ယူကရိန်းပဋိပက္ခ- နှလုံးရောဂါဖောက်သွားတယ်ဆိုတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းဗီဒီယို ထုတ်ပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပင်လယ်ကွေ့နိုင်ငံတွေ သဘာဝဓာတ်ငွေ့ပိုထုတ်ဖို့ ယူကရိန်း သမ္မတ တိုက်တွန်း
ရုရှားနိုင်ငံက စွမ်းအင်ကို လက်နက်တခုသဖွယ် အသုံးပြုနေတာ ရပ်တန့်ဖို့အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွေကို ပိုမို တိုးချဲ့ဖို့ ပင်လယ်ကွေ့နိုင်ငံတွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက တိုက်တွန်းလိုက်ပါတယ်။
စွမ်းအင်ကို ခြိမ်းခြောက်အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ အသုံးပြုလို့ မရနိုင်ဘူးဆိုတာ ရုရှားနိုင်ငံဘက်က သဘောပေါက်အောင် လုပ်ဖို့ ဥရောပရဲ့ အနာဂတ်ဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ကြိုးပမ်းချက်အပေါ် မူတည်တယ်လို့ သမ္မတ ဇလန်းစကီးက ဒိုဟာမြို့မှာ ကျင်းပနေတဲ့ Doha Forum ဆွေးနွေးပွဲမှာ ဗီဒီယိုကနေတဆင့် မိန့်ခွန်း ပြောကြားခဲ့တာပါ။
လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ နှောင့်နှေးခဲ့ပြီးနောက်ပိုင်း လေးနက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထဲကို ဝင်ရောက်ဖို့ ရုရှားနိုင်ငံကို သမ္မတ ဇလန်းကီးက အစောပိုင်းတုန်းက ပြောဆိုထားပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေကြောင့် ရုရှားတပ်တွေ သိသိသာသာ အထိနာခဲ့ပြီး အဆင့်မြင့် တပ်မှူးကြီးတွေလည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေဟာ ယူကရိန်းနိုင်ငံရဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို အာမခံရမှာ ဖြစ်တယ်လို့ မစ္စတာ ဇလန်းစကီးက ပြောပါတယ်။
ဒါပေမဲ့ ကရင်မလင်နန်းတော်ဘက်ကတော့ ဒီအခြေအနေကို လက်ခံမယ့် အရိပ်အယောင် မတွေ့ရပါဘူး။
ယူကရိန်း အရှေ့မြောက်ပိုင်း ဆူမီမှာ ယူကရိန်းစစ်တပ်က လက်ဦးမှုယူနိုင်တယ်လို့ပြော
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသ ဆူမီ (Sumy) ပြည်နယ် အုပ်ချုပ်ရေးမှူးက ယူကရိန်းစစ်တပ်ဟာ အဲဒီက ရုရှားတပ်အပေါ် လက်ဦးမှု ရယူနိုင်တယ်လို့ ပြောပါတယ်။
အဲဒီမှာ တိုက်ပွဲပြင်းထန်နေပြီး မကြာမီအချိန်အတွင်း မြို့တချို့ကို လွတ်မြောက်အောင် ယူကရိန်းနိုင်ငံသားတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း သူက ယုံကြည်နေပါတယ်။
နိုင်ငံ တောင်ပိုင်းမှာတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ Mal Rohan ကျေးရွာတဝိုက်က မြို့တွေ ရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို အဇ်ယွန်း မြို့တဝိုက်က နေရာတွေကိုလည်း ဆက်လက်ခုခံနေကြတယ်လို့ ဟာခိဗ်မြို့တော်ဝန်က ပြောပါတယ်။
မြို့တော် ကိယဗ်မှာတော့ တနင်္လာနေ့ မနက်အထိ နောက်ထပ် ၃၆ နာရီ ညမထွက်ရ ကာဗျူးအမိန့် ကြေညာထားပါတယ်။
