ကိုဗစ်- ထိခိုက်လွယ်အုပ်စု ကာကွယ်ဆေးမထိုးရသေးသူတွေ ခရီးမသွားသင့်သေးဘူးလို့ WHO ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကျန်းမာသူတွေနဲ့ ရောဂါအန္တရာယ် ခံစားရနိုင်ခြေမြင့်သူတွေ အနေနဲ့ ကာကွယ်ဆေး အပြည့်မထိုးရသေးရင် ခရီးသွားမယ့် အစီအစဥ်တွေ ရွှေ့ထားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး WHO က အခုနောက်ဆုံး လမ်းညွှန်ခဲ့တဲ့ အုပ်စုထဲမှာ အသက် ၆၀ ကျော်သူတွေနဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချို ရောဂါရှိသူတွေ ပါဝင်ပါတယ်။
ပြီးခဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအုပ်စုက လူတွေ အားလုံး ခရီးသွားလာတာကို တားမြစ်ခဲ့တာပါ။
ထပ်မံပြင်ဆင်ထုတ်ပြန်တဲ့အခါမှာတော့ ရောဂါဒဏ်ခံရနိုင်ခြေ ပိုမြင့်သူတွေနဲ့ ကာကွယ်ဆေး အပြည့်မထိုးရသေးသူတွေ ခရီးစဥ်တွေ ဆိုင်းထားဖို့ ပြောပါတယ်။
အဲဒါက WHO အရင်က ကိုဗစ်ကာလ ထုတ်ခဲ့ဖူးတဲ့ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီပါတယ်။ အဲဒီလမ်းညွှန်ချက်ဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် တွေ့ရှိမှုကြောင့် စိုးရိမ်နေကြချိန်မှာ ထွက်ပေါ်လာတာပါ။
အားလုံးကို ခရီးသွားလာခွင့် ပိတ်ထားလိုက်ရုံနဲ့ ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့မှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ WHO က ထပ်ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကိုဗစ်မျိုးကွဲသစ် တွေ့ရှိတဲ့အကြောင်းကို တောင်အာဖရိကနိုင်ငံက ကမ္ဘာကို သတိပေးခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံအများအပြားက အာဖရိက တောင်ပိုင်းက နိုင်ငံတွေနဲ့ အဝင်အထွက်ခရီးတွေကို တားမြစ်ခဲ့ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒီညွှန်ကြားချက်ဟာ နယ်သာလန်နိုင်ငံမှာ ထင်မှတ်ထားတာထက်စောပြီး အိုမီခရွန်မျိုးကွဲသစ်ကို တွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောချိန်မှာ ထွက်ပေါ်လာတာပါ။
အာဖရိကတောင်ပိုင်းကို သီးသန့်ထားလိုက်တာကို အတော်စိုးရိမ်မိတယ်လို့ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
အိုမီခရွန်မျိုးကွဲသစ်နဲ့ ပတ်သက်ပြီး လေ့လာဖို့ သီတင်းပတ်အနည်းငယ် အချိန်ယူရဦးမယ်လို့လည်း WHO က ပြောထားပါတယ်။
ဖြစ်နိုင်ခြေရှိပြီး လက်တွေ့ကျင့်သုံးနိုင်မယ့် စည်းမျဥ်းတွေ ချမှတ်ကြဖို့ WHO အဖွဲ့ဝင် နိုင်ငံတွေကို WHO အကြီးအကဲ ဒေါက်တာ တက်ဒရို့စ်က ပြောထားပါတယ်။








