ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်မ်ဂျုံအွန်း - မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေ ပြန်ပြောတဲ့ ဆယ်နှစ်တာခရီး
- ရေးသားသူ, လော်ရာ ဘစ်ကာ
- ရာထူးတာဝန်, ဘီဘီစီ၊ ဆိုးလ်
နိုင်ငံကို အုပ်ချုပ်ဖို့ အတွေ့အကြုံမရှိ အစိမ်းသက်သက်ဖြစ်တဲ့ ကင်မ်ဂျုံအွန်းတစ်ယောက် အသက် ၂၇ နှစ်မှာ အာဏာရယူခဲ့တာ ဒီလဆို ဆယ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ သူ့လောက် အာရုံစိုက်ခံခဲ့ရတဲ့ တခြား နိုင်ငံခေါင်းဆောင်တွေ သိပ်များများ မရှိပါဘူး။ ဆိုတော့ သူအုပ်ချုပ်တဲ့ မြောက်ကိုရီးယားမှာ နေခဲ့ရတဲ့ ဘဝတွေက ဘယ်လိုပါလဲ။ ပထမဆုံးတော့ သူ ထိပ်တန်းနေရာ ရလာခဲ့တဲ့ ခရီးအစကို ကြည့်ကြရအောင်ပါ။
ပြုံယမ်းမြို့ရဲ့ လမ်းတွေမှာ ဝမ်းနည်းငိုကြွေးသံတွေ ပြည့်နှက်လို့နေပါတယ်။
ကျောင်းဝတ်စုံနဲ့ ကျောင်းသားလေးတွေက မြေကြီးပေါ် ဒူးထောက်ထိုင်ချလို့ ဖြေမဆည်နိုင် ဖြစ်နေကြပုံရပါတယ်။ ရင်ပတ်ကိုဖိရင်း ပူဆွေးနေကြတဲ့ အမျိုးသမီးကြီးငယ်တွေရဲ့ ပုံတွေလည်း တွေ့ရပါတယ်။
အာဏာကိုင်ထားသူတွေ တင်းကျပ်စွာချုပ်ကိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက သူတို့ရဲ့ 'ချစ်လှစွာသော ခေါင်းဆောင်ကြီး' ကင်မ်ဂျုံအီးလ် အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း ကြေညာပါတယ်။ အဲဒါက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ပါ။
အဲဒီသတင်းနဲ့အတူ ကမ္ဘာအနှံ့မှာ ရှိကြတဲ့ မြောက်ကိုရီးယားအရေးစောင့်ကြည့်လေ့လာသူတွေက သူတို့ရဲ့ စားပွဲတွေဆီ အပြေးအလွှားသွားကြပြီး လူတစ်ယောက်အကြောင်း သူတို့ ပြုစုထားတဲ့ မှတ်တမ်းဖိုင်တွဲတွေကို အရေးတကြီး ထုတ်ကြည့်ကြပါတယ်။ အဲဒီလူကတော့ ကင်မ်ဂျုံအွန်း ပါ။
အဲဒီအချိန်က အသက် ၂၇ နှစ်ပဲ ရှိသေးတဲ့ ကင်မ်ဂျုံအွန်းဟာ ချက်ချင်းဆိုသလိုပဲ သူတို့အခေါ် 'ကြီးမြတ်သောဆက်ခံသူ' ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဘယ်နေရာမှာမှ အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ အတော်များများက မထင်ခဲ့ပါဘူး။ မြောက်ကိုရီးယား လူ့အဖွဲ့အစည်းဟာ အသက်အရွယ်နဲ့ အတွေ့အကြုံကိုကြည့်ပြီး အကဲဖြတ် နေရာပေးတတ်သူမို့ ကင်မ်ဂျုံအွန်းလို နှစ်ခုစလုံးမရှိသူက ဒီနိုင်ငံကို ဘယ်လို အုပ်ချုပ်လို့ ရနိုင်မှာပါလဲ။
စစ်တပ်က အာဏာသိမ်းလိမ့်မယ်၊ ဒါမှမဟုတ် နိုင်ငံထဲကပဲ အုပ်ချုပ်သူအလွှာထဲက အာဏာကို ပြန်ရယူသွားလိမ့်မယ်လို့ ထင်ကြေးပေးသူ အများရှိခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘာက ဒီ အာဏာရှင်လေးကို လျှော့တွက်ခဲ့ကြပုံရပါတယ်။ ကင်မ်ဂျုံအွန်းက သူ့နေရာကို ခိုင်ခိုင်မြဲမြဲ ယူထားနိုင်ခဲ့ရုံမကပါဘူး၊ ကင်မ်ဂျုံအွန်းဝါဒ ဆိုတာမျိုးပေါ်လာတဲ့အထိ ခေတ်သစ်တစ်ခုကို စတင် ထူထောင်သွားတယ်လို့ ဆိုရပါမယ်။
