အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ တရုတ် သမ္မတတို့ ၇ လအတွင်း ပထမဆုံးအကြိမ် ဆက်သွယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၇ လ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သူတို့ နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကနေ ထိပ်တိုက် ရင်ဆိုင်မှုတွေဆီကို ဦးတည်မသွားဖို့အတွက် နှစ်ဖက်စလုံးရဲ့ တာဝန်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါဟာ မစ္စတာ ဘိုင်ဒန် သမ္မတ တာဝန် စတင်ထမ်းဆောင်ပြီး နောက်ပိုင်း သူတို့ နှစ်ဦးအကြား ဒုတိယအကြိမ် ဆက်သွယ်မှုလည်း ဖြစ်ပါတယ်။
အမေရိကန် နဲ့ တရုတ် အကြား ဆက်ဆံရေးဟာ ကုန်သွယ်ရေး၊ သူလျှိုလုပ် ထောက်လှမ်းမှုတွေနဲ့ ကပ်ရောဂါ ကိစ္စတွေကြောင့် မကြာခဏ အချင်းများပြီး တင်းမာနေခဲ့ပါတယ်။
ခေါင်းဆောင် နှစ်ယောက်စလုံးဟာ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ လာဆုံတဲ့ နေရာတွေ၊ နောက် အကျိုးစီးပွား၊ စံနှုန်းနဲ့ ရှုမြင်ပုံချင်း မတူတဲ့ နေရာတွေနဲ့ ပတ်သက်လို့ မဟာဗျူဟာမြောက်တဲ့ ဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဆိုပါတယ်။
ဒီဆွေးနွေးမှုဟာ အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုတွေကို တာဝန်သိသိနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားဖို့ အတွက် အမေရိကန်ဘက်က ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။
တရုတ် နိုင်ငံပိုင် CCTV သတင်းဌာနကလည်း သူတို့ အကြားဖုန်းနဲ့ ဆက်သွယ်ခဲ့ကြရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ လေးလေးနက်နက် ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်စလုံးရဲ့ စိုးရိမ်မကင်းဖြစ်ရတဲ့ ကိစ္စတွေနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
CCTV ရဲ့ သတင်းထဲမှာ ကမ္ဘာ့ အနာဂတ် အရေး ကိစ္စတွေဟာ တရုတ်နဲ့ အမေရိကန်တို့ အကြား ဆက်ဆံရေးကို သေသေချာချာ ကိုင်တွယ်နိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်နေတဲ့အကြောင်း မစ္စတာရှီက ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မစ္စတာ ဘိုင်ဒန်ရဲ့ ရှေ့က သမ္မတ ဒေါ်နယ်လ် ထရမ့် ကတော့ သူစပြီး သမ္မတ တာဝန် ထမ်းဆောင်တဲ့ အချိန်ကစပြီး မစ္စတာ ရှီနဲ့ မကြာခဏ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ သူ့ အစိုးရ တက်လာပြီး ၆ လ တာ အတွင်းမှာတင် မစ္စတာ ထရမ့်ဟာ မစ္စတာရှီဆီကို ဖုန်းနဲ့ ၂ ကြိမ် ဆက်သွယ်ခဲ့ပြီး သူ့ရဲ့ Mar-a-Lago ကလပ်ကိုလည်း တရုတ်သမ္မတကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သမ္မတအိမ်ဖြူတော်ရဲ့ အကြီးတန်း အရာရှိတဦးကတော့ သမ္မတ ဘိုင်ဒန်ဟာ တရုတ် အငယ်တန်း အရာရှိတွေက သူ့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ ခြေခြေမြစ်မြစ်နဲ့ ထိရောက်တဲ့ ဆွေးနွေးမှုမျိုးတွေ မလုပ်ချင်တာကြောင့် အလိုမကျ ဖြစ်နေရာက အခုလို ဖုန်းနဲ့ ဆက်သွယ်ဖို့ ဖြစ်လာတာလို့ သောကြာနေ့က ပြောပါတယ်။
ဒီနှစ်အစောပိုင်းကလည်း ဘိုင်ဒန်အစိုးရနဲ့ တရုတ်အကြား အဆင့်မြင့် ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် တဖက်နဲ့ တဖက် ပြင်းပြင်းထန်ထန် အပြစ်တင်ရင်း တင်းမာမှုတွေနဲ့ အတိပြီးနေခဲ့ပါတယ်။
တရုတ် အရာရှိတွေဘက်ကလည်း အမေရိကန်ဟာ တခြားနိုင်ငံတွေကို တရုတ်ကို တိုက်ခိုက်ကြဖို့ လှုံ့ဆော်နေတယ်ဆိုပြီး စွပ်စွဲပါတယ်။ အမေရိကန်ဘက်ကလည်း တရုတ်ဟာ ဆွေးနွေးပွဲကို အထူးတန်းကနေ ဝင်ထိုင်ချင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးနဲ့ ကြားဝင်စွက်ဖက်မှု