ဂျပန်နဲ့ နယ်မြေအငြင်းပွားနေရာမှာ ရုရှား စစ်ရေးလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံအရှေ့ခြမ်းက ကျွန်းစုပေါ်မှာ ရုရှားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။
ဒီလေ့ကျင့်မှုတွေမှာ တပ်ဖွဲ့ဝင်ပေါင်း သုံးထောင်ကျော် ပါဝင်ပြီး လက်နက်ပစ္စည်း ရာကျော် ပါဝင်တယ်လို့ မော်စကိုဘက်က ပြောပါတယ်။
ဂျပန်နိုင်ငံတွင်းက Northern Territories နဲ့ ရုရှားကြား ကူရယ်စ် လို့ခေါ်တဲ့ ကျွန်းတွေပေါ်မှာ ရုရှားတို့ စစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့တဲ့ ဒီကျွန်းစုပေါ်က ကျွန်း ၄ ကျွန်းနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေ မော်စကိုဘက်က ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်အကြာမှာ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံအပေါ် ဂျပန်ဘက်က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် ဆွေးနွေးပြောဆိုမှုတွေကနေ ရုရှားက နုတ်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EVN
နှလုံးရောဂါဖောက်သွားတယ်ဆိုတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းဗီဒီယို ထုတ်ပြ
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေဂူ နှစ်ပတ်လောက် လူမြင်ကွင်းက ပျောက်နေပြီး သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းမျိုးစုံထွက်ပေါ်နေရာက ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ဗီဒီယိုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြခဲ့ပါတယ်။
စာရွက်ထဲက မိန့်ခွန်းကို ဖတ်ပြပြီး တစ်ခါတစ်ခါမှာ ခပ်လေးလေး ပြောနေတဲ့ မိန့်ခွန်းမှာ ယူကရိန်းထဲက တပ်တွေကို လက်နက်တွေ ပေးပို့မယ့်အကြောင်း ပြောနေပါတယ်။
သူ့ကျန်းမာရေးမကောင်းဘူးဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပြီး သူနှလုံးရောဂါဖောက်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဗီဒီယို ဘယ်တုန်းက ရိုက်ထားတယ်ဆိုတာခန့်မှန်းနိုင်တာမျိုးကိုတော့ အဲဒီဗီဒီယိုမှာ မဖော်ပြထားပါဘူး။
ယူကရိန်း ဝန်ကြီးတွေနဲ့ အမေရိကန်သမ္မတ ပိုလန်မှာတွေ့

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်း ဝန်ကြီးနှစ်ဦးနဲ့ ပိုလန်မှာ တွေ့ဆုံနေပြီး ဒါဟာ ရုရှား ကျူးကျော်မှု စတဲ့ တစ်လတာအတွင်း အဆင့်မြင့် အရာရှိကြီးတွေနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်ပါတယ်။
ဘိုင်ဒန်က ပိုလန်ကို သောကြာနေ့ကတည်းက ရောက်နေပြီး ဒီပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး စနေနေ့မှာ အရေးကြီး မိန့်ခွန်းတစ်ခု ပြောဖို့ ရှိနေပါတယ်။
တချို့ကတော့ ယူကရိန်း ဝန်ကြီးတွေ နိုင်ငံပြင်ပ ထွက်ပြတာဟာ စစ်ပွဲမှာ သူတို့ ဘယ်လောက် ယုံကြည်မှု အားကောင်းနေတယ်ဆိုတာကို ပြတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ရုရှားက လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ရှိတယ်လို့ ယူကေ ကာကွယ်ရေးပြော
