ကောင်းကင်မှာ ဂြိုဟ်တုငယ်တွေ ပြည့်လာတာ ဘာအခက်အခဲတွေ ဖြစ်လာသလဲ

ဓာတ်ပုံ ရင်းမြစ်, MIKE LEWINSKI/CC
ကမ္ဘာတဝန်း အင်တာနက်ချိတ်ဆက်မှု မြန်မြန်ဆန်ဆန် ချိတ်ဆက်နိုင်ရေးအတွက် လတ်တလောကာလအတွင်း ပုဂ္ဂလိက ကုမ္ပဏီတွေက ဂြိုဟ်တုငယ်တွေ ထောင်နဲ့ချီပြီး စေလွှတ်လာရာမှာ ကောင်းကင် ရှင်းရှင်းလင်းလင်း ရှိဖို့လိုအပ်တဲ့ အာကာသ စူးစမ်းလေ့လာရေးပညာရှင်တွေအတွက် အနှောက်အယှက်တွေ ဖြစ်လာခဲ့ပါတယ်။
အခုလို အာကာသစူးစမ်းရေးပညာရှင်တွေ အတွက်ပါ အနှောင့်အယှက် ဖြစ်လာရတဲ့အတွက် နိုင်ငံတကာ အာကာသစူးစမ်းရေး အဖွဲ့အစည်းတွေ ကိုယ်တိုင် စည်းရုံးစုဖွဲ့ပြီး ကန့်ကွက်လာရတဲ့ အခြေအနေလည်း ရောက်နေပြီ ဖြစ်ပါတယ်။
အခုလို အင်တာနက် ချိတ်ဆက်မှုအတွက် ရည်ရွယ်တဲ့ ဂြိုဟ်တုငယ်တွေကို ကုမ္ပဏီတခုက စေလွှတ်ရင် အရေအတွက် ထောင်နဲ့ချီတဲ့အတွက် ကောင်းကင်မြင်ကွင်း မရှင်းလင်းတော့တဲ့အပြင် ရိုးရိုးအမြင်နဲ့မဟုတ်ဘဲ ရေဒီယိုလှိုင်းအသုံးပြုပြီး နက္ခတ်တာရာ လေ့လာမှုကိုပါ သက်ရောက်မှု ရှိနိုင်တာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် အဲဒီ ဂြိုဟ်တုငယ်တွေဟာ ကမ္ဘာမြေပြင်အထက် မြင့်မြင့်မဟုတ်ပဲ ပတ်လမ်းအနိမ့်ပိုင်းမှာ လျင်လျင်မြန်မြန် သွားလာနေကြတာ ဖြစ်တဲ့အတွက် နက္ခတ်တာရာကြည့် မှန်ပြောင်းတွေမှာ အလင်းအစင်းကြောင်းတွေအဖြစ် သွားပေါ်နေတယ်လို့လည်း ဆိုပါတယ်။
အခုလို နက္ခတ္တဗေဒပညာအတွက်ပါ အနှောက်အယှက် ဖြစ်လာစေတဲ့ အခြေအနေအပေါ် ပညာရှင်အသိုင်းအဝိုင်းရဲ့ ပြောဆိုလာမှုကို အာရုံစိုက်ဖို့အတွက် နိုင်ငံတကာ အာကာသ စူးစမ်းရေးပညာရှင်များသမဂ္ဂက ဆုံရပ်တခုလည်း စတင် ထူထောင်နေပါတယ်။
အခုလို ထူထောင်မှုကို အမေရိကန် နိုင်ငံလုံးဆိုင်ရာ အနီအောက်ရောင်ခြည်သုံး နက္ခတ္တဗေဒ သုတေသန ဓာတ်ခွဲဌာန (NOIRLab) နဲ့ ယူကေနိုင်ငံ မန်ချက်စတာမြို့ အနီး အခြေစိုက်တဲ့ ကမ္ဘာ့တောင်ခြမ်းအတွင်း တစ်ကီလိုမီတာ ဧရိယာပတ်လည်အကျယ် အပြည့်စာရှိမယ့် နက္ခတ်တာရာကြည့် မှန်ပြောင်းများ တည်ဆောက်ရေး အဖွဲ့ (SKAO) တို့က ဦးစီးမှာ ဖြစ်ပါတယ်။
အဲဒီနှစ်ဖွဲ့ထဲမှာ SKAO အဖွဲ့ကတော့ ရေဒီယိုလှိုင်းသုံး နက္ခတ်တာရာ လေ့လာမှုကို အဲဒီ ဂြိုဟ်တုငယ်တွေက ဘယ်လောက်အထိ သက်ရောက်လာမှာလဲဆိုတဲ့အပေါ် စိုးရိမ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, M. LEWINSKY/CC
