ပြည်တွင်းပြည်ပ မူဝါဒအမှားတွေက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နစ်နာစေမလား

ရုရှားနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့တာ တွက်ကိန်းအမှားလား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရုရှားနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့တာ တွက်ကိန်းအမှားလား

ပြီးခဲ့တဲ့ တလ ကျော် ၂၀၂၂ ဆောင်းအိုလံပစ် မကျင်းပခင်လေးမှာ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဘေကျင်းမှာ ထိပ်သီးဆွေးနွေးပွဲ တခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။

သူတို့ဟာ အကန့်အသတ်မရှိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားဖို့ အတွက်လည်း သဘောတူ စာချုပ် ချုပ်ခဲ့ကြသလို ကမ္ဘာ့ ဇာတ်ခုံမှာ ခေတ်သစ် တခု စပြီလို့တောင် ကြေညာခဲ့ကြပါတယ်။

အဲဒီ သဘောတူညီချက်တွေမှာ နှစ်နိုင်ငံအကြား အပြန်အလှန် ထောက်ပံ့ကူညီဖို့ ကတိပြုခဲ့ကြသလို နေတိုးအဖွဲ့ ချဲ့ထွင်မှုတွေနဲ့ နောက်ထပ် ဒေသတွင်း မဟာမိတ် အဖွဲ့တွေ ထပ်ပြီးဖွဲ့လာမှာကိုလည်း ဆန့်ကျင်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ ဝါရှင်တန်က အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ တရုတ် သြဇာ ကြီးလာတဲ့ အပေါ် ကိုင်တွယ်နိုင်ဖို့ အတွက် မဟာမိတ်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေတာကို ဟန့်တားတဲ့ သဘောအဖြစ်လည်း ရှုမြင်ကြပါတယ်။

ထင်သလို ဖြစ်မလာတဲ့ ခေတ်သစ်

အဲဒီတွေ့ဆုံပွဲပြီးနောက် မကြာခင်မှာပဲ သူတို့ပြောတဲ့ ခေတ်သစ်က ရုပ်လုံးပေါ်လာပါတယ်။ စာချုပ်ချုပ်ဆို အပြီး သီတင်းပတ် အနည်းငယ်အကြာ၊ ဘေကျင်း ဆောင်းအိုလံပစ် ပိတ်ပွဲ ကျင်းပပြီး ၄ ရက်အကြာမှာပဲ ပူတင်ရဲ့ တင့်ကားတွေ ယူကရိန်းထဲကို ကျူးကျော်ဝင်ရောက်လာပါတော့တယ်။

ကျူးကျော်စစ်ရဲ့ ပထမနေ့မှာပဲ ရုရှားလေထီးတပ်တွေ ကိယဗ် မြို့တော်အနီး ဆင်းလာခဲ့ကြသလို တရုတ်ကလည်း သူ့လေယာဥ်တင် သင်္ဘောကို ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး မောင်းပြခဲ့ပါတယ်။ တဒင်္ဂ ခဏ ပူတင်နဲ့ ရှီတို့ နှစ်ဦး ဟိတ်ကြီး ဟန်ကြီး လုပ်နေတာကို ကမ္ဘာကြီးက အထိတ်တလန့်နဲ့ မယုံနိုင်စွာ ငေးကြည့်နေခဲ့ရပါတယ်။

အခုတော့ ပူတင်ရဲ့ စစ်ယန္တရားကြီးလည်း ရှေ့ဆက်မတိုးနိုင်တော့သလို နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေ အောက်မှာ ရုရှား စီးပွားရေးဟာလည်း ဒယီးဒယိုင် ဖြစ်လာနေပါပြီ။ ရှီ ရဲ့ အကြံအစည်တွေကလည်း မျှော်လင့်သလို ဖြစ်မလာပါဘူး။

မတ်လအတွင်း ထိုင်ဝမ်ရေလက်ကြားကို ရောက်လာတဲ့ တရုတ် လေယာဥ်တင်သင်္ဘော လျောင်းနင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မတ်လအတွင်း ထိုင်ဝမ်ရေလက်ကြားကို ရောက်လာတဲ့ တရုတ် လေယာဥ်တင်သင်္ဘော လျောင်းနင်း

