ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ဝက်နှလုံးနဲ့ အစားထိုး ကုသမှုခံယူသူ အမေရိကန်လူမျိုး
အသက် ၅၇ နှစ်အရွယ် အမေရိကန် အမျိုးသားတစ်ဦးဟာ ဝက်ရဲ့ နှလုံးကို အစားထိုးပြီး နှလုံး ခွဲစိတ်ကုသခံရတဲ့ ပထမဆုံးလူသားအဖြစ် မှတ်ကျောက်တင်ခဲ့ပါတယ်။
ဒေးဗစ် ဘဲနက် ဟာ အမေရိကန်နိုင်ငံ ဘာလ်တီမိုးမြို့က ဆေးရုံမှာ ၇ နာရီကြာတဲ့ စမ်းသပ်ကုသမှု ခံယူအပြီး နေထိုင်ကောင်းနေတာ အခုဆို ၃ ရက်ကြာ ရှိသွားပြီလို့ ဆရာဝန်တွေက ပြောပါတယ်။
ဘယ်လောက်ကြာကြာ အသက်ရှင်ခွင့် ဆက်ရမလဲ ဆိုတာ အသေအချာ မသိရသေးပေမဲ့ ဒီနှလုံးအစားထိုး ကုသမှုဟာ မစ္စတာ ဘဲနက်ရဲ့ အသက်ကို ကယ်နိုင်ဖို့ နောက်ဆုံး မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားတာပါ။
"အသေခံမလား ဒါမှမဟုတ် ဒီစမ်းသပ်ခွဲစိတ်တာ ခံမလား၊ တစ်ခုခုကို ရွေးကိုရွေးရမယ့် အခြေအနေပါ။ ဥပမာပေးရရင် အမှောင်ထဲမှာ သေနတ်နဲ့ ရမ်းပစ်သလိုမျိုးပေါ့၊ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးအခွင့်အလမ်းပါ" လို့ ခွဲစိတ်ကုသ မခံရခင် တစ်ရက်အလိုမှာ မစ္စတာ ဘဲနက်က ရှင်းပြခဲ့ပါတယ်။
ကုလို့ မရတော့တဲ့ နှလုံးရောဂါနဲ့ အသက်ဆုံးပါးရုံက လွဲလို့ ဘာမှ လုပ်လို့ မရတော့ဘူးဆိုတဲ့ အချက်နဲ့ မစ္စတာ ဘဲနက်ကို အခုလို ဝက်နှလုံးနဲ့ အစားထိုး စမ်းသပ်ကုသဖို့ ဘာလ်တီမိုးမြို့ မေရီလန်း ဆေးတက္ကသိုလ် ဆေးရုံက ဆရာဝန်တွေကို အမေရိကန် ဆေးဘက်ဆိုင်ရာ စည်းမျဥ်းရေးဆွဲသူတွေက အထူးခွင့်ပြုချက် ပေးခဲ့တာပါ။
မစ္စတာ ဘဲနက်ဟာ ကျန်းမာရေး အရမ်းချို့တဲ့နေတာကြောင့် လူ့နှလုံးနဲ့ အစားထိုးကုဖို့ မသင့်တော်ဘူးလို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုနှလုံး အစားထိုးကုရာမှာ အသုံးပြုခဲ့တဲ့ ဝက်ဟာ မျိုးဗီဇ ပြုပြင်ထားတာ ဖြစ်ပြီး မစ္စတာ ဘဲနက်ရဲ့ ခန္ဓာကိုယ်က လက်မခံတဲ့ နှလုံးမျိုး ဖြစ်လာနိုင်မယ့် မျိုးဗီဇအများအပြားကို ဖယ်ရှားထားတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီစမ်းသပ်ခွဲစိတ်မှုကို လုပ်ခဲ့ကြတဲ့ ဆရာဝန်အဖွဲ့အတွက်ကတော့ ဒါဟာ နှစ်ပေါင်းများစွာ လေ့လာသုတေသန ပြုခဲ့မှုတွေရဲ့ အကျိုးရလဒ် အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတဝန်းက လူ့အသက်တွေကို ကယ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒီစမ်းသပ်ကုသမှုဟာ ကမ္ဘာတဝန်းမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသဖို့ အင်္ဂါ အစိတ်အပိုင်း ရှားပါး ပြတ်လပ်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်ရေးမှာ ခြေလှမ်းတစ်ဆင့် ရှေ့တိုး လှမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ခွဲစိတ်ဆရာဝန်ကြီး ဘာ့တလီ ဂရစ်ဖစ် က ပြောကြောင်း မေရီလန်း ဆေးတက္ကသိုလ်ဆေးရုံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုယ်အင်္ဂါအစိတ်အပိုင်း ရှားပါးပြတ်လပ်နေတာကြောင့် အမေရိကန်နိုင်ငံမှာ အင်္ဂါအစိတ်အပိုင်း အစားထိုး ကုဖို့ စောင့်နေရသူပေါင်း တစ်သိန်း ကျော်လောက် ရှိနေပြီး ခွဲစိတ်ကုသခံဖို့ စောင့်ရင်း တစ်နေ့ကို လူ ၁၇ ဦးလောက် အသက်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
