၂၀၇၀ မတိုင်ခင်မှာ အိန္ဒိယပြည်တွင်း ကာဗွန်ထုတ်လွှတ်မှု အသားတင် သုညဖြစ်အောင် ရည်မှန်း ဆောင်ရွက်မယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ ကတိပြုမှုက လွဲလို့ COP26 နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ အိန္ဒိယပြည်တွင်း လူထုအကြားမှာ ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးနေတဲ့ အကြောင်းအရာတွေ မဟုတ်ဘူးလို့ အိန္ဒိယမြို့တော် ဒေလီအခြေစိုက် ဘီဘီစီ သတင်းထောက် ရာဂျီးနီး ဗိတ်ရနသန်က ဆိုပါတယ်။
အခုလို ကာဗွန်ထုတ်လွှတ်မှု အသားတင် သုညဖြစ်ရေး နိုင်ငံတကာ ရည်မှန်းချက် ပန်းတိုင်က ၂၀၅၀ အဖြစ် သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ပြင်ပက အားမရသူတွေ ရှိပေမဲ့ ပြည်တွင်းမှာတော့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ပတ်ဝန်းကျင် အခြေအနေအရေ လက်တွေ့ကျတဲ့ ရည်မှန်းချက်အဖြစ် ယူဆကြတယ်လို့လည်း သူက ပြောပါတယ်။
မစ္စတာ မိုဒီအနေနဲ့လည်း ကမ္ဘာ့လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းရှိတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ ရာသီဥတုကို ထိခိုက်စေတဲ့ ဓါတ်ငွေ့ ထုတ်လွှတ်မှု အားလုံးရဲ့ ၅ ရာခိုင်နှုန်းအတွက်သာ တာဝန်ရှိတာကို COP26 အစည်းအဝေးမှာ ထောက်ပြနိုင်ခဲ့ပါတယ်။
ဘရာဇီး
ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မိုးသစ်တော အမေဇုန်ရှိရာ နိုင်ငံ ဖြစ်တဲ့အတွက် ကမ္ဘာ့ရာသီဥတုကို ပြန်လည်ထိန်းချုပ်ပေးနိုင်တဲ့ သစ်တောတွေရှိရာ အရေးပါတဲ့ နိုင်ငံအဖြစ် ကမ္ဘာက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘရာဇီးပြည်တွင်း စားဝတ်နေရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် COP26 နဲ့တကွ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု ထိန်းချုပ်ရေး အပိုင်းကို ပြည်တွင်းက အသေအချာ အာရုံမစိုက်နိုင်ပဲ ဖြစ်နေတယ်လို့ ဘရာဇီးနိုင်ငံ ဆာအို ပေါ်လိုမြို့ အခြေစိုက် ဘီဘီစီ သတင်းထောက် ကေတီ ဝက်ဆင်က ဆိုပါတယ်။
တဖက်မှာလည်း ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနဲ့ တကွ သစ်တောထိန်းသိမ်းရေးအပိုင်းတွေမှာ ဂရုစိုက်မှု မရှိတဲ့ ပြောဆိုမှုတွေ လုပ်နေခဲ့သူ ဘရာဇီးသမ္မတ ယဲ ဘိုဆိုနာရိုကလည်း COP26 ကို ကိုယ်တိုင် လာမတက်ခဲ့ပါဘူး။
ဘရာဇီးလူထုအကြားမှာ ကမ္ဘာ့ရာသီဥတု အရေးနဲ့ ပတ်သက်လို့ အလေးထား စဉ်းစား လုပ်ဆောင်လာဖို့အတွက် သူတို့ ရဲ့ နေ့စဉ်ဘဝကိုပါ ရိုက်ခတ်မှု ရှိနေတယ် ဆိုတာ သိရှိလာအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ နိုင်ငံရေးမှာ လူထု ပိုမို ပါဝင်လာရေး ဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Delibera အဖွဲ့ ပူးတွဲ တည်ထောင်သူ ဆီလ်ဗီယာ ဆာဗယ်လီးနီးက ပြောပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ အကျိုးဆက်တွေကို ဖြေရှင်းဖို့ နိုင်ငံရေးသမားတွေနဲ့ အာဏာပိုင်တွေကိုပဲ လွှဲထားပြီး တဦးချင်း လုပ်ဆောင်မှုရဲ့ သက်ရောက်မှုနဲ့ ဘယ်လို လုပ်ဆောင်မှုက ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ထိခိုက်စေသလဲ ဆိုတာကို မသိဘဲ ဆက်သွားလို့ မရဘူးလို့ ပြောဆိုနေသူတွေလည်း ရှိနေပါတယ်။
ဆော်ဒီအာရေဗျ
ဆော်ဒီအာရေဗျ နိုင်ငံဟာ ရုပ်ကြွင်းလောင်စာ ရေနံထုတ်လုပ်မှု အဓိက စီးပွားရေး ရှိနေတဲ့ နိုင်ငံဖြစ်ပြီး ရေနံတွေလည်း ဆက်လက် တိုးထုတ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ တဖက်မှာ ဆော်ဒီအစိုးရဟာ ၂၀၆၀ အရောက်မှာ ဆော်ဒီရဲ့ ကာဗွန်ထုတ်လွှတ်မှု အသားတင် သုညဖြစ်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်းဒေသ စီးပွားရေး သတင်းထောက် ဆမီးယား ဟက်ရှ်မီက ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့တဲ့ နိုင်ငံအဖြစ် ရပ်တည်နေခဲ့တာ အချိန်အတော်ကြာပြီဖြစ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံဟာ အခုလို ကာဗွန်ထုတ်လွှတ်မှု အသားတင် သုညဖြစ်ရေး ပန်းတိုင်နှစ် သတ်မှတ်ဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကို ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီထိပ်တန်း အာဏာပိုင်တွေက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဟာ ထိန်းချုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပေမယ့် တဖက်မှာလည်း ရုပ်ကြွင်းလောင်စာကို လုံးဝမကောင်းဘူးလို့ သတ်မှတ်လို့ မရကြောင်း ပြောဆိုခဲ့ပြီး ကမ္ဘာကြီးက ဒီလောင်စာက ရတဲ့ စွမ်းအင်တွေရော၊ ပြည့်မြဲ စွမ်းအင်တွေပါ လိုအပ်တယ်လို့ ပြောဆိုနေပါတယ်။
ဆော်ဒီအစိုးရအနေနဲ့ ရေနံလုပ်ငန်းကို အဓိက မှီခိုနေရာကနေ အခြား စီးပွားရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဘက်က အားရ အသိအမှတ်ပြုလာတဲ့ အခြေအနေတော့ မရှိဘူးလို့ မစ္စတာ ဟက်ရှ်မီက ဆိုပါတယ်။