ဘယ်လို စုစည်းလုပ်ဆောင်ကြမှာလဲ
အဲဒီ NOIRLab အဖွဲ့နဲ့ SKAO အဖွဲ့တို့ဟာ နိုင်ငံတကာ အာကာသစူးစမ်းရေးပညာရှင်များ သမဂ္ဂက ထူထောင်မယ့် ဆုံရပ်ဖြစ်တဲ့ နက်မှောင်တိတ်ဆိတ်တဲ့ကောင်းကင်ကို ဂြိုဟ်တုများနှောင့်ယှက်ခြင်းမှ ကာကွယ်ရေးဌာန (CPDQSSCI) ကနေ အာကာသစူးစမ်းရေးအကျိုးအတွက် တသံတည်းထွက်တဲ့ ရပ်တည်ချက်တွေပေါ်လာအောင် ဦးစီးကြမှာလည်း ဖြစ်ပါတယ်။
အဲဒီဌာနဟာ ပထမဆုံးအနေနဲ့ ဂြိုဟ်တုထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အဲဒီဂြိုဟ်တုငယ်တွေက ဖြစ်ပေါ်စေတဲ့ အလင်းညစ်ညမ်းမှုကို လျှော့ချရေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တဖက်မှာလည်း နိုင်ငံတကာက အခုလို အာကာသရေးရာ မူဝါဒ ချမှတ်သူ အာဏာပိုင်တွေကိုလည်း ကမ္ဘာပတ်လမ်းတွင်း လုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ လက်ခံဖွယ်ရာ ကျင့်ထုံးတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ပေးဖို့ကိုလည်း စည်းရုံးလှုံ့ဆော်ကြမှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ အရီဇိုးနားတက္ကသိုလ်က အာကာသစူးစမ်းရေးပညာရှင် ဒေါက်တာ ရစ်ချက်ဂရင်းကတော့ နိုင်ငံတကာ အာကာသစူးစမ်းရေးပညာရှင်များသမဂ္ဂအနေနဲ့ ဂြိုဟ်တုငယ်သုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်နဲ့ စုစုစည်းစည်း ညှိနှိုင်းဆွေးနွေးပြီး အဲဒီ ဂြိုဟ်တုငယ်တွေကြောင့် ဖြစ်ပေါ်တဲ့ ဆိုးကျိုးတွေကို လျှော့ချရေးအပိုင်းမှာ အဲဒီလုပ်ငန်းရှင်တွေက လိုလိုချင်ချင် ကြိုးစားချင်လာအောင် ဆွဲဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုံးပျံနဲ့ ဂြိုဟ်တု စရိတ်တွေ သက်သာလာမှုရဲ့ သက်ရောက်မှု
လတ်တလော ကာလအတွင်းမှာ ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းပေါ်ကို ရောက်ရှိစေပြီး ကမ္ဘာမြေပေါ် ပြန်မကျတော့တဲ့အထိ တွန်းတင်အားကောင်းတဲ့ ဒုံးပျံလွှတ်တင်ရေး စရိတ်သာမက ဂြိုဟ်တုတည်ဆောက်တဲ့ စရိတ်ပါ သိသိသာသာ သက်သာလာတဲ့အတွက် အာကာသ စီးပွားရေး လုပ်ငန်းကို လုပ်ငန်းရှင်တွေအများအပြား တိုးတက်ဝင်ရောက်နေတာကို တွေ့ရပါတယ်။