လူ့အင်္ဂါအစိတ်အပိုင်း လိုအပ်မှုအား များနေတာကို ဖြေရှင်းဖို့ တိရစ္ဆာန်တွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုး အသုံးပြုဖို့ စဥ်းစားသုံးသပ်နေကြတာ အတော်ကြာနေပါပြီ ဖြစ်ပါတယ်။ ဝက်နှလုံး အဆို့ရှင်နဲ့ အစားထိုးကုတာကတော့ လုပ်နေကျ ဖြစ်နေပါပြီ ။
၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက နယူးယောက်မြို့က ခွဲစိတ်ဆရာဝန်တွေက လူတစ်ယောက်မှာ ဝက်ရဲ့ ကျောက်ကပ်ကို အောင်အောင်မြင်မြင် အစားထိုး ကုပေးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒီကုသမှုဟာ ဆေးပညာလောကမှာ အအောင်မြင်ဆုံး စမ်းသပ်ကုသမှု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီတုန်းက ကျောက်ကပ်အစားထိုး ကုသခံခဲ့ရသူဟာ ဦးနှောက်က အလုပ်မလုပ်တော့တဲ့သူ ဖြစ်ပြီး ပြန်နာလန်ထူလာဖို့ မျှော်လင့်ချက် လုံးဝ မထားထားသူ ဖြစ်ပါတယ်။
မစ္စတာ ဘဲနက်ကတော့ ဒီခွဲစိတ်ကုသမှုကြောင့် သူ အသက်ဆက်ရှင်ခွင့် ရမယ်လို့ မျှော်လင့်နေပါတယ်။ ခွဲစိတ်ကုသမခံရခင်တုန်းက မစ္စတာ ဘဲနက်ဟာ သီတင်း ၆ ပတ်လောက် အိပ်ရာပေါ်က မထနိုင်ခဲ့ပါဘူး။ သူ့ရဲ့ နှလုံးရောဂါက ကုလို့မရတော့ဘူး ဆိုတာကို စစ်ဆေး တွေ့ခဲ့အပြီး နှလုံးခုန်စက်တစ်ခုနဲ့ အသက်ဆက်ခဲ့ရပါတယ်။
"ပြန်နာလန်ထူလာပြီးရင် အိပ်ရာပေါ်ကနေ ထနိုင်မှာကို တွေးပျော်နေမိတယ်"လို့ မစ္စတာ ဘဲနက်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောပါတယ်။
တနင်္လာနေ့တုန်းက ဆရာဝန်တွေရဲ့ သတိထား စောင့်ကြည့်မှုအောက်မှာ မစ္စတာ ဘဲနက်ဟာ စက်အကူအညီ မလိုဘဲ သူ့ဟာသူ အသက်ရှူနေနိုင်ပြီလို့ သတင်းတွေက ဆိုပါတယ်။
ဒါပေမဲ့ ရှေ့ဆက် ဘာဖြစ်မလဲ ဆိုတာကတော့ အတိအကျ မသိနိုင်သေးပါဘူး။
ဆရာဝန်တွေအနေနဲ့ ရှေ့ဆက် လုပ်စရာ ရှိတာတွေကို သတိကြီးကြီးနဲ့ ဆက်လုပ်နေပြီး မစ္စတာ ဘဲနက်ကို ဂရုတစိုက် စောင့်ကြည့်နေတယ်လို့ ဒေါက်တာ ဂရစ်ဖစ် က ပြောပါတယ်။ မစ္စတာ ဘဲနက်ရဲ့ သား ဒေးဗစ် ဘဲနက် ဂျူနီယာ ကလည်း "အခုချိန်မှာ အခြေအနေ ဘယ်လို ရှိနေသလဲဆိုတာ မိသားစုတွေ အသေအချာ မသိရသေးဘူး"လို့ AP သတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့လည်း "သူ့ဖခင်ကတော့ အခုဒီစမ်းသပ် ခွဲစိတ်မှုရဲ့ ရိုက်ခတ်မှုက ဘယ်လောက် ကြီးမားသလဲ၊ ဘယ်လောက်အရေးပါသလဲ ဆိုတာကို တကယ့်ကို သဘောပေါက် သိနားလည်ထားပါတယ်"လို့ ဆိုပါတယ်။
"လူသားတစ်ဦးမှာ ဒီလို အစားထိုးကုတာမျိုး ကျွန်တော်တို့ တစ်ခါမှ မလုပ်ဖူးသေးပါဘူး၊ မစ္စတာ ဘဲနက်ကို သူလက်ရှိကုသခံနေရတဲ့ ကုထုံးမျိုးထက် ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခုကို ကျွန်တော်တို့ ပေးနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်၊ ဒါပေမဲ့ ဒီခွဲစိတ်မှုကြောင့် သူ တစ်ရက်ခံမလား၊ တစ်ပတ်ခံမလား၊ တစ်လခံမလား၊ တစ်နှစ်ခံမလား ဆိုတာတော့ ကျွန်တော် မပြောနိုင်ပါဘူး" လို့ ဒေါက်တာ ဂရစ်ဖစ်က ပြောပါတယ်။