ရုရှားက သူတို့ဘက်က သိသိသာသာ အထိနာမှုတွေကို လျှော့ချဖို့ လက်နက်ကြီးတွေကို မြို့ပြ ဧရိယာတွေမှာ ဆက်သုံးနေဦးမှာ ဖြစ်ပြီး အရပ်သား ထိခိုက်မှုတွေ ဆက်ရှိနေဦးမယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားတပ်တွေက မာရီယူပိုးလ်မြို့အပါအဝင် ယူကရိန်းရဲ့ မြို့ကြီး တချို့ကို ဆက်ပြီး ဝိုင်းထားဖို့ ရှိတယ်လို့လည်း အဲဒီကြေညာချက်က ဆိုပါတယ်။
ကိဗက်ဗ်မှာ ကာဖျူးထပ်တိုး
ယူကရိန်း မြို့တော် ကိယက်ဗ်မှာ အပြင်မထွက်ရ ကာဖျူးအမိန့် အချိန်ကို မြို့တော်ဝန်က ထပ်တိုးလိုက်ပါတယ်။
စနေနေ့ ဒေသစံတော်ချိန် ည ၈ နာရီကနေ တနင်္လာနေ့ မနက် ၈ အထိ ထပ်တိုးခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကို ယူကရိန်း စစ်တပ်က ဆုံးဖြတ်ခဲ့တာလို့ မြို့တော်ဝန်က အွန်လိုင်းပို့စ်မှာ ကြေညာခဲ့ပြီး နောက်ထပ် အသေးစိတ်တွေ ထပ်မပြောပါဘူး။
ပိုလန်ဘက်ကို ပြေးလာသူ လျော့ကျလာ
ယူကရိန်းဘက်ကနေ ပိုလန်နိုင်ငံဘက်ကို ပြေးလာသူ ဒီရက်ပိုင်းတွေမှာ လျော့ကျလာပြီး သောကြာနေ့က လူ သုံးသောင်းငါးရာ ရောက်လာခဲ့ပါတယ်။ အဲဒါဟာ အရင်နေ့ကထက် ၆ ရာခိုင်နှုန်းကျော် လျော့သွားတာဖြစ်တယ်လို့ စနေနေ့မှာ ပိုလန် နယ်ခြားစောင့်အဖွဲ့က ပြောပါတယ်။
ပိုလန်ကို လူ ၂ သန်းကျော် ရောက်လာခဲ့ပြီး အများအပြားလည်း တခြားနေရာတွေကို ဆက်ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။ အခုတော့ လူ တစ်သန်းကျော်လောက် ဒုက္ခသည်တွေအဖြစ် ပိုလန်ထဲမှာ ရှိနေသေးတယ်လို့ ဝါဆောတက္ကသိုလ် ရွှေ့ပြောင်းတွေအရေး ကျွမ်းကျင်သူ ပါမောက္ခက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သတင်းအကျဥ်းချုပ်
- စစ်ပွဲ ပထမအဆင့် ပြီးဆုံးပြီး ဖြစ်ပြီး အခုအခါ ဒွန်ဘက်စ် ဒေသ အရှေ့ခြမ်း လွတ်မြောက်ရေး ပြီးဆုံးအောင် လုပ်ဆောင်ဖို့ အာရုံစိုက်မယ်လို့ ရုရှားက ပြောပါတယ်။
- ဒါဟာ ရုရှားရဲ့ စစ်ပွဲမတိုင်ခင် နည်းဗျူဟာ မအောင်မြင်တာကို ပြနေကြောင်း ယူဆနိုင်တယ်လို့ အနောက်တိုင်း အစိုးရတွေက ယုံကြည်နေပါတယ်။
- ရုရှားကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ စစ်ရှိန် နှေးသွားပြီလို့ ယူကရိန်း သမ္မတ ဇယ်လင်းစကီးက ပြောပါတယ်။ ဒါ့အပြင် ရုရှားတပ်ဖွဲ့ဝင် တစ်သောင်းခြောက်ထောင်ကျော်လည်း ကျဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
- ဒါပေမဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အခုနောက်နောက်ဆုံး ထုတ်ပြန်တဲ့ ဒုတိယအကြိမ် ထိခိုက်ကျဆုံးစာရင်းမှာ တပ်ဖွဲ့ဝင် ၁၃၅၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပြီး ဒီဂဏန်းဟာ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ခန့်မှန်းထားတာထက် အများကြီး ပိုနည်းပါတယ်။
- ယူကရိန်းတောင်ပိုင်းက ခါဆန်မြို့ကို ယူကရိန်းတပ်တွေက ပြန်ရကောင်းရနိုင်တယ်လို့ အမေရိကန် စစ်ဌာနချုပ်က ပြောပါတယ်။ ဒီမြို့ဟာ စစ်ပွဲ အစောပိုင်းနေ့တွေမှာ ရုရှားတပ်တွေ သိမ်းယူခဲ့တဲ့ မြို့တွေထဲက တစ်မြို့ ဖြစ်ပါတယ်။