သူတက်လာစမှာပဲ ပြိုင်ဘက်ဖြစ်နိုင်သူတွေကို ရာထူးကဖယ်ရှားတာ၊ လူရာနဲ့ချီပြီးကို သုတ်သင်စေခဲ့တာတွေ လုပ်ပါတယ်။ ပြီးမှ နိုင်ငံခြားရေးဘက်ကို အာရုံလှည့်ပါတယ်။ နျူကလီးယားစမ်းသပ်မှု လေးကြိမ်၊ တာဝေးပစ် ဒုံးပျံစမ်းသပ်မှု အကြိမ်ရာချီလုပ်ခဲ့ပြီး အမေရိကန်သမ္မတနဲ့ တွေ့ဆုံစကားပြောလို့ ကမ္ဘာ့ထိပ်တန်းသတင်းအဖြစ် အာရုံစိုက်ခံခဲ့ရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ နျူလက်နက်ပိုင်ဆိုင်ရေး တစိုက်မတ်မတ်ကြိုးစားမှုတွေအတွက် ပေးရတဲ့ တန်ဘိုးကတော့ မသေးပါဘူး။ မြောက်ကိုရီးယားဟာ အခုဆို သူ အာဏာစယူချိန်ကထက် ပိုဆင်းရဲ၊ ကမ္ဘာနဲ့ အဆက်ပြတ်လို့ ပိုအထီးကျန်ပြီး နိုင်ငံလည်း အကျပ်အတည်းထဲ ရောက်နေပါတယ်။
ဆိုတော့ သူ့လက်အောက် နေရတဲ့ ဘဝတွေက ဘယ်လိုပါလဲ။
ကင်မ်ဂျုံအွန်းရဲ့ အစိုးရထဲက ထိပ်တန်းသံတမန်ဖြစ်ခဲ့သူတစ်ဦး အပါအဝင် နိုင်ငံထဲက ထွက်ပြေးလာကြသူ ဆယ်ဦးက ကင်မ်ဂျုံအွန်းရဲ့ အုပ်ချုပ်မှုသက်တမ်း ၁၀ နှစ်တာကာလ ကို ခုလို ပြန်အမှတ်ရခဲ့ကြပါတယ်။
အသစ်ရဲ့ အစ
ကျောင်းသားတစ်ဦးဖြစ်တဲ့ ကင်မ်ဂွန်ဟျော့က ကင်မ်ဂျုံအွန်းရဲ့ ဖခင် ကွယ်လွန်တဲ့နေ့မှာ အဲဒီအချိန်က အုပ်ချုပ်သူတွေသိသွားရင် ပစ်သတ်ခံရနိုင်တဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါက ပါတီပွဲတစ်ခုလုပ်ခဲ့တာပါ။
တကယ်တော့ သိပ်အန္တရာယ်ကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီတုန်းက သိပ်ပျော်ခဲ့ကြတယ်လို့ သူက ပြန်ပြောပြပါတယ်။
သူ့အတွက်တော့ စကီးစီးတာနဲ့ ဘတ်စကက်ဘောကစားတာကို ကြိုက်တတ်တဲ့ ခေါင်းဆောင်ငယ်လေးတစ်ယောက် ရလာတာဟာ အတွေးအခေါ် အယူအဆအသစ်တွေ အပြောင်းအလဲတွေ မြင်ရတော့မယ်ဆိုပြီး မျှော်လင့်ခဲ့မိပါတယ်။
'ကင်မ်ဂျုံအွန်းအပေါ် ကျွန်တော်တို့ မျှော်လင့်မိခဲ့ကြတယ်။ သူက ဥရောပမှာ စာသင်ခဲ့တယ်၊ ဒီလိုဆိုတော့ ကျွန်တော်တို့နဲ့ အတွေးအခေါ် စိတ်နေသဘောထားချင်းတူနိုင်မယ်လို့ ထင်တာ' လို့ သူကဆိုပါတယ်။
ဂွန်ဟျော့ဟာလည်း နိုင်ငံရေးအထက်တန်းလွှာမိသားစုကဖြစ်လို့ အဲဒီအချိန်က တရုတ်နိုင်ငံ ဘေဂျင်းမှာ ပညာသင်နေပါတယ်။ ဒါမျိုးက မြောက်ကိုရီးယားမှာ လူနည်းစုကလေးပဲ ရတဲ့ အခွင့်အရေးတစ်ခုပါ။
တရုတ်မှာနေရတဲ့ ဘဝက ချမ်းသာကြွယ်ဝတဲ့ကမ္ဘာကို သူထိတွေ့လိုက်ရပြီး အင်တာနက်ကနေလည်း သူ့နိုင်ငံအကြောင်း သတင်းတွေကို သူရှာဖတ်ခဲ့ပါတယ်။
"ပထမတော့ ကျွန်တော် မယုံနိုင်ဘူး။ အနောက်နိုင်ငံက လူတွေက မြောက်ကိုရီးယားအကြောင်းလိမ်ညာနေခဲ့တယ်လို့ အရင်ကထင်ထားတာ။ ကျွန်တော့်နှလုံးသားနဲ့ ဦးနှောက်က တစ်မျိုးစီဖြစ်နေတယ်။ ဦးနှောက်က မင်းဆက်ကြည့်မနေနဲ့လို့ပြောတယ်၊ နှလုံးသားကတော့ ထပ်သိချင်နေတယ်၊ ထပ်ရှာကြည့်ချင်နေတယ်။"
မြောက်ကိုရီးယား နိုင်ငံသား ၂၅ သန်းတို့ဟာ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ နေကြရတာဖြစ်လို့ ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေသလဲ၊ သူတို့နိုင်ငံကို တခြားနိုင်ငံတွေက ဘယ်လိုထင်ကြသလဲဆိုတာမျိုးကို သိပ်မသိကြပါဘူး။
တစ်ခါ သူတို့အတွက် ခေါင်းဆောင်ကြီးဆိုတာက ပါရမီထူးနဲ့ပြည့်စုံတဲ့ နတ်ပြည်ကပို့လိုက်တဲ့ တမန်ဖြစ်တယ်၊ ခေါင်းဆောင်ကြီးကို အကြွင်းမဲ့ သစ္စာခံရမယ်လို့လည်း သင်ကြားခံထားကြရပါတယ်။
ဂွန်ဟျော့အတွက်တော့ ဒီလူငယ်လေးက ခေါင်းဆောင်ကြီးနေရာကို ရယူလာတဲ့နေရာမှာ အရင်က သူ့ဆီမှာ အများကြီး မရှိခဲ့တဲ့ အရာတစ်ခု ရှိလာတာ သတိထားမိပါတယ်။ အဲဒါက အနာဂတ်အတွက် မျှော်လင့်ချက်ပါ။
သံသယရှိသူများ
