SpaceX အာကာသယာဉ် လွှတ်တင်
အမေရိကန် အာကာသယာဉ်မှူးတွေကို အာကာသထဲ ပြန်လည် လွှတ်တင်ဖို့ စနစ် အသစ်တခု ကို အမေရိကန်တို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
SpaceX ကုမ္ပဏီဟာ ဖလောရီဒါမှာရှိတဲ့ ကနေဒီ အာကာသ စင်တာ ကနေ လူလိုက်ပါလို့ရတဲ့ အာကာသယာဉ် ကို လွှတ်တင်လိုက်ပါပြီ။
အခု အချိန်မှာတော့ လူလိုက်ပါခြင်း မရှိသေးပေမယ့်၊ အခြေအနေတွေ ကောင်းမွန်တာကို တွေ့ရပါတယ်။
ဒီ အမေရိကန် အာကာသ အေဂျင်စီ SpaceX ဟာ ဒီနှစ် နှောင်းပိုင်း အာကာသာသူရဲ တွေကို ပုံမှန် စေလွှတ်နိုင်ဖို့ အခု စနစ်ကို သက်သေပြ ချင်တဲ့ ပုံမျိုးရှိပါတယ်။
SpaceX တည်ထောင်သူ အီလွန်မက်စ်ခ် က အာကာသ ခရီးသွား လုပ်ငန်း ဖွင့်လှစ်ဖို့ ဒါဟာ ပထမခြေလှမ်း ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန် အာကာသ လေ့လားစူစမ်းရေး အေဂျင်စီ နာဆာဟာ အာကာသ လွန်းပျံယာဉ် လွှတ်တင်မှုတွေ ၂၀၁၁ ခုနှစ်မှာ ရပ်နားထားလိုက် ကတည်းက အာကာသယာဉ်မှူးတွေကို အာကာသထဲ မပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
၈ နှစ်တာ ကာလအတွင်း လွှတ်တင်ချင်ရင် ရုရှားရဲ့ ဆိုးရု ရောကက်တွေကို အခကြေးငွေ ပေးပြီး၊ အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။
အခုတော့ အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီ SpaceX ဟာ သူ့ကိုယ်ပိုင် သိမ်းငှက် ၉ ရောကက်မှာ လူလိုက်ပါလို့ရတဲ့ နဂါး ဆိုတဲ့ ထိပ်ဖူး တပ်ပြီး ဒေသစံတော်ချိန် မနက် ၂ နာရီ ၄၉ မိနစ်မှာ ကနေဒီ သမိုင်းဝင် အာကာသယာဉ် လွှတ်တင်ရေး စင် အမှတ် ၃၉ အေ ကနေ လွှတ်တင်လိုက်တာပါ။
နဂါး ထိပ်ဖူး အာကာသယာဉ်ဟာ တနင်္ဂနွေနေ့မှာ နိုင်ငံတကာ အာကာသ စခန်းနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။


လိုက်ပါသွားတဲ့ Ripley ဆိုတာက ဘယ်သူပါလဲ?
အခု လွှတ်တင်မှုက သရုပ်ပြ စမ်းသပ်မှု ဖြစ်လို့ ယာဉ်ပေါ်မှာ အာကာသသူရဲ မပါဝင်ပါဘူး။ ဒါပေမယ့် စမ်းသပ်တဲ့ လူအရုပ်တော့ လိုက်ပါသွားပါတယ်။ သူကိုတော့ Ripley လို့ နာမည်ပေးထားပါတယ်။
ဒီအရုပ်ကို အာကာသ ဝတ်စုံ ၀တ်ပေးထားပြီး၊ အရုပ်ရဲ့ ဦးခေါင်း၊ လည်ပင်း နဲ့ ကျောရိုး တဝိုက်မှာ အာရုံခံ ကိရိယာတွေကို တပ်ဆင်ထားပါတယ်။
အဲဒီကနေ အာကာသယာဉ်ထဲမှာ လူတွေ အပေါ် ဘယ်လို အားသက်ရောက်မှုတွေ ရှိလည်း ဆိုတဲ့ အချက်အလက်တွေကို စုစောင်းထားမှာ ဖြစ်ပါတယ်။
အီလွန် မက်စ်ခ် ဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တွေ ဆီ လူတွေ သွားရောက် လည်ပတ် နိုင်ဖို့ အခုထက် ပိုပြီးကြီးမားတဲ့ စနစ် တခုကို လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SPACEX
အခု အစီအစဉ်ကို ဘယ်လို အဆုံးသတ်မလဲ
ကမ္ဘာပတ်လမ်းကြောင်းကို ရောက်ပြီဆိုရင်၊ နဂါး ထိပ်ဖူးဟာ သူဘာသာ အာကာသစခန်းဆီ သွားရောက်မှာ ဖြစ်ပါတယ်။
အခု ခရီးစဉ်နဲ့ ရိုးရိုး ပစ္စည်းပို့တဲ့ အာကာသယာဉ် ခရီးစဉ် အကြား ကွာခြားမှုကတော့ နိုင်ငံတကာ အာကာသ ယာဉ် စခန်းကို ချဉ်းကပ်ပုံနဲ့ ချိတ်ဆက်ပုံ တို့ပဲ ဖြစ်ပါတယ်။
ပစ္စည်းပို့တဲ့ ယာဉ်တွေကတော့ အာကာသ စခန်း ကို ချိတ်ဆက်ဖို့ စက်ရုပ် လက်တံတခုနဲ့ ဆွဲယူ ချိတ်ဆက်တာ မျိုး ဖြစ်ပါတယ်။
အခု လွှတ်လိုက်တဲ့ နဂါး ထိပ်ဖူးကတော့ ဒီဇိုင်းသစ် ဆွဲထားတဲ့ ဆက်သွယ်ရေး ကြိုးကို သုံးပြီး အာကာသစခန်း ရှေ့ဦး ပိုင်းကို ချဉ်းကပ်ပြီး အလိုလျောက် ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အာကာသ စခန်းက အာကာသ သူရဲတွေဟာ ဒီလို ချိတ်ဆက်မှုကို ပုံမှန် အလုပ်လုပ် မလုပ် အနီးကပ် စောင့်ကြည့်နေမှာ လည်း ဖြစ်ပါတယ်။
နဂါး အာကာသ ယာဉ်ဟာ အဲဒီ စခန်းမှာ သောကြာနေ့ မတိုင်ခင်အထိ ရှိနေမှာ ဖြစ်ပါတယ်။
ပြန်ဆင်းမယ့် အစီအစဉ်ကတော့ အာကာသ စခန်းကနေ ပြန်ထွက်လာမယ်။ ပြီးရင် ဒုံးစက်ငယ် ကို ဖွင့်ပြီး ကမ္ဘာပတ် လမ်းကြောင်း ကနေ ပြန်ထွက်လာမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အက်တလန်တိတ် သမုဒ္ဒရာထဲကို ဆင်းသက်မှာ ဖြစ်ပါတယ်။











