ရာသီဥတုပြောင်းလဲမှု - ကာဗွန်အမြင့်ဆုံးထုတ်လွှတ်တဲ့နိုင်ငံတွေက လျှော့ချရေး ဘယ်လောက်လုပ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, Reality Check
- ရာထူးတာဝန်, ဘီဘီစီ သတင်း
ဥရောပသမဂ္ဂအပါအဝင် နောက်ထပ် ၄ နိုင်ငံက ကမ္ဘာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ အထုတ်လွှတ်ဆုံးနိုင်ငံတွေပါ။ ကမ္ဘာကြီးပူနွေးလာရာမှာ တရားခံအကျဆုံး ဖန်လုံအိမ် ဓာတ်ငွေ့တွေထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) က ဆိုးကျိုးအပေးဆုံးပါ။
ကမ္ဘာ့အပူချိန်တက်လာတာကို ကန့်သတ်နိုင်ဖို့အတွက် ကာဗွန်ထုတ်လွှတ်မှုတွေကို ဖြတ်တောက် လျှော့ချဖို့ အဲဒီနိုင်ငံတွေအားလုံး ၂၀၁၅ ခုနှစ်မှာ ပဲရစ်သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
သူတို့ အဲဒီအချိန်ကစလို့ ဘာတွေ လုပ်ထားခဲ့ကြပါပြီလဲ။
တရုတ် - ကမ္ဘာမှာ ကာဗွန်အများဆုံးထုတ်လွှတ်တဲ့နိုင်ငံ
လေထုထဲ ကာဗွန် ထုတ်လွှတ်မှုကို လေထုထဲကနေ ကာဗွန်ကို စုပ်ယူ နုတ်သိမ်းလိုက်တာနဲ့ထေ ပြီး ကာဗွန် အထုတ် အသိမ်း ညီမျှသွားအောင်၊ တနည်းအားဖြင့် ကာဗွန်အထွက် သုည ဖြစ်အောင် လုပ်တာကို Carbon neutrality ဒါမှမဟုတ် net Zero Carbon လို့ ခေါ်ကြပါတယ်။ လေထုထဲက ကာဗွန်ကို ပြန်စုပ်ယူမယ့်နည်းနာတွေ ထဲမှာ သစ်ပင်တွေ စိုက်ပျိုးတာလည်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့တခုလုံးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အထုတ်လွှတ်ဆုံးဖြစ်ပြီး ကမ္ဘာတခုလုံးက ထုတ်လွှတ်မှုမှာ သူက လေးပုံ တပုံ ပမာဏာကို ထုတ်လွှတ်နေတာပါ။ လောင်စာ အရေးမှာ ကျောက်မီးသွေးကို အတော်အားကိုးနေတာကြောင့် ကာဗွန်ထုတ်လွှတ်မှုက ဆက်ပြီး မြင့်တက်နေဆဲပါ။
လွန်ခဲ့တဲ့လတုန်းက သမ္မတ ရှီကျင့်ဖျင်က တရုတ်အနေနဲ့ နိုင်ငံရပ်ခြားက ကျောက်မီးသွေးသုံး လောင်စာထုတ် စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေကို ရပ်ဆိုင်းသွားမယ်လို့ ကြေညာခဲ့ ပါတယ်။
ဒါပေမယ့် နိုင်ငံတွင်းမှာတော့ စွမ်းအင်လိုအပ်ချက်မြင့်တက်နေတာကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျောက်မီးသွေးမိုင်းတွင်းတွေ ပိုထုတ်လုပ်ကြဖို့ ညွှန်ကြားနေပါတယ်။ တရုတ်ဟာ ၂၀၂၆ ကစပြီး ကျောက်မီးသွေးကို မှီခိုနေတာတွေ လျှော့ချသွားမယ်ဆိုတာကိုတော့ ကတိပြုထားပါတယ်။
ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးပိုင်းမှာ တရုတ်က တိုးမြှင့်လုပ်ဆောင်ပါတယ်။ တရုတ်ဟာ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်လုပ်တဲ့ အပိုင်းမှာ တရုတ်က ကမ္ဘာမှာ တတိယ လိုက်ပါ တယ်။ နောက်ပြီး လေစွမ်းအင်ထုတ်လုပ်ရာမှာ ကမ္ဘာ့နိုင်ငံတွေထဲ ထိပ်ဆုံးကနိုင်ငံပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency) ရဲ့ အဆိုအရ သူ့နိုင်ငံက ချမှတ်ထားတဲ့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်တွေကို ပြည့်မီအောင် တရုတ်အနေနဲ့ ကျောက်မီးသွေးအပေါ် မှီခိုနေရတာကို ၂၀၆၀ ခုနှစ်အရောက်မှာ ၈၀% ကျော်အထိ ဖြတ်တောက်သွားဖို့လိုတယ်လို့ သိရပါတယ်။
Climate Action Tracker အဖွဲ့ကတော့ တရုတ်ရဲ့မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေဟာ "လုံလောက်မှုမရှိဘူး"လို့ ဆိုပါတယ်။ တကယ်လို့သာ နိုင်ငံတွေက အဲဒီလိုပုံစံ လုပ်နေကြရင် ကမ္ဘာ့ အပူချိန်ဟာ ၃ ဒီဂရီ စင်တီဂရိတ် မြင့်တက်သွားမယ်လို့ ဆိုကြပါတယ်။
အမေရိကန် - လူတဦးချင်းစီအလိုက် ကာဗွန်ထုတ်လွှတ်မှုမှာ အမြင့်ဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ရဲ့ စွမ်းအင် ၈၀% ကျော်က ရုပ်ကြွင်းလောင်စာကနေ ရနေတာပါ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ကို တိုးပြီးထုတ်လုပ်နေတာတော့ ရှိပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က အစိမ်းရောင်စွမ်းအင် (green energy) ထုတ်လုပ်မှုကို ချဲ့ထွင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံကိန်းကို ရန်ပုံငွေ ဒေါ်လာ ၁၅၀ ဘီလျံထိ သုံးစွဲမယ်လို့ ဆိုထားပါတယ်။
ရုပ်ကြွင်းလောင်စာတွေကို မှီခိုနေတဲ့ စွမ်းအင်ထုတ် ကုမ္ပဏီတွေ သန့်ရှင်းစွာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မယ့်ဘက်ဆီကို ပြောင်းရင် သူတို့ကို ကူညီမယ်ဆိုတာလည်း အဲဒီ အစီအစဉ်မှာ ပါဝင်ပါတယ်။
ဒါပေမယ့် အမေရိကန်လွှတ်တော်အမတ်တချို့က ဒါဟာ ကျောက်မီးသွေးထုတ်လုပ်ရေး လုပ်ငန်းတွေ၊ မြေအောက်ကျောက်လွှာထဲကနေ သဘာဝဓာတ်ငွေ့ထုတ်မယ့် လုပ်ငန်းတွေကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် ကန့်ကွက်ဟန့်တားတာတွေ ရှိပါတယ်။
နိုင်ငံတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကျဆင်းခဲ့ပါတယ်။
