ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အစည်းအဝေး COP26 က ဘာ့ကြောင့်အရေးပါသလဲ

ယူကေနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ထိန်းချုပ်ဖို့ကိစ္စမှာ အရေးပါတဲ့ ထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။
စကော့တလန်ဒေသက ဂလပ်စကိုမြို့မှာ အဲဒီ အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပြီး အဲဒီ အစည်းအဝေးမှာ ပြုလုပ်မယ့် ဆုံးဖြတ်ချက်တွေက လူတွေက နေ့စဉ်ဘဝတွေကို အဓိကပြောင်းလဲ သက်ရောက်နိုင်စွမ်းလည်း ရှိနေပါတယ်။

COP26 ရဲ့ ဆိုလိုရင်းနဲ့ ကမ္ဘာ့ရာသီဥတု အခြေအနေ
COP ဆိုတာကတော့ ပူးပေါင်း ဆောင်ရွက်ကြသူ နိုင်ငံများ အစည်းအဝေးလို့ အဓိပ္ပာယ်ရပြီး အဲဒီ ၂၆ ကြိမ်မြောက် အစည်းအဝေးကို ၁၉၉၄ မှာ စတင် အသက်ဝင်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဘောင် စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေက တက်ရောက်ကြမှာလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူတွေက ရုပ်ကြွင်းလောင်စာတွေ အသုံးပြုရာက ထွက်လာတဲ့ အခိုးအငွေ့တွေကြောင့် ကမ္ဘာ့အပူချိန် ပူနွေးလာနေပါတယ်။
အခုလို သက်ရောက်မှုဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အပူလှိုင်းဖြတ်တာတွေ၊ ရေကြီးတာတွေနဲ့ တောမီးလောင်တာတွေ အပါအဝင် ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေဟာ ပိုမို ဆိုးရွားလာနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ဆိုရင် အပူချိန်အမြင့်ဆုံးတွေ စံချိန်တင်ခဲ့တဲ့ ဆယ်စုနှစ်တခုဖြစ်ခဲ့ပြီး အစိုးရအသီးသီးက အရေးတကြီး ပူးပေါင်း လုပ်ဆောင်ကြဖို့ သဘောတူထားကြပါတယ်။
လက်ရှိ ယူကေမှာလုပ်မယ့် အစည်းအဝေးမှာဆိုရင် နိုင်ငံပေါင်း ၂၀ဝ က ၂၀၃၀ ပြည့်နှစ် မတိုင်ခင်မှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု ဘယ်လို လျှော့ချမယ် ဆိုတဲ့ အစီအစဉ်ကို တင်ပြဖို့ တောင်းခံထားပါတယ်။
အဲဒီ နိုင်ငံတွေဟာ ၂၀၁၅ တုန်းက လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ကို ၁၈၅၀ တဝိုက် စက်မှုထွန်းကားတဲ့ ခေတ်မတိုင်မီ ကာလ အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ်အောက် “အတော်များများ” လျှော့ချဖို့ သဘောတူခဲ့ကြပြီး ကမ္ဘာ့ရာသီဥတု အကြီးအကျယ် ကမောက်ကမ ဖြစ်မှု တားဆီးနိုင်ဖို့ဆိုရင် အနည်းဆုံး ၁.၅ ဒီဂရီ စင်တီဂရိတ် မှာ ထိန်းထားဖို့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ သဘောတူညီမှုကို ပါရီသဘောတူချက်လို့ အများသိကြပြီး အဲဒီ သဘောတူညီချက် အတိုင်းဆိုရင် ၂၀၅၀ အရောက်မှာ နိုင်ငံအသီးသီးရဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု အသားတင် သုညတန်ဖိုး ထွက်ဖို့ အထိ ကြိုးစားကြဖို့ ဖြစ်ပါတယ်။