ကျွမ်းကျင်သူတွေကတော့ ဘေကျင်းက ရုရှားဘက်ကို ယိမ်းတာ၊ ထိုင်ဝမ်အပေါ် လေသံပျော့လာတာ၊ စီးပွားရေး ဆိုင်ရာ မူဝါဒ တွေမှာ ပြန်သုံးသပ်လာရတာနဲ့ ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချတာတွေ ဆက်လုပ်နေရတာတွေဟာ သမ္မတ ရှီအတွက် နိုင်ငံရေးမှာ ကြီးမားတဲ့ နစ်နာမှုတွေပဲလို့ ပြောကြပါတယ်။

လာမယ့် ဆောင်းဦးရာသီ မှာ ကျင်းပဖို့ ရှိတဲ့ အကြိမ် ၂၀ မြောက် ကွန်မြူနစ် ပါတီ ညီလာခံမှာတော့ သမ္မတရှီကို တတိယ သက်တမ်းအတွက် အတည်ပြုကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အရင် သြစတေးလျ ဝန်ကြီးချုပ်နဲ့ တရုတ် လေ့လာသူ Asia Society ရဲ့ အကြီးအကဲ ဖြစ်တဲ့ Kevin Rudd ကတော့ ရှီ ဟာ တရုတ်ရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီး အဖြစ် ၂၀၂၀ ပြည့်နှစ်တွေသာမက ၂၀၃၀ ပြည့်နှစ်တွေ အတွင်းအထိပါ ဆက်ပြီး ရှိနေစေဖို့ ရည်မှန်းထားတယ်လို့ သူထင်မြင်မိကြောင်း ပြောပါတယ်။ ဒါပေမယ့် သမိုင်းရှုထောင့်ကနေ ကြည့်ရင်တော့ သက်ဦးဆံပိုင် သြဇာရှင်တွေမှာ နိုင်ငံရေး ဆုံးရှုံးနစ်နာမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်လာရင် သူတို့ ရှေ့ခရီးက နိမိတ်မကောင်းတတ်ပါဘူး။

တရုတ်နဲ့ ပတ်သက်လို့ လေ့လာသုံးသပ်မှုတွေ လုပ်တဲ့ Freeman Chair in China Studies က Jude Blanchette က တရုတ်အနေနဲ့ ရုရှားက ကျူးကျော်မှာကို ကြိုသိခဲ့တာပဲ ဖြစ်ဖြစ် မသိခဲ့ရင်ပဲ ဖြစ်ဖြစ် သမ္မတရှီက အကန့်အသတ် မရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်လို့ ပြောခဲ့တာဟာ သူ အာဏာရပြီး ၁၀ နှစ်နီးပါးမှာ နိုင်ငံခြားရေး မူဝါဒမှာ အကြီးမားဆုံး အမှားကြီးတခုပဲလို့ မကြာခင်က Foreign Policy မဂ္ဂဇင်းထဲမှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းမှာ မြင်တွေ့ရတဲ့ ရုရှားဘက်က အဆုံးအရှုံးတွေက သမ္မတပူတင် စီစဥ်ထားတာတွေ ဖြစ်မလာဘူးဆိုတာ ပြတဲ့ သက်သေတွေပါ။

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဓာတ်ပုံ ပုံစာ, ယူကရိန်းမှာ မြင်တွေ့ရတဲ့ ရုရှားဘက်က အဆုံးအရှုံးတွေက သမ္မတပူတင် စီစဥ်ထားတာတွေ ဖြစ်မလာဘူးဆိုတာ ပြတဲ့ သက်သေတွေပါ။

တရုတ်ပြည်တွင်းမှာလည်း တချို့ အစိုးရ အရာရှိကြီးတွေထဲမှာတောင်မှ ဒီသဘောထားမျိုးရှိတာကိုလည်း တွေ့ရပါတယ်။

တရုတ်အစိုးရနဲ့ ပတ်သက်တဲ့ အဆင့်မြင့် ပညာရှင် တယောက်ဖြစ်တဲ့ Hu Wei ကလည်း ဘေကျင်းအနေနဲ့ ရုရှားယိမ်း မူဝါဒနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ အင်္ဂလိပ် တရုတ် နှစ်ဘာသာ စလုံးနဲ့ ရေးသား တောင်းဆိုခဲ့ပါတယ်။