ဒါပေမဲ့ သူ့လိုမဟုတ်ဘဲ သံသယရှိကြသူတွေလည်း ရှိကြပါတယ်။ ပြုံယမ်းက အုပ်ချုပ်သူလူတန်းစား ခေါင်းဆောင်ပိုင်းကြားမှာတော့ ကင်မ်ဂျုံအွန်းဟာ အခွင့်ထူးခံကလေးတစ်ယောက်သာဖြစ်ပြီး နိုင်ငံကို ဦးဆောင်ဖို့ မသင့်တော်သူဆိုတဲ့ တီးတိုးစကားတွေ ရှိနေခဲ့ပါတယ်။
ရုဟျွန်ဝူးဟာ ကူဝိတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံတမန်ဖြစ်ခဲ့သူပါ။ သူ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာတော့ အခုလို အာဏာကို အဖေကနေ သားကို လွှဲပြောင်းပေးလိုက်တာနဲ့ ပတ်သက်ပြီး စိတ်ပျက် မကျေလည်မှုတွေ ရှိခဲ့တယ်လိုဆိုပါတယ်။
"ကျွန်တော့်အတွက် ပထမဆုံးခံစားမှုကတော့ လုပ်ပြန်ပြီ၊ နောက်ထပ်မျိုးဆက်ဆီ လွှဲပြန်ပြီ ဆိုတာပါပဲ။"
"ဒီလို မျိုးဆက်အလိုက်အာဏာယူလာတာကို မြောက်ကိုရီးယားတွေက အတော်စိတ်ပျက်နေကြပြီ။ အထူးသဖြင့်တော့ နိုင်ငံရေးအထက်လွှာတွေ ကြားမှာပေါ့၊ ကျွန်တော်တို့က အသစ်ကို လိုချင်ကြတယ်။ ဒီတစ်ခါတော့ အပြောင်းအလဲတစ်ခု အသစ်တစ်ခု မဖြစ်သင့်ဘူးလားဆိုပြီး တွေးမိကြတာပေါ့။"
၁၉၄၈ ခုနှစ် နိုင်ငံထူထောင်ကတည်းက ကင်မ်မျိုးဆက်က မိသားစုဆွေစဉ်မျိုးဆက် မြောက်ကိုရီးယားကို အုပ်ချုပ်လာခဲ့ကြတာပါ။ သူတို့ ဆွေစဉ်မျိုးဆက်ဟာ ရိုသေကျိုးနွံကြရမယ့် သူတွေဆိုပြီး လူထုကို သင်ကြားထားခဲ့ပါတယ်။ သူတို့ နန်းဆက်ကို တရားဝင်ဖြစ်အောင် ဒီနည်းနဲ့ လုပ်ထားခဲ့ကြတာပါ။
"ချစ်ခင်လေးမြတ်ရတဲ့ ခေါင်းဆောင်ကြီးကို ရာသက်ပန်လုပ်ကျွေးကြရမယ်ဆိုတာမျိုးတွေ ကျွန်တော်တို့ ကြားခဲ့ကြရတာပေါ့။ ဒီ ၂၇ နှစ်သားလေး တစ်ယောက်က တိုင်းပြည်အုပ်ချုပ်ရေးဆိုတာကို ဘာနားလည်မှာလဲဗျာ၊ အတော်တော့ အဆီအငေါ် မတည့်တာပါပဲ။"
ကတိ
၂၀၁၂ ခုနှစ်က ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ ခေါင်းဆောင်သစ်ကလေးက မြောက်ကိုရီးယားတွေ အနေနဲ့ နောက်တစ်ကြိမ် ဆင်းရဲကျပ်တည်းမှုနဲ့ မကြုံစေရဘူး လို့ထည့်ပြောခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဆိုးကြီးနဲ့ကြုံပြီး လူသိန်းချီ အသက်ဆုံးခဲ့ရတဲ့ မြောက်ကိုရီးယားတွေအဖို့ သူတို့ရဲ့ ခေါင်းဆောင်သစ်က လူထုမှာ စားနပ်ရိက္ခာရှားပါးမှု မကြုံစေရဘူး၊ ဆင်းရဲဒုက္ခ မရောက်စေရဘူးလို့ ကတိပြုလာတာကို ဝမ်းသာကြိုဆိုကြပါတယ်။ နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ သတင်းစကားပါ။
နိုင်ငံခြားရေးဌာနမှာ အလုပ်လုပ်နေကြသူတွေကိုလည်း သူက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာအောင်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ပြည်တွင်းမှာလည်း အပြောင်းအလဲတွေ စတွေ့လာရတယ်လို့ ပြောကြပါတယ်။
နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းက ကားမောင်းသူ ယူဆွန်ဂျူက စူပါမားကက် ကုန်စုံဆိုင်တွေမှာ မြောက်ကိုရီးယားလုပ် ပစ္စည်းတွေ ပိုစုံစုံလင်လင် တွေ့လာရတယ်လို့ ဆိုပါတယ်။
"အံ့လည်းအံ့သြတယ်၊ ဂုဏ်လည်းယူတယ်၊ မြောက်ကိုရီးယားထုတ် စားသောက်ကုန်တွေက တရုတ်လုပ်တွေထက် အရသာရော ထုပ်ပိုးပုံရော ပိုကောင်းတယ်၊ ပိုလည်း များများရတယ်။ ကျွန်တော်တို့အတွက်တော့ စိတ်ကြီးဝင်စရာ ဖြစ်ခဲ့ပါတယ်။"
ဖြုတ်ထုတ်သတ်
အဲဒီ ကင်မ်ဂျုံအွန်းရဲ့ စေတနာတွေဆိုတာက သူ့အတွက် ပြိုင်ဘက်ဖြစ်တယ်လို့ ယူဆသူတွေ အပေါ်မှာတော့ မထားခဲ့ မရောက်ခဲ့ပါဘူး။