ရုပ်ကြွင်းလောင်စာ အသုံးပြုမှု အသားတင် သုညတန်ဖိုး ဆိုတာကတော့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လုံးဝ ရပ်လိုက်လို့ မရသေးတဲ့ အချိန်မှာ ရနိုင်သမျှ လျှော့ချပြီး တစ်ဖက်ကလည်း လေထုထဲက အခိုးအငွေ့တွေကို ပြန်လည် သန့်စင်ပေးမယ့် သဘာဝ ပတ်ဝန်းကျင်ကောင်းအောင်လုပ်တာနဲ့၊ နည်းပညာမြှင့်တင်မှုတွေ လုပ်ခြင်းအားဖြင့် ရုပ်ကြွင်းလောင်စာ အသုံးပြုသလောက် လေထုကိုလည်း ပြန်လည် သန့်စင်ပေးတဲ့ မျှခြေကို ဆိုလိုတာ ဖြစ်ပါတယ်။
အခုလက်ရှိ COP26 မှာ ဘယ်လို ဆုံးဖြတ်ချက်တွေ ချနိုင်သလဲ
လာမယ့် COP26 အစည်းအဝေးမှာ တက်ရောက်လာမယ့် နိုင်ငံအများစုက ဒီအစည်းအဝေးမစခင်မှာပဲ သူတို့ရဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လျှော့ချရေး အစီအစဉ်တွေကို စတင် အကောင်အထည် ဖော်လာနိုင်တဲ့အတွက် အစည်းအဝေး ရည်မှန်းချက်အတိုင်း အောင်မြင်ဖို့ အလားအလာ ရှိမရှိ ခန့်မှန်း သိရှိနိုင်ပါတယ်။
ဒီအစည်းအဝေးကာလအတွင်းမှာ ကြေညာချက်အသစ်တွေလည်း အမြောက်အများ ထွက်လာနိုင်ပြီး အများစုကတော့ အပြောင်းအလဲ ဆိုတာထက် လုပ်ငန်းစဉ် အဆင့်ဆင့် အသေးစိတ်နဲ့ဆိုင်တဲ့ စည်မျဉ်းဆိုင်ရာ ကြေညာချက်တွေ ဖြစ်နိုင်ပါတယ်။
အခြား ကြေညာချက်တွေထဲမှာ ပါဝင်နိုင်တဲ့ အကြောင်းအရာတွေကတော့
• လျှပ်စစ်ကားပြောင်းလဲ သုံးစွဲမှု မြန်ဆန်ရေး
• ကျောက်မီးသွေး သုံးစွဲမှု လုံးဝ ရပ်ဆိုင်မှု အဆင့်ဆင့် မြန်ဆန်စေရေး
• သစ်ပင်ခုတ်မှု လျှော့ချရေး
• ကမ်းခြေဒေသ သဘာဝဘေး ကာကွယ်ရေး စနစ်အတွက် ရန်ပုံငွေ ထောက်ပံ့ရေး အစရှိတဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ်ခံရသူတွေကို ပိုပြီး အကာအကွယ်ပေးရေး
တို့ ဖြစ်ပါတယ်။
COP26 အစည်းအဝေးကို လူပေါင်း ၂၅၀ဝ၀ လောက် တက်ရောက်ဖို့ ရှိရာမှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ညှိနှိုင်းဆွေးနွေးသူတွေနဲ့ စာနယ်ဇင်းသမားတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ဒါ့အပြင် သောင်းနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ စီးပွားရေးလုပ်ငန်းတွေက အခမ်းအနားနဲ့ တွေ့ဆုံပွဲတွေလုပ်တာ၊ ဆန္ဒပြပွဲ လုပ်တာတွေ ပြုလုပ်ဖို့ ရှိနေပြီး Extinction Rebellion ဆိုတဲ့ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆိုရင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ချက်ချင်း လုံးဝ ရပ်ဆိုင်းလိုက်ဖို့ လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
COP26 အစည်းအဝေး ပြီးဆုံးချိန်မှာတော့ တက်ရောက်လာတဲ့ နိုင်ငံတိုင်းက လက်မှတ်ထိုးမယ့် အဆုံးသတ်ကြေညာချက်တခု ထွက်လာနိုင်ပြီး အသီးသီး ဆောင်ရွက်ကြမယ့် အသေးစိတ် ကတိပြုချက်တွေ ပါဝင်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
COP26 အစည်းအဝေးကနေ ဘယ်အချက်တွေ အဓိက ဆွေးနွေးကြနိုင်သလဲ