တရုတ်သမ္မတကို တိုက်ရိုက် ရည်ညွှန်းပြီး မရေးသားထားဘဲ တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားရှုထောင့်ကပဲ သုံးသပ်ပြခဲ့တာ ဖြစ်ပေမယ့် စာထွက်ပြီး မကြာခင်မှာ သူတို့ ဝက်ဘ်ဆိုက်ကို တရုတ် စိစစ်ရေးအဖွဲ့တွေက ပိတ်ပစ်ခဲ့ကြပါတယ်။ အဲဒီ စာတမ်းကိုတော့ တရုတ်ပြည် ပြင်ပမှာ အခုထက်တိုင် ဖတ်ရှုနိုင်ဆဲ ဖြစ်ပါတယ်။

သမ္မတ ရှီ ဟာ နိုင်ငံခြားရေး မူဝါဒတွေမှာသာ မအောင်မမြင်ဖြစ်ခဲ့ မဟုတ်ပါဘူး။ သူ့ရဲ့ အားလုံး ကြီးပွားရေး စီးပွားရေးမူနဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ပုဂ္ဂလိက ကဏ္ဍကို တင်းကြပ်ပြီး နိုင်ငံတော်ပိုင်းကို မျက်နှာသာပေးဖို့ လုပ်ခဲ့တာတွေကိုလည်း ပြန်လျှော့ပေးလာနေရပါပြီ။

မကြာသေးတဲ့ လပိုင်းတွေက စပြီး တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အကြီးအကျယ် နှေးကွေးလာနေတာနဲ့ နိုင်ငံခြား ငွေ ထွက်ရှိမှုတွေ စံချိန်တင် မြင့်မားနေတာကို နိုင်ငံတကာ သတင်းဌာန တော်တော်များများမှာ ဖော်ပြလာကြပါတယ်။

စီးပွားရေး ပကတိ အခြေအနေမှာ သေရေးရှင်ရေး တမျှဖြစ်လာတဲ့ အရိပ်လက္ခဏာတွေကို မြင်လာနေရတာကြောင့် ရှီနဲ့ သူ့ အစိုးရဟာ စီးပွားရေး တည်ငြိမ်ဖို့နဲ့ စျေးကွက်အတွင်း စိုးရိမ်မှုတွေ ဖြေလျှော့ပေးနိုင်ဖို့ တချို့ အစွန်းရောက်မူဝါဒတွေကို ပြန်နောက်ဆုတ်နေကြ ရပြီဖြစ်ပါတယ်။

Bridgewater ကုမ္ပဏီကြီးရဲ့ တည်ထောင်သူနဲ့ ပူးတွဲ ဥက္ကဌ Ray Dalio တို့လို တရုတ်ပြည်မှာ ကာလရှည် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့သူတွေကတော့ တရုတ်အစိုးရရဲ့ စီးပွားရေး အခက်အခဲ ဖြေရှင်းမှုတွေကို ယုံကြည်ကြောင်း ပြောပေမယ့် တချို့ တွေကတော့ သံသယရှိကြပါတယ်။

ဒီလပိုင်းတွေမှာ တရုတ်စီးပွားရေး နှေးကွေးလာတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီလပိုင်းတွေမှာ တရုတ်စီးပွားရေး နှေးကွေးလာတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြ

ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်နဲ့ စာရေးဆရာလည်း ဖြစ်ပြီး အရင်က တရုတ်ပြည်ဆိုင်ရာ ဗြိတိသျှ သံတမန်တယောက်လည်း ဖြစ်ခဲ့သူ Roger Garside က တရုတ်ပြည်မှာ သက်ကြီး ရွယ်အို အရေအတွက်တွေ တမဟုတ်ခြင်း မြင့်တာလာနေတာ၊ ဆင်းရဲ ချမ်းသာ ကွာဟမှုတွေ မြင့်မားလွန်းတာ၊ နေရာဒေသ အလိုက် ချစားမှုတွေနဲ့ စီးပွားရေး အခြေခံ မညီမျှမှုတွေ ရှိနေတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။ ဆက်လက်ပြီး ပူဖောင်းသဖွယ် အိမ်ခြံမြေ စျေးကွက် အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက်လည်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ တရားဥပဒေ စိုးမိုးရေးတွေ လုပ်ပြီး ထိန်းချုပ်မှ ရမယ်လို့ ဆိုပါတယ်။ သူက ရှီရဲ့ မော်စီတုန်း ခေတ်ကလို အကုန်ထိန်းချုပ်ရေး လုပ်ဖို့ ကြိုးစားမှုတွေဟာ အောင်မြင်မှု ရမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောပါတယ်၊။