ဒီကမ္ဘာ့ အကြီးဆုံး စီးပွားရေး ပိုင်ရှင် နိုင်ငံကြီး ၂ ခုအကြား ထိပ်တိုက်တွေ့ကြတဲ့ အထဲမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတွေကလည်း ကြီးမားတဲ့ ခလုတ်တံသင်းလို ဖြစ်နေပါတယ်။ အမေရိကန်က တရုတ်ဟာ ရှင်ကျန်း ပြည်နယ်ထဲက ဝီဂါ လူမျိုးတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပါတယ်။ နောက်ပြီး ဘေကျင်းဟာ ဟောင်ကောင်မှာ ဒီမိုကရေစီ အခွင့်အရေးတွေကို နင်းခြေနေတယ်၊ မကြာသေးခင်က ပြဋ္ဌာန်းခဲ့တဲ့ လုံခြုံရေး ဥပဒေကို သုံးပြီး ဆန့်ကျင်မှုတွေကို နှိမ်နင်းနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း တရုတ်က အမေရိကန်ဟာ ဘေကျင်းရဲ့ အဆိုအရ သူတို့ ပြည်တွင်းရေးတွေဆိုတဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားပြီး ကွန်မြူနစ်ပါတီကို သိက္ခာ ချဖို့ လုပ်နေတာတွေကို ရပ်ဖို့ အကြိမ်ကြိမ် ပြောနေခဲ့ပါတယ်။
နောက်ပြဿနာ တခုကတေ့ ကုန်သွယ်ရေးရာ ကိစ္စတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ က အရင် သမ္မတ ဒေါ်နယ်လ် ထရမ့် တရုတ်နဲ့ အမေရိကန်တို့ အကြား ကုန်သွယ်စစ်ပွဲ စခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က တရုတ်ရဲ့ ပို့ကုန်တွေအပေါ် ဒေါ်လာ ဘီလျံ ၃၆၀ ကျော် အခွန်ကောက်ခံ ခဲ့ပါတယ်။ တရုတ်ကလည်း အမေရိကန် ကုန်ပစ္စည်းတွေအပေါ်မှာ ဒေါ်လာ ဘီလျံ ၁၁၀ ပြန် ကောက်ခံပြီး တုံ့ပြန်ခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန်ကလည်း သူတက်လာတဲ့ အချိန်မှာ အရင် သမ္မတရဲ့ တရုတ်ကို ပေးခဲ့တဲ့ ကုန်သွယ်သတိပေးစကားကို ပြန်ရုပ်သိမ်းပေးတာမျိုး မလုပ်ခဲ့တာကြောင့် တရုတ်ကလည်း ဒါကို အစာမကြေ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
နောက် ပြဿနာ တခုကတော့ တောင်တရုတ် ပင်လယ် ကိစ္စပဲ ဖြစ်ပါတယ်။
မကြာသေးခင် နှစ်ပိုင်းတွေ အတွင်းက စလို့ ဒီ တောင်တရုတ်ပင်လယ်ဟာ တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေအကြား အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီ ပင်လယ်ထဲမှာ ရှိတဲ့ လူမနေတဲ့ Paracels နဲ့ Spratlys ကျွန်းစုတွေကို ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်ဟာ ပင်လယ်ပြင်ရဲ့ အစိတ်အပိုင်း တော်တော်များများကိုလည်း သူပိုင်အဖြစ် ပြောနေသလို အိမ်နီးချင်းနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း ပြောနေပြီး အမေရိကန်ကလည်း ဒါကိုလက်မခံပါဘူး။ ဒီလို ဆန့်ကျင်မှုတွေ ရှိနေတဲ့ ကြားမှာပဲ ဘေကျင်းဟာ အဲဒီ ဒေသထဲမှာ စစ်ရေး ချဲ့ထွင်မှုတွေကို ဆက်ပြီး လုပ်နေခဲ့ပါတယ်။ တဘက်မှာတော့ သူတို့မှာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေပဲ ရှိပါတယ်လို့ ပြောပြန်ပါတယ်။
နောက်ပြီး တရုတ်နဲ့ အမေရိကန် အကြား အာဖဂန်နစ္စတန် ကိစ္စနဲ့လည်း တင်းမာမှုတွေ ရှိလာနိုင်ပါတယ်။ တရုတ်က အာဖဂန်နစ္စတန်ထဲကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်ကို အကြိမ်ကြိမ် ဝေဖန်ပြစ်တင်နေခဲ့ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းကလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အမေရိကန် တပ်ဖွဲ့တွေဟာ အကြီးအကျယ် ဖျက်ဆီးသွားတယ်လို့ ပြောခဲ့သလို အမေရိကန်တွေဟာ အာဖဂန်ပြည်သူတွေကို ဆိုးဆိုးဝါးဝါး နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။