ဒီ အစည်းအဝေးမှာ ဘဏ္ဍာရေးကိစ္စနဲ့ ရာသီဥတုဖောက်ပြန်တဲ့ ကိစ္စမှာ တာဝန်ခံမှု မျှတရေး ကိစ္စတွေ အတော်များများ ပါဝင်လာနိုင်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့စာရင် လူဦးရေ တဦးချင်းစီအတွက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှုနှုန်း နည်းပါးပြီး ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကြောင့် လေထုအတွင်း အခိုးအငွေ့ထွက် ရာသီဥတု ထိခိုက်စေမှုမှာလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အများစု တာဝန်မရှိပါဘူး။
ဒါပေမဲ့ ကမ္ဘာ့ရာသီဥတု အဆိုးဝါးဆုံး ဖောက်ပြန်မှုတချို့ရဲ့ အကျိုးဆက်တွေကို အဲဒီ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ခံနေရတာ ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံတွေမှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လျှော့ချဖို့နဲ့ ရာသီဥတုဖောက်ပြန်မှု ဆိုးကျိုးတွေကို တိုက်ဖျက်နိုင်ဖို့အတွက် ဘဏ္ဍာငွေလည်း လိုအပ်နေပါတယ်။
အခုလို အခြေအနေမှာ ကျောက်မီးသွေး စွမ်းအင်ကို မှီခိုနေရသေးတဲ့ နိုင်ငံတွေဆိုရင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ ကမ်းခြေဒေသ သဘာဝဘေး ကာကွယ်ရေးစနစ်တွေ လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက ပိုပြီး သက်ရောက်စေမှုများတဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်စေမှုကို ခံရသူ ဖွံ့ဖြိုးဆဲနိုင်ငံတွေဘက်က နစ်နာကြေးအတွက် ဆွေးနွေးမှုတွေလည်း အရှိန်မြင့်လာနိုင်ပါတယ်။
ကြွယ်ဝတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေဟာ အခုလို အခြေအနေအတွက် ၂၀၂၀ အရောက်မှာ အမေရိကန်ဒေါ်လာ ၁၀ဝ ဘီလျံ ရန်ပုံငွေပေးဖို့ သဘောတူညီထားခဲ့ကြပေမယ့် ကုလသမဂ္ဂရဲ့ စစ်ဆေးချက်တွေအရ အဲဒီပမာဏအထိ ရမလာတဲ့အတွက် ချမ်းသာတဲ့ နိုင်ငံတွေက အလှူငွေ ပိုထည့်ကြဖို့ အသံတွေလည်း ကျယ်လောင်လာပါတယ်။
တရုတ်နိုင်ငံက COP26 မှာ ပြုလုပ်မယ့် ပြောင်းလဲရေး ကတိပြုချက်တွေကလည်း အလွန် အရေးပါလာနိုင်ပါတယ်။
အကြောင်းကတော့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အများဆုံးဖြစ်စေတဲ့ နိုင်ငံ ဖြစ်လာသလို ကမ္ဘာတဝန်းက ကျောက်မီးသွေးစက်ရုံတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့ နိုင်ငံ ဖြစ်နေလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို လေ့လာစောင့်ကြည့်သူတွေ အနေနဲ့လည်း တရုတ်နဲ့တကွ အခြား ရုပ်ကြွင်းလောင်စာ အသုံးပြုနေတဲ့ နိုင်ငံကြီးတွေက ဘယ်လောက်အထိ အဲဒီစွမ်းအင်တွေ အပေါ်မှာ မှီခိုမှုကို လျှော့ချမလဲ ဆိုတာ စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

COP26 က လူတွေရဲ့ နေ့စဉ်ဘဝကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေနိုင်မလဲ