အခုလို သက်သာလာတဲ့ အနေအထားမှာ ကမ္ဘာမြေပြင်ပေါ်မှာ အင်တာနက်ချိတ်ဆက်မှု ဖြန့်ကျက်မြန်ဆန်လာစေဖို့အတွက် ဂြိုဟ်တုငယ် အရေအတွက် ရာဂဏန်းကနေ ထောင်ဂဏန်းအထိများပြားတဲ့ ကမ္ဘာပတ်ဂြိုဟ်တုငယ် အစုအဝေးတွေကို ကုမ္ပဏီအမျိုးမျိုးတို့က သီးခြားစီ လွှတ်တင်လာကြတာလည်း ဖြစ်ပါတယ်။
အခုလို အပြိုင်အဆိုင်လွှတ်တင်လာကြရာမှာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ရာဂဏန်းအမြင့်လောက်သာလျှင် လွှတ်တင်ကြတဲ့အတွက် အထူးသဖြင့် ဝေလီဝေလင်းအချိန်နဲ့ နေဝင်ရီတရော အချိန်တို့မှာ နက္ခတ်တာရာကြည့် မှန်ပြောင်းသုံးသူတွေကို အများဆုံး သက်ရောက်စေတယ်လို့ ဆိုပါတယ်။
အဲဒီ ဂြိုဟ်တုငယ်တွေက ကမ္ဘာ့ပတ်လမ်းအနိမ့်မှာ လျင်လျင်မြန်မြန် ရွေ့လျားနေကြတာ ဖြစ်တဲ့အတွက် အခုလို မလင်းတလင်း အချိန်မျိုးတွေမှာ အလင်းပြန်မှု သိသာတဲ့အတွက် နက္ခတ်တာရာကြည့်မှန်ပြောင်းတွေမှာ အလင်းရောင် အစင်းကြောင်းတွေကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီဂြိုဟ်တုငယ်တွေက အင်တာနက်ချိတ်ဆက်ရေး ထုတ်လွှတ်မှုတွေကလည်း အသေအချာ ကြပ်မတ်မထားရင် နက္ခတ်တာရာမှန်ပြောင်းတွေမှာလည်း သုံးတဲ့ ရေဒီယိုလှိုင်းဖမ်း ဧရိယာတိုင်တွေမှာ ရေဒီယိုလှိုင်းအနှောင့်အယှက်တွေလည်း ဖြစ်လာတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂြိုဟ်တုငယ်သုံး အင်တာနက်ကွန်ရက် ထပ်တိုးလာမယ်
ကမ္ဘာတဝန်း မြန်နှုန်းမြင့် အင်တာနက်ကို ကျယ်ကျယ်ပြန့် ပြန့် ရောက်ရှိနိုင်ဖို့ ဆိုပြီး ဂြိုဟ်တုငယ်တွေ လွှတ်တင်ဖို့ လုပ်နေတဲ့ အကြီးဆုံး ကုမ္ပဏီနှစ်ခုကတော့ အမေရိကန် စွန့်ဦး စီးပွားရေး လုပ်ငန်းရှင် အီလွန် မက်က်စ် ရဲ့ Starlink ကွန်ရက် ကုမ္ပဏီနဲ့ ယူကေနိုင်ငံအခြေစိုက် OneWeb Initiative ကုမ္ပဏီတို့ ဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီနှစ်ခုက လက်ရှိ ဂြိုဟ်တုငယ်သုံး အင်တာနက်ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းကို ဦးဆောင်နေရာမှာ ဂြိုဟ်တုငယ် စုစုပေါင်း ၂၀ဝ၀ ကျော်အထိ လွှတ်တင်ထားပြီးဖြစ်ပြီး နောက်ထပ်လည်း မြောက်များစွာ ထပ်မံ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။
