အီလွန် မာ့စ်ခ် ရဲ့ SpaceX ဒုံးပျံ လနဲ့ ဝင်တိုက်နိုင်

၂၀၁၅ အတွင်း SpaceX ဒုံးပျံ Falcon 9 ကို ဖလော်ရီဒါမှာ လွှတ်တင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၅ အတွင်း SpaceX ဒုံးပျံ Falcon 9 ကို ဖလော်ရီဒါမှာ လွှတ်တင်ခဲ့
    • ရေးသားသူ, ဂျော်ဂျီးနာ ရန်းနာ့ဒ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

အီလွန်မာ့စ်ခ်ရဲ့ အာကာသ စူးစမ်းလေ့လာရေး ကုမ္ပဏီက လွှတ်တင်ထားခဲ့တဲ့ ဒုံးပျံဟာ လနဲ့ ဝင်တိုက်ပြီး ပေါက်ကွဲပျက်စီး သွားတော့ မှာ ဖြစ်ပါတယ်။

Falcon 9 ဒုံးပျံကို ၂၀၁၅ အတွင်းက လွှတ်တင်ခဲ့တာ ဖြစ်ပြီး သူ့လုပ်ငန်းစဥ်တွေ ပြီးဆုံးချိန်မှာ ကမ္ဘာမြေဘက်ကို ပြန်လှည့်ဖို့အတွက် လောင်စာ အလုံအလောက် မကျန်တော့တဲ့အတွက် အာကာသထဲမှာ မျောလွင့်နေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ လ ကို ထိန်းချုပ်မှုမဲ့ ဒုံးပျံတစင်း ပထမဆုံး အကြိမ် ဝင်ရောက် တိုက်မိခြင်း ဖြစ်လိမ့်မယ်လို့ နက္ခတ္တဗေဒ ပညာရှင် ဂျွန်နဿန် မက်ဒေါင်းဝဲလ်က ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် ဘာမှ ကြီးကြီးမားမား သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

ဒီ ဒုံးပျံကို လွန်ခဲ့တဲ့ ၇ နှစ်က မိုင် ၁ သန်း ခရီးနှင်မယ့် အာကာသ မိုးလေဝသ ဂြိုဟ်တု တလုံးကို အာကာသထဲ လွှတ်တင်ပြီးနောက် ကမ္ဘာပတ် လမ်းမြင့်ထဲမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီ ဒုံးပျံဟာတချိန်မှာ လူတွေ တခြား ဂြိုဟ်တွေပေါ်မှာ သွားရောက် အခြေချနိုင်ရေးအတွက် ရည်မှန်းကြိုးစားနေတဲ့ မစ္စတာ မာ့ခ်စ်ရဲ့ စီးပွားဖြစ် အာကာသ စူးစမ်းလေ့လာရေး ကုမ္ပဏီ SpaceX က ဖြစ်ပါတယ်။

ဒီ ဒုံးပျံဟာ ၂၀၁၅ က စပြီး ကမ္ဘာ၊ လ နဲ့ နေတို့ရဲ့ မတူညီတဲ့ ဆွဲအားတွေအကြားမှာ ပရမ်းပတာ ဖြစ်ပြီး လမ်းပျောက်သလို ဖြစ်နေခဲ့တဲ့ အကြောင်း အမေရိကန်ပြည်ထောင်စုက Harvard-Smithsonian Center for Astrophysics က ပါမောက္ခ မက် ဒေါင်းဝဲလ်က ပြောပါတယ်။ ဒီ ဒုံးပျံက အသက်မဲ့နေပြီဖြစ်ပြီး ဆွဲအား နိယာမ အရ ဆက်မျောနေတာလို့ ဆိုပါတယ်။

အဲဒါကြောင့်လည်း ဒီဒုံးပျံဟာလည်း အရင်က လွှတ်တင်ခဲ့ကြတဲ့ နောက်ပိုင်းမှာ ကမ္ဘာပေါ် ပြန်လာဖို့ စွမ်းအင် မလုံလောက်ဘဲ အာကာသထဲမှာ မျောနေတဲ့ တန်ပေါင်း များစွာသော အာကာသ အမှိုက်တွေထဲက တခု ဖြစ်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းကလည်း ဒီလိုပဲ ကြီးကြီးမားမား အရာတွေထဲက ၅၀ လောက် ပျောက်သွားခဲ့ပါတယ်။ ဘယ်ရောက်သွားမှန်းကို မသိတာလို့ ပါမောက္ခ မက် ဒေါင်းဝဲလ်က ပြောပါတယ်။ အခု လ နဲ့ ဝင်တိုက်မယ်ဆိုတာကတော့ ပထမဆုံး အတည်ပြုနိုင်တဲ့ အဖြစ်အပျက်တခု ပါ၊ အရင်ကလည်း ဒါမျိုးတွေ ဖြစ်ကောင်း ဖြစ်ခဲ့ဖူးနိုင်ပေမယ့် သတိမထားမိခဲ့ကြတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

