ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ အဖြစ် ရာ့ဖ် ရန်းနစ်ခ်ကို ခန့်အပ်
မန်ချက်စတာ ယူနိုက်တက် အသင်းက ရာ့ဖ် ရန်းနစ်ခ်ကို ဒီရာသီကုန်တဲ့ အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အလုပ်လုပ်ခွင့် ဗီဇာကို စောင့်နေတယ်လို့ ဆိုပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ရန်းနစ်ခ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ အသင်းနဲ့ လမ်းခွဲလိုက်တဲ့ အရင်နည်းပြ အိုလေး ဂန်နာ ဆိုးလ်ရှားရဲ့ နေရာမှာ တာဝန်ယူမှာဖြစ်ပါတယ်။
ရန်းနစ်ခ်ကလည်း မန်ချက်စတာ ယူနိုက်တက်မှာ တာဝန်ယူဖို့အတွက် ရုရှားက လိုကိုမိုးတစ်ဗ် မော်စကို အသင်းရဲ့ အားကစားနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဌာနရဲ့အကြီးအကဲ အဖြစ်ကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာ တာ၀န်ယူရမှာကို အင်မတန် စိတ်လှုပ်ရှားနေကြောင်းနဲ့ ဒီရာသီမှာ အောင်မြင်မှု ရနိုင်ဖို့ အာရုံစိုက်ထားတဲ့ အကြောင်း ပြောပါတယ်။
ဒီရာသီ ကုန်တဲ့အထိ နည်းပြ တာဝန်ယူမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ သူဟာ အကြံပေး အဖြစ် အိုးထရက်ဖို့ဒ် အသင်းနဲ့ ၂ နှစ် ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအမှတ်ပေးဇယားမှာ နံပါတ် ၈ နေရာကို ရောက်နေပါတယ်။ တကယ်လို့သာ အလုပ်လုပ်ခွင့် ဗီဇာ အချိန်မီရခဲ့မယ်ဆိုရင် သူပထမဆုံး ကိုင်ရမယ့် ပွဲက လာမယ့် ဒီဇင်ဘာ ၂ ရက် အာဆင်နယ်နဲ့ ပွဲဖြစ်လာနိုင်ပါတယ်။ မရသေးဘူး ဆိုရင်တော့ မိုက်ကယ်ကဲရစ်က ဆက်ပြီး ကိုင်ရဦးမှာဖြစ်ပါတယ်။
အသင်းမှာ ခြေစွမ်းရှိတဲ့ ဘောလုံးသမားတွေ အများကြီးဖြစ်သလို လူငယ်ခြေတက်တွေနဲ့ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေလည်း မျှမျှတတ ရှိကြောင်း ရန်းနစ်ခ်က ပြောပါတယ်။
လာမယ့် ၆ လ အတွင်းမှာ ဒီကစားသမားတွေကို တဦးချင်းအလိုက်ရော အသင်းလိုက်ပါ ခြေစွမ်းပြနိုင်ဖို့ သူကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ကလပ် အသင်းရဲ့ ရေရည် ရည်မှန်းချက်တွေ ဖော်ဆောင်ဖို့ အကြံပေးသွားမှာ ဖြစ်တယ်လို့ ရန်းနစ်ခ်က ပြောပါတယ်။
ရန်းနစ်ခ်ဟာ ဂျာမန် ဘောလုံး နည်းပြလောကမှာတော့ သြဇာတိက္ကမ ကြီးမားသူ တယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ လစ်ဗာပူးလ် နည်းပြ ယာဂဲန် ကလော့ပ်နဲ့ ချဲလ်ဆီးနည်းပြ တောမတ်စ် တူခဲလ်တို့ဟာ သူ့သြဇာ မကင်းကြသလို သူ့ကိုလည်း တော်တော်ကို လေးစားကြပါတယ်။
သူဟာ Ulm အသင်းကို ဂျာမန် အမှတ်ပေးပြိုင်ပွဲတွေရဲ့ အမြင့်ဆုံး Bundesliga ကို တက်နိုင်အောင် နည်းပြပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Stuttgart၊ Hannover၊ Hoffenheim၊ Schalke နဲ့ RB Leipzig အသင်းတွေမှာ နည်းပြ ပေးခဲ့ပါတယ်။
၂၀၁၁ မှာ ရန်းနစ်ခ်ဟာ Schalke နဲ့ ဂျာမန်ဖလားကို ရခဲ့သလို RB Leipzig နဲ့လည်း ၂၀၁၉ မှာ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
၂၀၁၀-၁၁ ရာသီမှာ သူဟာ Schalke နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိတက်ခဲ့ပေမယ့် အဲဒီ အဆင့်မှာ သူအခု ကိုင်မယ့် ယူနိုက်တက်ကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးခဲ့ရပါတယ်။
ယူနိုက်တက် အသင်းရဲ့ ဘောလုံး ဒါရိုက်တာ ဂျွန် မာတော့ဂ်က ရာ့ဖ်ဟာ ဥရောပ ဘောလုံး လောကမှာတော့ လူလေးစားခံရတဲ့ ဖန်တီးရှင် နည်းပြတွေထဲက တဦးဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ယူနိုက်တက်အတွက် ယာယီနည်းပြရှာတဲ့ အခါမှာ နံပါတ် ၁ နေရာက ဖြစ်ကြောင်း၊ သူ့ရဲ့ အနှစ် ၄၀ နီးပါး နည်းပြနဲ့ အုပ်ချုပ်မှုပိုင်း အတွေ့အကြုံတွေကနေ တန်ဘိုးဖြတ်မရနိုင်တဲ့ ခေါင်းဆောင်မှုနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကို ဆောင်ယူလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကလပ်အသင်း လူတွေအားလုံးကလည်း ရန်းနစ်ခ် နဲ့ အခုရာသီကုန်အထိ နည်းပြအဖြစ် နောက်ပြီးရင် ၂ နှစ် အကြံပေးနေရာကနေ လက်တွဲ လုပ်ကိုင်ကြဖို့ မျှော်နေကြပြီဖြစ်တယ်လို့ဆိုပါတယ်။
အရင်နည်းပြ ဆိုးလ်ရှား အောက်မှာ လက်ထောက်နည်းပြလုပ်ခဲ့တဲ့ မိုက်ကယ်ကဲရစ်က ပြီးခဲ့တဲ့ ဗီလာရီယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ယာယီ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ၂ ဂိုး ပြတ်နိုင်လို့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်နိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ကလည်း ချဲလ်ဆီးကွင်းမှာ ပရီးမီးယားလိဂ်ပွဲကို ဆက်ကိုင်ခဲ့ရာမှာလည်း ၁ ဂိုးစီသရေကျခဲ့ပါတယ်။
နည်းပြသစ် ရန်းနစ်ခ်က သူ့ရဲ့ နည်းပြ အဖွဲ့ ကို ခေါ်လာမှာ ဖြစ်ပေမယ့်လည်း ကဲရစ်နဲ့ အတူ လက်ရှိ နည်းပြအဖွဲ့ဟာ အသင်းနဲ့ ဆက်ရှိနေကြဦးမှာဖြစ်တယ်လို့ သိရပါတယ်။