ကိုဗစ်-သုည မူဝါဒ အောင်မြင်မှုနဲ့ ကျရှုံးမှု

သမ္မတ ရှီရဲ့ မအောင်မြင်မှုတွေ အမှားအယွင်းတွေထဲမှာ သူ့ကို နိုင်ငံရေးအရ အထိခိုက်ဆုံး ဖြစ်စေခဲ့တာကတော့ ကိုဗစ်-သုည မူဝါဒပဲ ဖြစ်ပါတယ်။ သူ့ဂုဏ်သိက္ခာနဲ့ အလဲအထပ်လုပ်ပြီး ဒီကိစ္စတွေကို သူကိုယ်တိုင် ထိန်းချုပ်လုပ်ကိုင်နေတယ်ဆိုပြီး မကြာခဏ ဆိုဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ လအတွင်းက ဝူဟန်မြို့နေ လူဦးရေ ၉ သန်းကို အပြင်မထွက်ဖို့ ရှီက အမိန့်ထုတ် လော့ခ်ဒေါင်းချခဲ့တဲ့ အခါမှာ ကမ္ဘာကပါ အံ့သြခဲ့ကြရပါတယ်။

ဒီကနဦး ကိုဗစ် ထိန်းချုပ်ရေး အစီအမံတွေကို နောက်ပိုင်း ကမ္ဘာတဝန်းမှာပါ ပုံတူကူးပြီး ကိုဗစ် ထိန်းချုပ်ဖို့ လုပ်ခဲ့ကြရပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတကာက လုပ်လိုက်ခဲ့ကြတဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်လော့ဒေါင်းချခဲ့တဲ့ ဝူဟန်မြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ပိုင်းမှာ နိုင်ငံတကာက လုပ်လိုက်ခဲ့ကြတဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်လော့ဒေါင်းချခဲ့တဲ့ ဝူဟန်မြို့

လော့ခ်ဒေါင်း ချတာနဲ့ ကိုဗစ်-သုည မူဝါဒ တွေဟာ တရုတ်ရဲ့ ကိုဗစ် တိုက်ဖျက်ရေးနဲ့ အောင်မြင်မှုတွေမှာ ထင်ရှားတဲ့ ဝိသေသလက္ခဏာတွေ ဖြစ်နေခဲ့ပါတယ်။ နိုင်ငံပိုင် မီဒီယာကလည်း တရုတ်ရဲ့ အချိန်တိုတိုအတွင်း စွမ်းဆောင်အောင်မြင်မှုတွေဟာ အိုးနင်းခွက်နင်း ဖြစ်နေတဲ့ အနောက်တိုင်းထက် သာလွန်တယ်ဆိုပြီး အမွှန်းတင် ခဲ့ကြပါတယ်။

ဒီ ကိုဗစ်-သုည မူဝါဒကလည်း တစစနဲ့ ပိုပြင်းပြင်းထန်ထန် ဖြစ်လာပြီး နိုင်ငံတကာ ခရီးသွားလာမှုတွေကို ထိန်းချုပ်လာတာအပြင် ဒေသခံတွေကိုပါ အတင်းအကြပ် ကွာရန်တင်း ဝင်ခိုင်းတာတွေနဲ့ ပိုးရှိမရှိ စစ်ဆေးခိုင်းတာတွေပါ ဖြစ်လာပါတယ်။

ကနဦးမှာတော့ ဒီမူဝါဒက အလုပ်ဖြစ်ခဲ့ပါတယ်။ လူ့အသက်တွေ ကယ်တင်နိုင်ခဲ့သလို တရုတ် စီးပွားရေးကိုလည်း ပုံမှန်အတိုင်း လည်ပတ်နေစေခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ကာလက အောင်မြင်ခဲ့တဲ့ မူဝါဒ ပုံစံကပဲ အခုတော့ တရုတ်စီးပွားရေးကို နင်းချေနေပြီ ဖြစ်ပါတယ်။ တဖက်မှာ ကမ္ဘာ့နိုင်ငံတွေ ကိုဗစ်လော့ဒေါင်းတွေကနေ ပြန်လည် နိုးထလာပြီဖြစ်ပြီး စီးပွားရေး နာလန် ထလာနေကြပါပြီ။

တရုတ်ပြည်မှာ ကူးစက်မှု နှုန်းက အချိန်တော်တော်ကြာကြာကို နည်းနေခဲ့တော့ သာမန် ပြည်သူတွေထဲ ကာကွယ်ဆေး ထိုးဖို့ကို သိပ်အလေးမထားကြတော့ပါဘူး။