အထူးသဖြင့်တော့ သူ့ဦးလေး ဂျန်ဆွန်သက်ဟာ သြဇာကြီးပြီး အာဏာရအသိုင်းအဝိုင်းကြားမှာ မိတ်ဆွေတွေအများကြီးရှိနေသူပါ။
ပြုံယမ်းမြို့တော်က မိုင်ရာချီဝေးကွာတဲ့ နိုင်ငံ မြောက်ပိုင်းက တရုတ်နဲ့ နယ်စပ်တစ်နေရာမှာ ကုန်သည် ချွိုင်းနာရေးက မစ္စတာဂျန် နိုင်ငံခေါင်းဆောင်သစ် ဖြစ်လာတော့မလားလို့ ထင်မှတ်ထားနေသူပါ။
"အဲဒီတုန်းက ကျွန်မလိုပဲ လူအတော်များများက တရုတ်နဲ့ ကုန်သွယ်ရေးတွေပိုပွင့်လင်းလာမယ်၊ နိုင်ငံခြားကိုလည်း လွတ်လွတ်လပ်လပ် သွားလို့ ရလာတော့မယ်လို့ မျှော်လင့်ခဲကြတယ်။"
"ဂျန်ဆွန်သက်သာ အာဏာရခဲ့ရင် မြောက်ကိုရီးယားမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်လာလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါတွေကို ကျွန်မတို့ ထုတ်ပြောလို့တော့ မရခဲ့ကြဘူးပေါ့ဗျာ၊ ဒါပေမဲ့ အားလုံးမှာ အဲဒီလို မျှော်လင့်ချက်တွေ ရှိခဲ့ကြပါတယ်။"
ကင်မ်ဂျုံအွန်းအတွက်တော့ ဒီလိုမျိုး လူတွေကြား တီးတိုးစကား ထွက်လာနေတာကို ချေဖျက်ပစ်ဖို့ လိုလာပါတယ်။
ဂျန်ဆွန်သက်ကို "လူ့အမှိုက်သရိုက်" "ခွေးတစ်ကောင်ထက်ဆိုးတဲ့သူ" လို့ ခေါ်ဝေါ်သုံးစွဲပြီး "ပါတီရဲ့ စည်းလုံးညီညွတ်တဲ့ ခေါင်းဆောင်မှုကို ဖျက်ဆီးတယ်" ဆိုတဲ့ စွပ်စွဲချက်နဲ့ ကွပ်မျက်သတ်ဖြတ်ခဲ့ပါတယ်။
ခေါင်းဆောင်ကြီးဖြစ်လာတဲ့ လူငယ်လေးက သူ့ရဲ့ ရက်စက်နိုင်စွမ်းကို ပြလိုက်တာပါပဲ။
အာဏာကို ချုပ်ကိုင်လာပြီ
ဒီလို ကြမ္မာမျိုးနဲ့ ကြုံရမှာ ကြောက်ရွံ့စိုးရိမ်သူတွေက နယ်စပ်ကို ဖြတ်လို့ တရုတ်ပြည်ကတဆင့် တောင်ကိုရီးယားဆီ ပြေးပြီး ခိုလှုံကြပါတယ်။ အဲဒီလို ထွက်ပြေးသူတွေများလာတော့ ဒါကို တားဆီးရအောင် ကင်မ်ဂျုံအွန်းက စီစဉ်ပါတော့တယ်။ နယ်စပ်လုံခြုံရေးကို အရင်ကနဲ့ မတူအောင် တင်းကျပ် ပိတ်ဆို့ထားလိုက်ပါတယ်။ သံဆူးကြိုးတွေ ကာလိုက်ပြီး အောက်ဖက်မှာလည်း ထောင်ချောက်တွေ မြုပ်ထားပါတယ်။
အဲဒီကာလမှာ ကြားကပွဲစား လုပ်ပြီး လူပေါင်း ၁၀၀ လောက်ကို မြောက်ကိုရီးယားကနေ ခိုးထုတ်ပေးခဲ့သူကတော့ ဟဂျင်ဝူးပါ။
"နိုင်ငံထဲမှာက နယ်စပ်လုံခြုံရေးဆိုပြီး သီးခြားတပ်ဖွဲ့ရှိတယ်။ နယ်စပ်ကို ဖြတ်ဖို့ကြိုးစားတဲ့သူ တွေ့ရင် ပစ်သာသတ်၊ အဲဒီအတွက် သူတို့ အပြစ်မရစေရဘူးဆိုပြီး သူတို့ကို မှာထားတာရှိတယ်။"
"လူတွေစထုတ်တုန်းကတော့ ကျွန်တော်လည်း အရမ်းကြောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအလုပ်ကို တာဝန်တစ်ခု အဖြစ်ကျွန်တော်ခံယူတယ်၊ ငယ်ငယ်ကလေးကတည်းက ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ သံသယတွေအများကြီးရှိခဲ့တယ်။ ဒီနိုင်ငံမှာ မွေးပြီး တိရစ္ဆာန်တစ်ကောင်လောက်မှ အခွင့်အရေးလည်းမရှိ လွတ်လပ်ခွင့်လည်းမရ ဘာလို့ ဖြစ်နေတာလည်းလို့ တွေးမိတယ်။ ဒါကြောင့် အသက်စွန့်ပြီး ဒီအလုပ်ကိုလုပ်နေရတာပါ။"
တဖြေးဖြေးနဲ့ သူ့အလုပ်ကို သတိထားမိလာပြီး သူကိုယ်တိုင် ပစ်မှတ်ထားခံလာရတော့ သူလည်း ထွက်ပြေးခဲ့ရပါတယ်။ သူ့အမေက အဖမ်းခံရပြီး အကျဉ်းစခန်းတစ်ခုမှာ ရက်ရက်စက်စက်နှိပ်စက်ခံရလို့ ခန္ဓာကိုယ်မသန်စွမ်းဖြစ်သွားခဲ့ပါတယ်။
သူ့အမေရဲ့ အသံကိုတောင် မမှတ်မိနိုင်လောက်အောင် ဖြစ်သွားရတဲ့ ဂျင်ဝူးအတွက် အဲဒီအဖြစ်ဆိုးရဲ့ ခြောက်လှန့်မှုကို ခံနေရပါတယ်။