Falcon 9 ဒုံးပျံ ဒီလို အဆုံးသတ်ရလိမ့်မယ်လို့ စပြောခဲ့ကြသူတွေကတော့ Ars Technica အာကာသ ဆိုင်ရာ ဝက်ဘ်ဆိုက်က သတင်းစာ ဆရာ အဲရစ် ဘာဂါနဲ့ အချက်အလက် လေ့လာသုံးသပ်သူ ဘေလ် ဂရေးတို့ ဖြစ်ပြီး သူ့ဘလော့ဂ်မှာလည်း ဖော်ပြခဲ့ပါတယ်။

လာမယ့် မတ်လ ၄ ရက်နေ့မှာ ဝင်တိုက်မိမှာ ဖြစ်ပြီး ဒုံးပျံဟာ ပေါက်ကွဲ ပျက်စီး သွားမှာ ဖြစ်ပါတယ်။

ဒါဟာ နောက်ကျောမှာ ဒုံးစက်တပ်ပေးထားတဲ့ အထဲမှာ ဘာမှ မကျန်တော့တဲ့ သတ္တု တိုင်ကီကြီး တလုံးပါ။ ဒါကြီးက တနာရီကို မိုင် ၅,၀၀၀ နှုန်းနဲ့ ကျောက်တုံးကြီးကို ဝင်တိုက်မှာလေ၊ ပျော်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူးလို့ ပါမောက္ခ မက်ဒေါင်းဝဲလ်က ဆိုပါတယ်။

အဲဒီလို ဝင်တိုက်ပြီးရင် လ မျက်နှာပြင်ပေါ်မှာ လူလုပ် ချိုင့်ဝှမ်းငယ်တခု ပေါ်လာမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, SpaceX အာကာသယာဉ်မှူးတွေ နိုင်ငံတကာ အာကာသစခန်းကို ရောက်

ကမ္ဘာအနီးက အာကာသထဲမှာ ရှိနေတဲ့ အရာတွေကို ဆော့ဖ်ဝဲသုံးပြီး လိုက်လံ ခြေရာကောက်တဲ့ ဘေလ်ဂရေး ဆိုသူကတော့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဒီ ဒုံးပျံ အနီးက ကပ်ဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့ ရောက်ရင်တော့ လ မျက်နှာပြင်နဲ့ ဝင်တိုက်ဖို့ များတယ်လို့ သူက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အတွင်းကလည်း ပါမောက္ခ မက် ဒေါင်းဝဲလ်နဲ့ တခြား နက္ခတ္တဗေဒ ပညာရှင်တွေက လ နဲ့ ဒုံးပျံငယ်တစင်းကို ဝင်တိုက်စေပြီး စမ်းသပ်မှု တခု လုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ တပ်ပေးလိုက်တဲ့ အာရုံခံ ကိရိယာတွေနဲ့ လ မျက်နှာပြင်ပေါ် ချိုင့်ဝှမ်း ဖြစ်ပေါ်ပုံနဲ့ ပတ်သက်လို့ လေ့လာခဲ့ကြပါတယ်။

အခု တကြိမ် တိုက်မိတဲ့ အခါမှာ သိပ္ပံပညာရှင်တွေ အတွက် နောက်ထပ် အချက်အလက်သစ်တွေ ထပ်တွေ့ရမယ်လို့ မထင်ကြောင်း ပါမောက္ခ မက်ဒေါင်းဝဲလ်က ရှင်းပြပါတယ်။

"အနာဂတ်မှာ လပေါ်မှာ မြို့တွေ တည်ပြီး အခြေချချင်ကြတယ်လေ၊ ဆိုတော့ အဲဒီမှာ ဘာတွေ ရှိသလဲ သိထားဖို့ လိုတာပေါ့။ အာကာသ ခရီးက ခပ်နှေးနှေးပဲ သွားနေကြရတာဆိုတော့ တစုံတခု ဖြစ်လာတာကို စောင့်နေတာထက် လုပ်နိုင်တာကို လုပ်ထားကြတာက ပိုလွယ်ကူပါတယ်"လို့ ပါမောက္ခ မက် ဒေါင်းဝဲလ်က ပြောပါတယ်။

ဆိုတော့ လက်ရှိအချိန်နဲ့ မတ်လ ၄ ရက် အကြားမှာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုရင် ဒီဒုံးပျံဟာ လနဲ့ တိုက်မိပြီး မပျက်စီးမချင်း ဆွဲအား နိယာမ အရ အာကာသထဲ ဆက်မျောနေဖို့ပဲ ရှိပါတယ်။