အရှေ့တောင်အာရှမှာ ဖမ်းမိခဲ့တဲ့အထဲ အများဆုံးသော မူးယစ်ဆေးတွေကို လာအိုမှာ ဖမ်းဆီးမိထား

အာရှရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ဖမ်းဆီးမိသမျှ မူးယစ်ဆေးဝါးပမာဏတွေထဲ ဒီတခေါက် လာအိုရဲတပ်ဖွဲ့က ဖမ်းမိလိုက်တဲ့ မူးယစ်ဆေးဝါးတွေက စံချိန်တင် အများဆုံးပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။

ရဲတွေက မက်သဖက်တာမင်း ဆေးပြား ၅၅ သန်းနဲ့ ခရစ်စတယ် မက်သဖက်တာမင်း တန်ချိန် ၁ တန်ခွဲ တင်လာတဲ့ ထရပ်ကားတစီးကို ကြားဖြတ်တားဆီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ (UNODC)ကပြောပါတယ်။

ထိုင်းနဲ့ မြန်မာနယ်စပ် ဘိုကီယို အရပ်ကနေ ဘီယာစည်တွေ တင်ပြီးထွက်လာတဲ့ ကားကို ရဲတွေက စစ်ဆေးရာမှာ ဒီမူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့တာပါ။

ဒီဧရိယာဟာ ရွှေတြိဂံဒေသထဲမှာ ပါဝင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်ရာ အဓိက ဒေသတခုဖြစ်ပါတယ်။

UNODC ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ကလပ်စ်က "အရှေ့အာရှနဲ့ အရှေ့တောင် အာရှတလွှားမှာ မူးယစ်ဆေးတွေ ဖမ်းမိတဲ့ သမိုင်းကိုကြည့်ရင် ဒီတခေါက်မိတာက အများဆုံးပဲ"လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တပတ်တာကာလထဲမှာပဲ စီးနင်းဖမ်းဆီးမှု ၂ ခုအတွင်းမှာ အမ်ဖီတာမင်း စိတ်ကြွဆေးပြား ၁၆ သန်းကို ဒီဧရိယာအတွင်းမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။

အခု မူးယစ်ဆေးဝါးတွေကို Lao Brewery တံဆိပ်နဲ့ ဘီယာစည်တွေထဲမှာ ထည့်ပြီး မူးယစ်ဆေး မှောင်ခိုသမား တွေက သယ်ခဲ့ကြတာပါ။

Lao Brewery ဘီယာ ကုမ္ပဏီကတော့ ဒီကိစ္စမှာ သူတို့ ပါဝင်ပတ်သက်တာ ဘာမှမရှိဘူးလို့ ကြေညာချက် ထုတ်ထားပါတယ်။

တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နမိတ် ထိစပ်နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် မတည်ငြိမ်မှုတွေဖြစ်နေတာနဲ့ အတူ ရွှေတြိဂံဒေသက ထွက်လာတဲ့ မူးယစ်ဆေးဝါး ပမာဏကလည်း သိသိသာသာ တက်လာနေတယ်လို့ မစ္စတာ ဒေါက်ကလပ်စ်က ဆိုပါတယ်။

"အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒီထက်ပိုဝေးတဲ့ ဒေသတွေမှာ မက်သဖက်တာမင်း ဆေးပြားတွေ အလုံးအရင်းနဲ့ ဝင်လာနေတယ်၊ ဒါတွေက ရှမ်းပြည်နယ်အတွင်းဖြစ်နေတဲ့ အုပ်ချုပ်စိုးမိုးရေးအခြေအနေတွေနဲ့ ဆက်နွှယ် နေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ ယူနန်နယ်စပ်ကို တရုတ်ဘက်က ကိုဗစ်အရေးကြောင့် ပိတ်ထားတော့ "ကြည့်ရတာ လာအိုနဲ့ ထိုင်းဘက်ကို မူးယစ်ဆေးကုန်သွယ်မှုတွေက ပိုပြီး သွားနေတဲ့ပုံပါ" လို့လည်း သူက ဆိုပါတယ်။