ဒါပေမယ့် Climate Action Trackerက အမေရိကန်ရဲ့မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေဟာ "လုံလောက်မှုမရှိဘူး"၊ ကမ္ဘာ့အပူချိန်မြင့်တက်မှု ၁.၅ ဒီဂရီ စင်တီဂရိတ်သာ တက်လာမယ့် အခြေအနေမှာ ထိန်းထားနိုင်ဖို့ ဆိုတဲ့ ပဲရစ်သဘောတူညီချက် ရည်မှန်းချက်ကို ပြည့်မီအောင် "သိသာကြီးမားတဲ့ တိုးတက်မှုတွေ" ဖြစ်အောင် လုပ်ဖို့လိုတယ်လို့ ပြောနေပါတယ်။
ဥရောပ သမဂ္ဂ - ကာဗွန်ထုတ်လွှတ်တွေတွေ ကျဆင်းလာ

ဥရောပ သမဂ္ဂထဲမှာ ကာဗွန်ထုတ်လွှတ်မှုအများဆုံးနိုင်ငံတွေက ဂျာမနီ၊ အီတလီ နဲ့ ပိုလန်ပါ။
ဥရောပသမဂ္ဂအနေနဲ့ ကာဗွန်ထုတ်လွှတ်မှုရည်မှန်းချက်ကို ဘုံသဘောတူချမှတ်ထားတာ ရှိပါတယ်။ တဖက်မှာလည်း ဘဏ္ဍာရေးအရ၊ နည်းပညာအရ လိုအပ်ချက်ရှိကြတဲ့နေရာမှာ တနိုင်ငံနဲ့ တနိုင်ငံ မတူကြပါဘူး။
ဒါပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၁ ခုနှစ် ကုသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံ (United Nations Climate Change Conference - Cop26) ကို တက်ရောက်လာတဲ့အခါမှာ ဥရောပသမဂ္ဂဆိုတဲ့ ခေါင်းစဉ်တခုတည်း အောက်ကနေ တက်ရောက်ဆွေးနွေးကြပေမယ့် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဘုံရည်မှန်းချက်ကို ပြည့်မီအောင် ဘယ်လိုလုပ်ဆောင်သွားကြမယ်ဆိုတာကို အဖွဲ့ဝင်နိုင်ငံတွေအားလုံးက သဘောတူချမှတ်နိုင်ဖို့ လိုအပ်နေပါတယ်။
ဥရောပ သမဂ္ဂမှာ ကာဗွန်ထုတ်လွှတ်မှုတွေ ၂၀၁၈ ခုနှစ် ကတည်းက ကျဆင်းလာနေတာကို အသိအမှတ်ပြုထားရင်း ကမ္ဘာ့အပူချိန် ၂ ဒီဂရီ စင်တီဂရိတ် အောက်ပဲ တက်လာအောင် ထိန်းနိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မီဖို့အတွက်ဆိုရင် ဒီနိုင်ငံအစုအဖွဲ့ရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေဟာ "လုံလောက်မှု ရလုနီးပါးအခြေအနေ"မှာ ရှိတယ်လို့ Climate Action Tracker က ဆိုပါတယ်။
အိန္ဒိယ - ကျောက်မီးသွေးကို မှီခိုနေရသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုတာ ကာလအတွင်းမှာ အိန္ဒိယရဲ့ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုက တဖြည်းဖြည်း တရိပ်ရိပ်တက်လာပါတယ်။ ဒါပေမယ့် လူတဦးချင်းစီ အလိုက် ကာဗွန်ထုတ်လုပ်မှု အနည်းဆုံးနိုင်ငံ ၅ နိုင်ငံမှာ အိန္ဒိယပါဝင်ပါတယ်။
ကမ္ဘာမှာ ပိုချမ်းသာတဲ့နိုင်ငံတွေ၊ ပိုပြီးစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေအနေနဲ့ ကမ္ဘာ့အပူချိန် မြင့်တက် လာမှုမှာ ပိုပြီးတာဝန်ရှိတာကြောင့် ရာသီဥတုပြောင်းလဲရေးအတွက် ပိုပြီး တာဝန်ယူ ဆောင်ရွက်ဖို့ လိုတယ်လို့ အိန္ဒိယက ပြောပါတယ်။