အခုလို ထွန်ကားလာတဲ့ လုပ်ငန်းနယ်ပယ်မှာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး အမေဇုန် ကုမ္ပဏီပိုင်ရှင် ဂျက်ဖ်ဘေးဇော့ဖ်ကလည်း Kuiper Network ဆိုတဲ့ ဂြိုဟ်တုငယ်သုံး အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ အတွက် စတင် ပြင်ဆင်နေသလို ဥရောပသမဂ္ဂ ကိုယ်တိုင်ကလည်း လက်ရှိ ဆယ်စုနှစ် အလယ်လောက်မှာ ကိုယ်ပိုင် ဂြိုဟ်တုငယ်သုံး အင်တာနက် ကွန်ရက် ထူထောင်နိုင်ဖို့ လိုလားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA / JHUAPL / STEVE GRIBBEN
ကမ္ဘာကို ထိခိုက်လာနိုင်တဲ့ ဂြိုဟ်တုငယ် ထူထပ်မှု အန္တရာယ်
CPDQSSCI ရဲ့ တွဲဖက် ဒါရိုက်တာဖြစ်တဲ့ SKAO အဖွဲ့ဝင် ဖက်ဒရီကို ဒီဗရူနိုက အခုလို ဂြိုဟ်တုငယ် လွှတ်တင်တဲ့ လုပ်ငန်းတွေ အတားအဆီးမရှိ လုပ်နေမယ်ဆိုရင် သိပ္ပံပညာလေ့လာမှု ထိခိုက်တဲ့အထိ ဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် ထိခိုက်မယ့်အပိုင်းကတော့ စကြဝဠာအစ ပေါက်ကွဲမှုကြီး ဖြစ်ပြီးပြီးချင်း စကြဝဠာရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံနဲ့ ပါဝင်အရာဝတ္ထုတွေကို ခန့်မှန်း လေ့လာမှု ဖြစ်ပါတယ်။
အခုလို လေ့လာဖို့အတွက် ကောင်းကင်ယံရဲ့ သက်တမ်းအရင့်ဆုံး အလင်းရောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ cosmic microwave background ကို ဖမ်းယူရတာဖြစ်ပြီး ဖမ်းယူတဲ့ ရေဒီယိုလှိုင်းဖမ်းတိုင်တွေ အနေနဲ့ တိုးပွားလာတဲ့ ဂြိုဟ်တုငယ်တွေကြောင့် ခွဲခြားဖမ်းယူလို့ မရတော့တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ မစ္စတာ ဒီဘရူနိုက ပြောပါတယ်။
ဒါ့အပြင် ရေဒီယိုလှိုင်းနဲ့ မဟုတ်ဘဲ ကင်မရာကို long exposure နဲ့ ကြာကြာ ဖွင့်ထားပြီး အမြင်နဲ့ ပဲ နက္ခတ်တာရာ လေ့လာမှုတွေကို လုပ်ရာမှာ အဲဒီဂြိုဟ်တုငယ်တွေရဲ့ အလင်းပြန်မှု၊ ထုတ်လွှတ်မှုတွေကြောင့် အထူးသဖြင့် နေဝင်ဆည်းဆာ အချိန် လေ့လာမှုတွေကို ထိခိုက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
အခုလို ဂြိုဟ်တုငယ်တွေကြောင့် ဖြစ်စေတဲ့ မြင်ကွင်းရော၊ ရေဒီယိုလှိုင်းအရပါ ကျပ်တည်း ပိတ်ဆို့သွားမှုကြောင့် ကမ္ဘာကြီးကို ဝင်တိုက်နိုင်တဲ့ ဥက္ကာခဲ စောင့်ကြည့် ကာကွယ်ရေး သုတေသန လုပ်ငန်းတွေကိုပါ ထိခိုက်တဲ့အထိ ဆိုးကျိုးများနိုင်တယ်လို့ မစ္စတာ ဒီဘရူနိုက သတိပေးခဲ့ပါတယ်။