လူကြိုက်များလိုသူ
သူ့ကို ဆန့်ကျင်သူတွေ၊ နိုင်ငံထဲက ထွက်ပြေးသူတွေကို နှိမ်နင်းနေတဲ့ တစ်ချိန်ထဲမှာပဲ ကင်မ်ဂျုံအွန်းဟာ သူ့အဖေထက်စာရင် လူထုနဲ့ပိုနီးစပ်သူ၊ ပိုခေတ်မီသူ၊ ပိုရင်းနှီးဖော်ရွေသူအဖြစ်လည်း ပုံဖော်လာပါတယ်။
ခေတ်ဆန်ပြီးချောမောလှပတဲ့ အဆိုတော် အမျိုးသမီးငယ်လေး ရိဆိုလ်ဂျူနဲ့ သူလက်ထပ်ခဲ့ပြီး သူမြို့တွေ ရွာတွေကို သွားလည်တဲ့အခါ လူတွေနဲ့ ဖက်လှဲတကင်းနေတာ၊ ပြုံးရယ်နှုတ်ဆက် လက်ဝှေ့ယမ်းပြနေတာမျိုး ဓာတ်ပုံတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ရိုလာကိုစတာတက်စီးတာ၊ မြင်းဒုန်းစိုင်းစီးနေတာမျိုး ပုံတွေလည်း တွေ့ရပါတယ်။
ကင်မ်တို့ လင်မယားက အလှကုန်ထုတ်စက်ရုံတွေကို သွားကြည့်ကြပြီး အဆင့်မြင့် အသုံးအဆောင်ပစ္စည်းတွေကိုလည်း ပြသကြပါတယ်။ သာမန်မြောက်ကိုရီးယား အရပ်သားတွေအတွက်တော့ အခုထက်ပိုပြီး 'ခေတ်မီပြတာ' မျိုးကို တားမြစ်ပိတ်ပင်ထားပါတယ်။
ယွန်းမီဆိုက တောင်ကိုရီးယားက ခိုးသွင်းလာတဲ့ ဒီဗီဒီတွေထဲမှာ တွေ့ရတဲ့ ဖက်ရှင်ဒီဇိုင်းတွေ အတိုင်း လိုက်ဝတ်ချင်ပါတယ်။ နားဆွဲတွေ၊ လည်ဆွဲတွေ ဂျင်းဘောင်းဘီတွေ ဝတ်ချင်လွန်းလို့ စိတ်ထဲ မရိုးမရွဖြစ်ရတယ်လို့ ဆိုပါတယ်။
"တစ်ကြိမ်မှာတော့ ကျွန်မကို မိသွားပြီး စည်းကမ်းအတိုင်းမလိုက်နာလို့ဆိုပြီး လူအများရှေ့ အရှက်ခွဲ ပြစ်ဒဏ်ပေးတဲ့ စင်ပေါ်တင်ထားခံရတယ်။ အဲဒီမှာ လူတွေကလာပြီး ကျွန်မကို ဝေဖန်ရှုတ်ချကြတာ နောက်ဆုံး ကျွန်မမခံနိုင်လို့ ငိုရတယ်။ သူတို့က 'နင်ဟာ ပျက်စီးနေပြီ'၊ 'အရှက်မရှိဘူးလား' ဆိုပြီး ပြောကြတယ်။"
ဟျွန်ယွန်းက ကင်မ်ဂျုံအွန်းရဲ့ မိန်းမလိုပဲ အဆိုတော်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့သီချင်းတွေ အားလုံးက မြောက်ကိုရီးယားခေါင်းဆောင်ကို ချီးကျူးဂုဏ်ပြုရတာတွေချည်းပါပဲ။ သူ မလိုက်နာဖို့ကြိုးစားကြည့်ပါသေးတယ်၊ ဒါပေမဲ့ ပြစ်ဒဏ်ပေး အရေးယူခံခဲ့ရပါတယ်။
"ကျွန်မအနုပညာကို လုပ်ချင်သလို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်တစ်ခါမှ မရခဲ့ပါဘူး။ မြောက်ကိုရီးယားမှာ သီချင်းဖန်တီးရတာက စည်းကမ်းချက်တွေ ကန့်သတ်ချက်တွေ တင်းကျပ်ထားတော့ ကျွန်မအတော်လေး ခံစားခဲ့ရပါတယ်။
"နိုင်ငံခြားသြဇာ လွှမ်းမှာကို ကာကွယ်တယ်ဆိုပြီး အစိုးရက ထိန်းချုပ်ထားတာ။ အဲဒီလိုထိန်းချုပ်ထားတာကြည့်ရင် သူတို့အစိုးရက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးဆိုတာ ပြနေတာပါပဲ။"
လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတစ်ခုအရတော့ တောင်ကိုရီးယားက ကေ-ပေါ့ အဆိုတော်တွေရဲ့ ဗီဒီယိုတွေကို ဖြန့်လို့ ကြည့်ရှုလို့ဆိုပြီး အနည်းဆုံး လူ ခုနှစ်ယောက်ကို သေဒဏ်စီရင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို နိုင်ငံခြားက သြဇာလွှမ်းမိုးမှုတွေဟာ "ကင်ဆာရောဂါဆိုးကြီး" လို့ ကင်မ်ဂျုံအွန်းက ပြောခဲ့ဖူးပါတယ်။
ကင်မ်ဂျုံအွန်းအတွက် ပြဿနာတွေကတေ့ အမြဲမလှမ်းမကမ်းမှာရှိလို့နေတယ်။
ဒုံးပျံတွေ အမြောက်တွေရဲ့ အား
