၂၀၃၁ မှာ နိုင်ငံတကာ အာကာသစခန်း ကမ္ဘာပေါ်ကို ပျက်ကျလာမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတကာ အာကာသစခန်း ISS ဟာ လာမယ့် ၂၀၃၀ အထိ အလုပ်လုပ်နေဦးမှာ ဖြစ်ပြီး ၂၀၃၁ အစောပိုင်းမှာ ပစိဖိတ် သမုဒ္ဒရာထဲကို ပျက်ကျလာလိမ့်မယ်လို့ နာဆာက ပြောပါတယ်။
အမေရိကန် အာကာသအေဂျင်စီရဲ့ ဒီသီတင်းပတ်ထဲမှာ ထွက်လာတဲ့ ထုတ်ပြန်အစီရင်ခံစာ အရ ISS ဟာ ပစိဖိတ် သမုဒ္ဒရာထဲက ပွိုင့် နီမိုလို့ ခေါ်တဲ့ နေရာကို ပျက်လာမှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ကမ္ဘာပေါ်မှာ ဘယ်ကုန်းမြေပြင်နဲ့ မဆို အဝေးဆုံး နေရာမှာ ရှိပြီး အာကာသယာဥ်တွေရဲ့ သင်္ချိုင်းလို့တောင် ခေါ်ကြပါတယ်။
ဂြိုဟ်တုဟောင်းတွေနဲ့ တခြား အာကာသထဲက အပျက်အစီးတွေ တော်တော်များများ အဲဒီ နေရာကို ပျက်ကျလာကြတာဖြစ်ပြီး အဲဒီထဲမှာ ၂၀၀၁ အတွင်းက ပျက်ကျလာခဲ့တဲ့ ရုရှား အာကာသစခန်း မီယာ တောင် ပါဝင်ပါတယ်။
နိုင်ငံတကာ အာကာသစခန်း ISS ကို နိုင်ငံအလိုက် အာကာသအေဂျင်စီ ၅ ခု ပူးတွဲ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်မှာ ကတည်းက ကမ္ဘာပတ်လမ်းကြောင်းထဲမှာ စတင်လှည့်ပတ်နေခဲ့တာ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က စတင်ပြီး အာကာသယာဥ်မှူးတွေနဲ့ လုပ်ငန်းတွေ မရပ်မနား လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စခန်းပေါ်က မိုက်ခရိုဂရက်ဗတီ ဓာတ်ခွဲခန်းထဲမှာ လေ့လာသုတေသန လုပ်ငန်းပေါင်း ၃,၀၀၀ ကျော် လုပ်ကိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအာကာသစခန်းကို လာမယ့် ၂၀၂၄ အထိပဲ ဆက်လက်လုပ်ကိုင်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ တကယ်လို့ ထပ်ပြီး သက်တမ်းတိုး ချင်တယ်ဆိုရင် တွဲဖက်လုပ်ကိုင်နေသူ အားလုံး သဘောတူညီချက် ရဖို့လိုပါတယ်။
နာဆာက ISS ကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဟာ ကမ္ဘာမြေနဲ့ နီးတဲ့ အာကာသထဲက ကမ္ဘာပတ်လမ်း အနိမ့်ထဲမှာ စီးပွားဖြစ် လုပ်ငန်းတွေ စတင်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ပုဂ္ဂလိက လုပ်ငန်းတွေဟာ နည်းပညာပိုင်းရော ဘဏ္ဍာရေးပိုင်းမှာပါ တောင့်တင်းကြသလို တီထွင်ဖန်တီးနိုင်ပြီး နာဆာရဲ့ ပံ့ပိုးမှုတွေနဲ့ ကမ္ဘာပတ်လမ်း နိမ့်ထဲမှာ စီးပွားဖြစ် လုပ်ကိုင်နိုင်ကြပြီ ဖြစ်တယ်လို့ နာဆာ ရုံးချုပ်က စီးပွားဖြစ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး ဖေးလ် မက်အယ်လစ္စတာက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက နာဆာက တက္ကဆက်ပြည်နယ် အခြေစိုက် Axiom Space ကုမ္ပဏီကို အနည်းဆုံးအနေနဲ့ ISS မှာ တပ်ဆင် အသုံးပြုမယ့် လူနေလို့ရတဲ့ မော်ဒျူးလ်ခန်းတခုကို တည်ဆောက်ဖို့ အတွက် လုပ်ငန်း အပ်နှံခဲ့ပါတယ်။ နောက်ပြီး အာကာသ စခန်းတွေ တည်ဆောက်နိုင်ရေးအတွက် ဒီဇိုင်းဆွဲပုံစံထုတ်ဖို့နဲ့ ကမ္ဘာပတ်လမ်းထဲမှာ စီးပွားဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် ဘဏ္ဍာရေး ထောက်ပံ့မှုတွေလည်း ပေးခဲ့ပါတယ်။
ISS ကို မရပ်ဆိုင်းခင်မှာ အဲဒီ စီမံကိန်းသစ်တွေဟာ အနည်းဆုံး အဆင့် အဖြစ် စတင် လည်ပတ် နေနိုင်လောက်ပြီလို့ မျှော်လင့်ထားကြပါတယ်။
နာဆာကတော့ ကမ္ဘာပတ်လမ်းနိမ့်ထဲမှာ အမေရိကန် ဦးဆောင်တဲ့ ခိုင်မာတဲ့ စီးပွားဖြစ် လုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက် ဖြစ်ကြောင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS
စီးပွားဖြစ် အာကာသလုပ်ငန်းဟာ အမေရိကန် အာကာသ စီမံကိန်းတွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေခဲ့ပြီး ဖြစ်ပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အာကာသယာဥ်မှူးတွေ ကုန်ပစ္စည်းတွေကို သယ်ပို့ပေးတာတွေတောင် လုပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ရုရှားရဲ့ Soyuz နဲ့ Progress အာကာသယာဥ်တွေကို အသုံးပြုတာလည်း ရှိပါတယ်။
နာဆာရဲ့ အဆိုအရ ကမ္ဘာပတ်လမ်း အနိမ့် ထဲမှာ ပုဂ္ဂလိက ကုမ္ပဏီတွေပိုပြီး လုပ်လာနိုင်ရင် သူတို့အတွက် ကုန်ကျစရိတ် ဒေါ်လာ ၁.၃ ဘီလီယံလောက် သက်သာသွားမှာ ဖြစ်ပါတယ်။ အဲဒီ ငွေကို ခရီးရှည် အာကာသ စူးစမ်းမှုတွေ လုပ်တဲ့ နေရာမှာ သုံးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကလည်း နာဆာအနေနဲ့ သူတို့ လိုအပ်မယ့် ဝန်ဆောင်မှုအတွက်သာ အခကြေးငွေ ပေးစရာလိုမှာ ဖြစ်ပြီး ISS လို ပြုပြင် ထိန်းသိမ်းစရိတ်တွေ ကုန်တော့မှာ မဟုတ်တော့တာကြောင့် ဖြစ်ပါတယ်။
ပုဂ္ဂလိက အာကာသစခန်းတွေဟာ ပိုပြီး သစ်လွင်မှာ ဖြစ်သလို လဲလှယ် အသုံးပြုရမယ့် အစိတ်အပိုင်းတွေ လိုအပ်မှုမှာလည်း ပိုပြီး နည်းပါးလိမ့်မယ်လို့ နာဆာက ပြောပါတယ်။
ဆက်လက်ပြီး ISS ရဲ့ ဘတ်ဂျက်တွေကို နှစ်စဥ် သုံးသပ်ကြောင်းနဲ့ ငွေကုန်ကြေးကျ သက်သာမယ့် ခန့်မှန်းချက်တွေကို ပြင်ဆင်သတ်မှတ်သွားမှာ ဖြစ်ကြောင်းလည်း နာဆာက ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက နိုင်ငံတကာ အာကာသစခန်းကို လာမယ့် ၂၀၃၀ အထိ ဆက်လက် အသုံးပြုသွားဖို့ သက်တမ်းတိုးမယ်လို့ ပြောခဲ့အပြီးမှာ နာဆာက အခုသီတင်းပတ်ထဲ မှာပဲ ကြားကာလ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို သက်တမ်းတိုးဖို့ ကိစ္စဟာ တခြား နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေရဲ သဘောတူညီမှု ရဖို့လည်း လိုပါသေးတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်ကလည်း ISS အတွက် ဘတ်ဂျက်ကို လာမယ့် ၂၀၂၄ အထိပဲ အတည်ပြုပေးထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းက ရုရှား အာကာသ စီမံကိန်းရဲ့ အကြီးအကဲ ဒီမီထရီ ရိုဂေါ့ဇင်က ရုရှား သတင်းဌာန Interfax နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူတို့ဘက်ကလည်း ၂၀၂၄ လွန် ကာလတွေအထိ နာဆာနဲ့ လက်တွဲ လုပ်ကိုင်ချင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။
သူက အပြောထက် အလုပ်နဲ့ သက်သေပြနိုင်ပါတယ် လို့ ဆိုပါတယ်။ ဒီနှစ်အတွင်းမှာပဲ သူတို့ရဲ့ Nauka ဆိုတဲ့ မော်ဒျူးလ် အခန်းကို ISS မှာ တပ်ဆင် အသုံးပြုဖို့ လွှတ်တင်ခဲ့တယ်၊ အနည်းဆုံး ၁၀ နှစ်လောက် သုံးလို့ ရမယ်လို့ ပြောပါတယ်။
ရုရှား အာကာသ အေဂျင်စီ Roscosmos ရဲ့ အကြီးအကဲက အမေရိကန်ဘက်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာကြောင့် ရုရှားရဲ့ အာကာသလုပ်ငန်းတွေမှာလည်း ထိခိုက်နေရကြောင်း ပြောပါတယ်။ အရင်ကလည်း သူက ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုတ်သိမ်းပေးရင် ISS မှာ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို အဆုံးသတ်ရလိမ့်မယ်လို့ ပြောဖူးပါတယ်။
အမေရိကန်နဲ့ တခြား အနောက်အုပ်စုက နိုင်ငံတွေက ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ထပ်ပြီး ပိတ်ဆို့ အရေးယူမှုတွေ လုပ်သွားမယ်လို့ ပြောထားပေမယ့် ဘာတွေ လုပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။ ရုရှားကလည်း အရင်က ISS စခန်းဟာ ကိုယ်ထည်ကြံ့ခိုင်မှုပိုင်း လျော့ရဲ လာနေတာကြောင့် လာမယ့် ၂၀၃၀ အထိ ဆက်သုံးဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားဖူးသလို ခေတ်နောက်ကျနေတဲ့ စက်ပစ္စည်းတွေကြောင့် အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ ကြုံလာရနိုင်ကြောင်း သတိပေးထားပါတယ်။