တရုတ်ရဲ့ စီးပွားရေးအချက်အချာ မြို့ကြီး ရှန်ဟိုင်းကို လတ်တလော လော့ဒေါင်းချထားရ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့ စီးပွားရေးအချက်အချာ မြို့ကြီး ရှန်ဟိုင်းကို လတ်တလော လော့ဒေါင်းချထားရ

အရင်က ကာကွယ်ဆေး ထိုးပြီးသူတွေတောင် ဆက်ထိုးဖို့ စိတ်မဝင်စားမှုတွေ ပိုများလာနေချိန်မှာ နိုင်ငံတော်အဆင့်က ဝါဒဖြန့် ချက်တွေကြောင့် ပြည်သူ တော်တော်များများက အနောက်တိုင်းက ထုတ်နေတဲ့ ပိုပြီး ခေတ်မီကောင်းမွန်တဲ့ mRNA ကာကွယ်ဆေးတွေက ဘေးကင်းလုံခြုံမှု မရှိဘူးဆို အထင်မှားကြပါတယ်။

ဒါကြောင့် တော်တော်များများက ပိုးသေနဲ့ ဖော်စပ်တဲ့ ဒေသထွက် ကာကွယ်ဆေးတွေကိုပဲ ရွေးထိုးကြပါတယ်။ နိုင်ငံတကာက မှတ်တမ်း အချက်အလက်တွေ အရတော့ ပိုးသေနဲ့ ဖော်စပ်တဲ့ ကာကွယ်ဆေးတွေဟာ နောက်ဆုံးပေါ် ဗိုင်းရပ်စ်လှိုင်းသစ်တွေက ကူးစက်နိုင်စွမ်း မြင့်တဲ့ ဒဲလ်တာနဲ့ အိုမီခရွန်လို ပိုးတွေအပေါ် သိပ် မထိရောက်ဘူးဆိုတာ ပြသနေပါတယ်။

တရုတ်အစိုးရကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စပြီး အနောက်တိုင်းထွက် ကာကွယ်ဆေးတွေကို တိုးတိုးတိတ်တိတ် အတည်ပြုပြီး သွင်းယူနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ဗိုင်းရပ်စ် လှိုင်းက ဟောင်ကောင်ကနေ ရှန်ဟိုင်းအထိ တရုတ်ပြည်တွင်း အရှိန်ကောင်းကောင်းနဲ့ ပျံ့နှံ့နေပြီဖြစ်လို့ နောက်ကျနေပြီလို့ တချို့က ယူဆကြပါတယ်။

Chinese University of Hong Kong က စီးပွားရေး ပညာာရှင် Zheng Michael Song ကတော့ မကြာသေးခင်က ချမှတ်ခဲ့တဲ့ ကိုဗစ် ကန့်သတ်ချက်တွေဟာ တရုတ် စီးပွားရေးအပေါ် တလကို အမေရိကန် ဒေါ်လာ ၄၆ ဘီလျံ တနည်းအားဖြင့် နိုင်ငံ့ ဂျီဒီပီရဲ့ ၃.၁ ရာခိုင်နှုန်း ဆုံးရှုံးနေစေတယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်စီးပွားရေးရဲ့ နှလုံး သည်းပွတ် ဖြစ်တဲ့ ရှန်ဟိုင်း မြို့ကြီး လုံးဝလော့ခ်ဒေါင်း အချခံထားရတာကြောင့် ဒီဆုံးရှုံးမှုတွေက ပိုပြီး များလာ နိုင်ပါတယ်။

စီးပွားရေးနစ်နာမှုတွေ မပါသေးဘဲ တခြားဆုံးရှုံးမှုတွေကတင် သမ္မတ ရှီကျင့်ဖျင် ရဲ့ နိုင်ငံရေး သြဇာကို ဘယ်လောက် ထိခိုက်လာနိုင်မလဲ။ တရုတ်အရေး လေ့လာနေသူတွေကတော့ အကြိမ် ၂၀ မြောက် ကွန်မြူနစ် ပါတီ ညီလာခံ မကျင်းပခင် မကြာခင် ရက်ပိုင်း လပိုင်းတွေ အတွင်းမှာ ဘာအရိပ်အယောင်တွေ မြင်လာရမလဲ ဆိုတာကို စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။