မြောက်ကိုရီးယားမှာ တာဝေးပစ် ဒုံးပျံတစ်စီး စမ်းသပ်ပစ်လွှတ်လိုက်တိုင်း ကမ္ဘာထိပ်တန်း ခေါင်းစဉ်သတင်း ဖြစ်သွားတတ်ပေမဲ့ ပြည်တွင်းမှာတော့ ခေါင်းဆောင်တွေ ရည်ရွယ်မျှော်လင့်သလို ဂုဏ်ယူ အားတက်သွားတာမျိုးတွေ လိုက်ဖြစ်မလာပါဘူး။
"လူတွေရဲ့ သွေးတွေ ချွေးတွေကို ညှစ်ထုတ်ယူပြီး ဒီလက်နက်တွေ လုပ်နေတုန်းပဲ ဆိုပြီး လူထုကြားမှာ ပြောနေကြတယ်" လို့ ထွက်ပြေးလာသူ တစ်ယောက်က ပြန်ပြောပြပါတယ်။
"ဒါကို အောင်ပွဲတစ်ခုလို့ ကျွန်တော်တို့က မယူဆပါဘူး၊ ကြည့်ပါဦး၊ သူတို့ ဒီလက်နက်တွေလုပ်ဖို့ ငွေတွေအများကြီး သုံးနေကြတယ်။ ငါတို့ ဆီကရသမျှ ငွေအားလုံးကို ဒါတွေလုပ်ဖို့ သုံးနေကြတယ်ဆိုပြီး ခံစားရတာပေါ့" လို့ နောက်တစ်ယောက်က ပြောပါတယ်။
၂၀၁၆ ခုနှစ်လောက်မှာတော့ နိုင်ငံခြားရေးဌာနမှာ လုပ်နေတုန်းဖြစ်တဲ့ သံအမတ်ရုတို့ဆီကို အမိန့်အသစ်တွေ ရောက်လာပါတယ်။ အဲဒီအချိန်မှာ စီးပွားရေးတိုးအောင် လုပ်ဖို့ တစ်ခုထဲ မဟုတ်တော့ပါဘူး။
"ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားဟာ ဘာကြောင့် နျူကလီးယားလက်နက်ရှိဖို့ လိုအပ်တယ်၊ ရည်ရွယ်ချက်က ဘာ၊ ဘာကြောင့် ပိုင်ဆိုင်ထားသင့်တယ်ဆိုတာတွေကို ရှင်းပြပါလို့ ညွှန်ကြားတယ်။"
အဲဒီလို လုပ်ခိုင်းတဲ့ ရည်ရွယ်ချက်နဲ့ မျှော်လင့်ချက်ကတော့ သံတမန်တွေအကြား ဒီကိစ္စကို ပြောကြဆိုကြတာတွေ များလာရင် ပြောဖန်များတော့ရိုး ဆိုသလို နိုင်ငံတကာမျက်နှာစာမှာ မထူးဆန်းတော့တဲ့ ကိစ္စတစ်ခုလို ဖြစ်သွားစေဖို့ပါ။
ဒါပေမဲ့ မျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။
ဒုံပျံလူသားရဲ့ ကြီးမားတဲ့ အလောင်းအစား
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအွန်းတို့အကြား အပြန်အလှန် ကြုံးဝါးခြိမ်းခြောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့အပြီးမှာတော့ နောက်ဆုံး သူတို့နှစ်ယောက် တွေ့ဆုံကြဖို့ ဖြစ်လာခဲ့ပါတယ်။
အလိုလိုက်ခံထားရတဲ့ ဝတုတ်တုတ်ကောင်လေးအဖြစ် အနောက်နိုင်ငံမီဒီယာတွေမှာ မကြာခဏ ရုပ်ပြောင်နဲ့ သရုပ်ဖော် ပြောင်လှောင်ခံရလေ့ရှိတဲ့ အာဏာရှင်ကလေးက စင်မြင့်ပေါ်မှာ အမေရိကန်သမ္မတနဲ့ အတူယှဉ်တွဲပြီး ယုံကြည်ချက် အပြည့်နဲ့ လျှောက်လှမ်းတာကို တွေ့ခဲ့ကြရပါတယ်။
အဲဒီစင်္ကာပူက တွေ့ဆုံပွဲမှာ ခေါင်းဆောင်နှစ်ယောက်လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံတွေကို မြောက်ကိုရီးယား သတင်းစာတွေမှာ ရှေ့မျက်နှာဖုံးအပြည့် ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ နျူလက်နက်အစီအစဉ်ကို ရပ်တန့်စေဖို့ နိုင်ငံတကာက ချထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်ပြီးတော့ အထိနာလာစေခဲ့ပါတယ်။
အမေရိကန်သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံကို အံ့သြခဲ့ကြရပေမဲ့ ပြုံယမ်းမြို့တော် အပြင်ဘက်က ကျေးရွာတွေမှာတော့ သိပ်ပြီး ထူးထူးခြားခြား ခံစားမှုတွေ မရှိခဲ့ကြပါဘူး။
"ဘာအဓိပ္ပါယ်လဲဆိုတာတော့ ကျွန်မတို့ မသုံးသပ်တတ်ကြပါဘူး။ အဲဒီတွေ့ဆုံပွဲကနေ ဘယ်လို တိုးတက်မှုတွေ ရလာမယ်၊ ဘာတွေ ဖြစ်လာမယ်ဆိုတာမျိုးကို မခန့်မှန်းတတ်ခဲ့ကြဘူး" လို့ ကုန်သည် ချွိုင်းနာရေးက ပြောပါတယ်။
တကယ်တန်းတော့ ဘာအခိုင်အမာ သဘောတူညီချက်မှ မရခဲ့ကြပါဘူး။ သံအမတ်ရုကတော့ အဲဒီတွေ့ဆုံပွဲဟာ ပိတ်ဆို့အရေးယူမှုတွေ အနည်းအပါး လျော့သွားမလားဆိုပြီး "လုပ်ပြတဲ့ပွဲ" တစ်ခုလို့ပဲ မြင်ပါတယ်။