ယူကေနိုင်ငံ ဂလပ်စကိုမှာ COP26 ကျင်းပပြီးစီးသွားတဲ့အချိန်မှာ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံတွေက လူတွေရဲ့ နေ့စဉ်ဘဝတွေ ပြောင်းလဲသွားနိုင်ရာမှာ ဥပမာအားဖြင့် လောင်ဆီစာသုံး ကားအစား၊ လျှပ်စစ်ကားကိုပဲ ပိုမောင်းရတော့မယ့် အခြေအနေ၊ အိမ်တွင်း အပူပေးစနစ်ကို သဘာဝဓါတ်ငွေ့ ဆက်လက် အသုံးပြုနိုင်၊ မပြုနိုင် ကိစ္စတွေနဲ့ ခရီးသွားလေကြောင်း ပျံသန်းမှု အရေအတွက် လျှော့ချမယ့် ကိစ္စတွေ ဖြစ်ပါတယ်။
- အစည်းအဝေးမှာ အတွေ့ရများနိုင်တဲ့ အသုံးအနှုန်းများ
COP ဆိုတာကတော့ ပူးပေါင်း ဆောင်ရွက်ကြသူ နိုင်ငံများ အစည်းအဝေးလို့ အဓိပ္ပာယ်ရပြီး ပထမဆုံး COP1 အစည်းအဝေးကို ၁၉၉၅ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပါရီ သဘောတူညီချက် ဆိုတာကတော့ ပထမဆုံး အနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ ကမ္ဘာကြီး ပူနွေးမှုနဲ့ ဖန်လုံအိမ် အာနိသင် ဖြစ်စေတဲ့ ရုပ်ကြွင်းလောင်စာ လောင်ကျွမ်း အသုံးပြုရာက ထွက်လာတဲ့ ဓာတ်ငွေ့ လျှော့ချဖို့ သဘောတူထားချက် ဖြစ်ပါတယ်။
IPCC ဆိုတာကတော့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဆိုင်ရာ အစိုးရများ ဝိုင်းဝန်း ကြီးကြပ်ရေး အဖွဲ့ဖြစ်ပြီး ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဆိုင်ရာ နောက်ဆုံးပေါ် သုတေသနတွေကို စူးစမ်းလေ့လာမှာ ဖြစ်ပါတယ်။
ဘယ်လို အခြေအနေတွေ သဘောတူနိုင်မှ COP26 အောင်မြင်တယ်လို့ ဆိုနိုင်မလဲ
COP26 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူကေနိုင်ငံအနေနဲ့ တက်ရောက်လာတဲ့ နိုင်ငံအားလုံးက ၂၀၅၀ ပြည့်နှစ်မှာ နိုင်ငံအသီးသီးရဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု အသားတင် သုညတန်ဖိုး ထွက်ဖို့ ကြိုစားကြမယ် ဆိုတာကို ထပ်လောင်း အတည်ပြုပေးမှု ခိုင်မာတဲ့ အဆုံးသတ် ကြေညာချက် ထွက်လာဖို့ လိုလားနိုင်ပြီး ကြားကာလ ၂၀၃၀ မတိုင်ခင်မှာလည်း ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ကြီးကြီးမားလျှော့ချမယ်ဆိုတဲ့ ကြေညာချက်မျိုး ထွက်လာစေချင်မှာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးအနေနဲ့ အသေးစိတ် ကတိပြုချက်တွေဖြစ်တဲ့ ကျောက်မီးသွေး အသုံးပြုမှု၊ လောင်စာဆီသုံးကား အသုံးပြုမှု တို့ကို ရပ်ဆိုင်းဖို့နဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ဖို့ ကတိပြုချက်တွေ ထွက်လာမှလည်း အောင်မြင်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေဘက်က ဆိုရင်လည်း နောက်လာမယ့် ရှေ့ငါးနှစ်အတွက် သိသာလုံလောက်တဲ့ ပမာဏရှိမယ့် ရန်ပုံငွေ အစီအစဉ်ကို လိုလားမှာ ဖြစ်ပြီး နှစ်စဉ်မြင့်တက်လာနေတဲ့ အပူချိန်နဲ့အတူ လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်တဲ့နေရာမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်ဖို့ ကတိပြုမှုတွေ ဖြစ်မလာဘူးဆိုရင်တော့ အထက်မှာ ဖော်ပြထားခဲ့တဲ့ ၁.၅ ဒီဂရီစင်တီဂရိတ် ပန်းတိုင်အတိုင်း ဖြစ်လာအောင် လုပ်ဖို့အတွက် အချိန်ရှိတော့မှာ မဟုတ်တော့တာကြောင့် မအောင်မြင်ဘူးလို့ သတ်မှတ်ခံရနိုင်ပါတယ်။