လက်ရှိ ကုမ္ပဏီအသီးသီးက လွှတ်တင်ဖို့ စီစဉ်ထားတဲ့ ဂြိုဟ်တုငယ် အရေအတွက်အရ ဆိုရင် လက်ရှိ ဆယ်စုနှစ် ကုန်ဆုံးတဲ့ ၂၀၃၀ လောက် အရောက်မှာ ကောင်းကင်ယံ မိုးကုတ်စက်ဝိုင်းခြမ်းအတွင်း အနည်းဆုံး ဂြိုဟ်တုငယ် ၅၀၀၀ လောက် ရှိနေနိင်တယ်လို့ CPDQSSCI ရဲ့ တွဲဖက် ဒါရိုက်တာနောက်တဦးဖြစ်တဲ့ NOIRLab အဖွဲ့ဝင် ဒေါက်တာ ကွန်နီဝေါ်ကာက ဆိုပါတယ်။
ဒါ့အပြင် အဲဒီအချိန်လောက်မှာ ရာသီဥတုနဲ့ ညဘက် အချိန်နာရီအပေါ်လိုက်ပြီး ဂြိုဟ်တုငယ် ရာဂဏန်းကနေ ထောင်ဂဏန်းလောက်အထိကို နေ အလင်းပြန်မှုကြောင့် အသေးဆုံး နက္ခတ်တာရာကြည့်မှန်ပြောင်းနဲ့တောင် တွေ့ မြင်ဖမ်းယူနိုင်တဲ့အထိ ကောင်းကင်ယံမှာ များပြားထူထပ်လာမယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်လိုဖြေရှင်းဖို့စီစဥ်နေလဲ
CPDQSSCI ဌာနအနေနဲ့ ဂြိုဟ်တုငယ်တွေကြောင့် ကောင်းကင်ယံ အလင်းညစ်ညမ်းမှု လျှော့ချရေးကိစ္စကို သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆွေးနွေးရုံသာမက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုအသီးသီးရဲ့ ရွေ့လျားမှုလမ်းကြောင်းမြေပုံ အတိအကျကိုပါ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးဖို့ တောင်းဆိုမယ်လို့ ဆိုပါတယ်။
အခုလို ဂြိုဟ်တုငယ်တွေရဲ့ ရွေ့လျားမှုလမ်းကြောင်းကို ကြိုတင် သိရှိခြင်းအားဖြင့် အာကာသစူးစမ်း လေ့လာမှုတွေကို အဲဒါတွေကနေ ရှောင်ကွင်း လုပ်ဆောင်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။
CPDQSSCI ဌာနဟာ ဂြိုဟ်တုငယ်တွေရဲ့ အလင်းပြန်မှုမပါတဲ့ စကြဝဠာ ပုံရိပ် ဖန်တီးတဲ့ ဆော့ဖ်ဝဲ ထုတ်လိုက်တဲ့အပိုင်းအတွက်လည်း လိုအပ်တဲ့ အချက်အလက်ဘဏ် အဖြစ်လည်း တာဝန်ယူမယ်လို့ ဆိုပါတယ်။
CPDQSSCI ရဲ့ အဓိက အခန်းကဏ္ဍကတော့ ဂြိုဟ်တုငယ်တွေရဲ့ အနှောက်အယှက်ပေးနိုင်မှု အတိုင်းအတာကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကုမ္ပဏီတွေဘက်က ဆန္ဒအလျောက် လုပ်ဆောင်ပေးရေး အစဉ်တစိုက် ဆွေးနွေးနေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဌာနရဲ့ လက်ရှိအောင်မြင်မှု အနေအထားကတော့ Starlink ကွန်ရက် ဖော်ဆောင်နေတဲ့ SpaceX ကုမ္ပဏီနဲ့ OneWeb ကုမ္ပဏီတို့ က သူတို့နောက်ပိုင်းလွှတ်တဲ့ ဂြိုဟ်တုငယ်တွေမှာ နေအလင်းပြန်မှု နည်းစေတဲ့ အလွှာတွေ တပ်ဆင်တာ၊ နေရောင်ကို ကာကွယ်တဲ့ အလွှာတွေ တပ်ဆင်တာတွေကို လိုလိုလားလား ဆွေးနွေးလာမှုပဲ ဖြစ်တယ်လို့ ဒေါက်တာ ဝေါ်ကာက ပြောပါတယ်။