"မြောက်ကိုရီးယားကတော့ ဒီလက်နက်တွေကို ဘယ်တော့မှ စွန့်မှာ မဟုတ်ပါဘူး။ ဒါကို သူတို့အစိုးရ တည်တန့်ရေး ရှင်သန်ရေးအတွက် အရေးပါတယ်လို့ မြင်ထားကြလို့ပါ။"
ကိုဗစ်နဲ့ မြောက်ကိုရီးယား
ကင်မ်ဂျုံအွန်းအတွက် အကျပ်အတည်းတွေက ဆက်လာဖို့ စောင့်နေပါသေးတယ်။
၂၀၂၀ ဇန်နဝါရီမှာ အိမ်နီးချင်းတရုတ်မှာ ကိုဗစ်ကပ်ရောဂါကြီးဖြစ်လာတော့ မြောက်ကိုရီးယားက သူ့နယ်စပ်တွေကို ပိတ်လိုက်ပါတယ်။ လူအသွားအလာတင် မဟုတ်ပါဘူး၊ ကုန်သွယ်မှုကိုပါ ပိတ်လိုက်တာပါ။
စားသောက်ကုန်တွေနဲ့ အရေးကြီးတဲ့ ဆေးဝါးပစ္စည်းတွေပါ နယ်စပ်က ဒန်ဒေါင်းမြို့ဂိတ်မှာ စုပြုံကုန်ပြီး နိုင်ငံထဲ သွင်းမရဖြစ်သွားပါတယ်။ မြောက်ကိုရီးယားရဲ့ ပြင်ပကုန်သွယ်ရေး စုစုပေါင်းမှာ ၈၀ ရာခိုင်နှုန်းက တရုတ်က လာတာပါ။
ကိုဗစ်စဖြစ်ကတည်းက မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေအများကြီးဖြစ်လာတယ်လို့ ကားမောင်းသူတစ်ဦး ဖြစ်တဲ့ ဂျူဆောင်းကပြောပါတယ်။ သူက တရုတ်နဲ့နယ်စပ်နားမှာနေတဲ့ သူ့အမေနဲ့ ခဏလေးစကားပြောခွင့်ရလိုက်တယ်လို့ ဆိုပါတယ်။
"စီးပွားရေးကကျပြီး ကုန်ပစ္စည်းစျေးတွေလည်း တက်နေတယ်။ စားဝတ်နေရေးက တအားခက်လာတယ်။ ကျွန်တော့်မိဘတွေက စားစရာတော့ ရှိသေးတယ်၊ ဒါပေမဲ့ စျေးတွေက မတန်တဆတက်နေပြီ။ တော်တော်ကြီး စိတ်ဆင်းရဲရတယ်။ အခြေအနေတွေကလည်း အတော်ဆိုးနေပါတယ်။"
တချို့နေရာတွေမှာ လူတွေငတ်မွတ်နေကြပြီဆိုတဲ့ သတင်းတွေလည်း ထွက်လာနေပါတယ်။
ကင်မ်ဂျုံအွန်းကိုယ်တိုင်က အဲဒီအခြေအနေကို 'ဆိုးဝါးတဲ့အကျပ်အတည်းကြီးတစ်ခု' လို့ ပြောပြီး မိန့်ခွန်းတစ်ခုပြောရင်း မျက်ရည်တောင် ကျခဲ့ ပါသေးတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်တစ်ယောက်အတွက် ဒါမျိုးက မဖြစ်ခဲ့ဖူးတဲ့ ကိစ္စပါ။
မြောက်ကိုရီးယားမှာ ဆရာဝန်လုပ်ခဲ့သူဖြစ်တဲ့ ဒေါက်တာ ကင်မ်ဆွန်ဟွီးကလည်း ဆေးအများစုက မှောင်ခိုစျေးကွက်က ဝယ်ရတာလို့ ပြောပြပါတယ်။
ခွဲစိတ်ခန်းတွေမှာ လျှပ်စစ်မီးက ပျက်နေတတ်ပြီး ဆရာဝန်တွေမှာ လက်အိတ်မရှိလို့ လက်ပလာနဲ့ ခွဲစိတ်ကြရတယ်လို့လည်း ဆိုပါတယ်။
"ဒီကျွန်းဆွယ်တစ်ခုတည်းပေါ်မှာ နှစ်နိုင်ငံရဲ့ အခြေအနေတွေ ဘယ်လောက်ကွာခြားသလဲ ဆိုတာ တွေ့ရတော့ မြောက်ကိုရီးယားမှာလည်း လူနာရော ဆရာဝန်ရဲ့ လူ့အခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ အနာဂတ်တစ်ခု ရောက်လာပါစေလို့ မျှော်လင့်ပါတယ်။"
ကပ်ရောဂါကြီးတစ်ခု ဖြစ်လာရင် ရင်ဆိုင်နိုင်ဖို့ မြောက်ကိုရီးယားက အဆင်သင့်ရှိမနေပါဘူး။ အခု ကိုဗစ်ဖြစ်လာတော့ လူထုကို ဘယ်လောက် ထိခိုက်မှုတွေ ရှိခဲ့သလဲဆိုတာကလည်း မသိရပြန်ပါဘူး။
တစ်ဘက်မှာတော့လည်း အခုလို ကိုယ့်ဟာကိုယ်ပိတ်ဆို့ပြီး နေနေတဲ့ အခြေအနေက လူထုကို ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒီလိုမျိုးနဲ့လည်း ရေရှည်တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
ကင်မ်မျိုးဆက်ကို ကိုးကွယ်မှု