စီးပွားရေးဖွံ့ဖြိုးမှုပေါ်မူတည်ပြီး ကာဗွန်ဖြတ်တောက်လျှော့ချတဲ့ ရည်မှန်းချက်ကို အိန္ဒိယက ချမှတ်ထားပြီး၊ ဒီနည်းကသာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မျှတတဲ့ နည်းလမ်းလို့ ဆိုပါတယ်။
၂၀၇၀ ခုနှစ်မှာ ကာဗွန် အထုတ်အသိမ်း သုည ဖြစ်ဖို့ အိန္ဒိယက သူ့ရည်မှန်းချက်အနေနဲ့ ကြေညာထားပါတယ်။ အဲဒီခုနှစ်ဟာ ကာဗွန်ထုတ်လွှတ်မှု ကြီးမားတဲ့ တခြားနိုင်ငံတွေထက် နောက်ကျပါတယ်။
လေအား၊ နေရောင်ခြည်၊ ရေအား စတဲ့ ပြည့်ဖြိုးမြဲအရင်းအမြစ်တွေကို ရုပ်ကြွင်းလောင်စာတွေ နေရာမှာ အစားထိုးတာကို သိသိသာသာ တိုးမြှင့်သွားမယ်လို့ သူတို့က ကတိပေးထားပြီး ၂၀၁၉ တုန်းက ပြည့်ဖြိုးမြဲစွမ်းအင် ၂၃ % ထိ မြင့်တက်ခဲ့ပါတယ်။
ဒါပေမယ့် အိန္ဒိယရဲ့ လျှပ်စစ်စွမ်းအင် ၇၀ % က ကျောက်မီးသွေးကနေ ရနေတာပါ။
အိန္ဒိယအနေနဲ့ ၂၀၄၀ ပြည့်နှစ် ကျရင် ကျောက်မီးသွေးကို လုံးဝ မှီခိုစရာမလိုအောင် အဲဒီနှစ် မတိုင်မီ ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်လုပ်တာကို တဖြည်းဖြည်း လျှော့ချသွားဖို့ လိုတယ်၊ ရုပ်ကြွင်းလောင်စာ မဟုတ်တဲ့ အရင်းအမြစ်ကနေ စွမ်းအင်ထုတ်မယ်ဆိုတဲ့ ရည်မှန်းချက်ကို အခုထက် မြှင့်တယ်ဖို့လိုတယ်လို့ Climate Action Tracker က ပြော ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား - ရေနံနဲ့ သဘာဝါဓာတ်ငွေ့က မောင်းနှင်နေတဲ့ စီးပွားရေး
၁၉၉၁ မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားပြီးနောက်ပိုင်း ရုရှား စီးပွားရေးက ကျဆင်းသွား သလို ကာဗွန်ထုတ်လွှတ်မှု ပမာဏလည်း လျော့ကျခဲ့ပါတယ်။
ဒါပေမယ့် ရုရှားဟာ ကာဗွန်တွေကို စုပ်ယူဖို့အရေးမှာ သူ့ရဲ့ ကျယ်ပြန့်တဲ့ သစ်တောကြီးတွေ၊ နွံအိုင်တွေကို ပဲ ဆက်ပြီးအားကိုးနေဆဲပါ။
စွမ်းအင်လိုအပ်ချက်အတွက် အားကိုးတဲ့ လောင်စာထဲမှာ ပြည့်ဖြိုးမြဲ နေရောင်ခြည်၊ ရေအား နဲ့ ရုပ်ကြွင်းလောင်စာ မဟုတ်တာတွေကို အားကိုးတာက အနည်းအပါးပဲ ရှိပါသေးတယ်။
ရုပ်ကြွင်းလောင်စာထုတ်လုပ်တာနဲ့ ပတ်သက်တာက ဂျီဒီပီ ရဲ့ ၂၀% ကျော်ရှိပါတယ်။
ဒီနိုင်ငံရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ ကမ္ဘာ့အပူချိန်မြင့်မှု ၁.၅ ဒီဂရီ စင်တီဂရိတ်အထိပဲ ကန့်သတ်ဖို့အတွက် "အတော့်ကို မလုံလောက်ဘူး"လို့ Climate Action Tracker က ဆိုပါတယ်။