ဘီဘီစီနဲ့ စကားပြောခဲ့ကြတဲ့ ထွက်ပြေးလာသူတွေအထဲက တချို့က အခုလက်ရှိမြောက်ကိုရီးယားမှာ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ခံစားချက် ပြင်းထန်ကြလို့ နိုင်ငံထဲမှာ အာဏာသိမ်းမှုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်စရာလမ်းစကတော့ အခုနေအခါမှာ ရေးရေးလေးတောင် မတွေ့ကြရသေးပါဘူး။
ကင်မ်မိသားစုအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟာ နေရာအနှံ့ရှိနေသေးသလို အခုအထိလည်း ခိုင်မာနေဆဲဖြစ်တာ တွေ့ရပါတယ်။ ကင်မ်မျိုးဆက် အုပ်စိုးမှု ပြိုလဲတော့မယ်လို့ အရင်က ဟောကိန်းထုတ်ခဲ့တာတွေကလည်း မှန်လာခဲ့တာမျိုး မရှိသေးပါဘူး။
ဘီဘီစီကို ဖြေကြားပေးခဲ့ကြတဲ့ မြောက်ကိုရီးယားကထွက်ပြေးလာခဲ့သူတွေကတော့ သူတို့နိုင်ငံဟာ ကမ္ဘာနဲ့ အဆက်ဖြတ်ပိတ်ဆို့ အထီးကျန်ဆန်စွာ နှစ်ပေါင်း ၇၀ ကျော်နေလာခဲ့ပြီးချိန်မှာ အခုဆို နိုင်ငံကို တံခါးဖွင့်၊ နိုင်ငံသားတွေကို လွတ်လပ်စွာသွားလာခွင့် ပြုလာပါစေတော့လို့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ပြောပြကြပါတယ်။ တော်တော်များများကလည်း ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရချင်ကြောင်း ဆန္ဒကိုပြောကြပါတယ်။
သူတို့ကတော့ အခုဆို ပြောချင်တာပြောခွင့်ရကြ၊ ကင်မ်ဂျွန်အွန်းလက်အောက်မှာ နေခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ပြန်ပြောပြခွင့်ရကြပါပြီ။ နိုင်ငံထဲမှာ ကျန်နေခဲ့သူတွေက အဲဒီအခွင့်အရေး မရကြပါဘူး။
"ကျွန်မအတွက်တော့ ကိုယ်ဆိုချင်တဲ့သီချင်းဆိုခွင့်ရဖို့ ဘဝကိုရင်းပြီး စွန့်စားခဲ့တယ်။ မြောက်ကိုရီးယားမှာ ကျန်ရစ်သူတွေကတော့ အဲဒီဆန္ဒကို သေတဲ့အထိ သူတို့ရင်ထဲမှာပဲ သိမ်းဆည်းသွားကြရမှာပါ" လို့ အဆိုတော် ဟျွန်ဟျန်းက ပြောပါတယ်။
သူအုပ်ချုပ်ခဲ့တဲ့ကာလ ၁၀ နှစ် ပြည့်လာချိန်မှာ ကင်မ်ဂျုံအွန်းဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုရဲ့ အုပ်စိုးသူဖြစ်လို့နေပါတယ်။
၂၀၁၈ ခုနှစ်က တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကို သွားပြီးပြန်အလာမှာ ဆိုးလ်မြို့တော် မြို့လယ်မှာ ပိုစတာအကြီးကြီးတစ်ခု တင်ထားခဲ့တာ တွေ့ရပါတယ်။ အဲဒီပိုစတာကတော့ ကိုရီးယားကေပေါ့ရဲ့ လက်ချောင်းတွေနဲ့ လက်မ ထိထားတဲ့ ချစ်မေတ္တာသင်္ကေတကို လုပ်တတ်အောင် ကင်မ်ဂျုံအွန်းကို ပြပေးနေတဲ့ ဓာတ်ပုံကြီးပါ။
အဲဒီ လက်ချောင်းတွေနဲ့ တစ်ချက်ချင်းနှိပ်ပြီး ကင်မ်ဂျုံအွန်းဟာ သူ့ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲချင်ရင် ပြောင်းပေးလိုက်နိုင်ပါတယ်လို့ အဲဒီတုန်းက (ဘီဘီစီသတင်းမှာ)ကျွန်မ ရေးခဲ့ပါတယ်။
လူထုကို လွတ်လပ်စွာနေထိုင်ခွင့် သူပေးချင်ပေးနိုင်ပါတယ်။ သူ့မှာ လုပ်နိုင်တဲ့ အခွင့်အာဏာရှိပါတယ်။
ဒါပေမဲ့ အခုလက်ရှိအနေအထားအရတော့ မြောက်ကိုရီးယားပြည်သူ ၂၅ သန်းဟာ ကမ္ဘာနဲ့ ပိုဝေးကွာ ပိုအထီးကျန်သွားနေကြရတာမျိုး တွေ့နေရပါတယ်။
အခု ဆောင်းပါးအတွက် ဖြေကြားပေးခဲ့ကြတဲ့ သူအားလုံးဟာ သူတို့ အသက်ကိုရင်းပြီး မြောက်ကိုရီးယားနိုင်ငံထဲက ထွက်ပြေးလို့ အခု အမေရိကားနဲ့ တောင်ကိုရီးယားတို့မှာ နေနေကြပါတယ်။ ကျန်ခဲ့တဲ့ သူတို့မိသားစုတွေကို အန္တရာယ်မဖြစ်အောင်လို့ တချို့သူတွေရဲ့ အမည်တွေကို အမည်လွှဲနဲ့ ဖော်ပြထားပါတယ်။
သရုပ်ဖော်ပုံများကို ဂယ်ရီဖလက်ချာက ရေးဆွဲပေးပါသည်။