ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် ထိုင်းမှာ မူးယစ်မှောင်ခိုမှုမြင့်တက်လာ
မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မက်သာဖက်တမင်း ဆေးပြားတွေ ထိုင်းနိုင်ငံထဲ မှောင်ခိုတင်သွင်းတာ ပိုများလာတယ်လို့ ထိုင်းတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ အရာရှိတွေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၆လက ယာဘ ဆေးပြား သန်း ၈၀ ကျော် ထိုင်းမူးယစ်ဆေးဝါး အဖွဲ့က ဖမ်းဆီးခဲ့မိပြီးတဲ့နောက် ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုကို အခွင့်ကောင်းရယူပြီး တင်ပို့မှု မြင့်တက်ခဲ့တာလို့ ဆိုပါတယ်။
အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)က ဂျရယ်မီး ဒေါ့ကလပ်က လက်ရှိမြန်မာမှာ ဖြစ်နေတဲ့ အခြေအနေကို အခွင့်အရေးယူပြီး တိုင်းရင်းသား တပ်ဖွဲ့တွေက သူတို့ရဲ့ အခြေအနေနဲ့ နယ်မြေပိုင်ဆိုင်မှုကို ပိုမိုအားကောင်းအောင်လုပ်ဆောင်လာရာမှာ သူတို့ ပိုင်နက်ထဲမှာ မူးယစ်ဆေးကုန်သွယ်တာကို အခွန်ယူ လုပ်ဆောင်ရာကနေ ဝင်ငွေရဖို့ လုပ်ဆောင်လာတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။
နယ်စပ်တစ်လျှောက်က ရာဇဝတ်ဂိုဏ်းတွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့ လက်နက်ကိုင် အဖွဲ့တွေက အခုလို မငြိမ်မသက် ဖြစ်နေချိန်မှာ သူတို့အားကောင်းဖို့ လုပ်ဆောင်နေပုံရတယ်လို့ ဆိုပါတယ်။
"လက်နက် ဝယ်ဖို့အတွက် သူတို့ ငွေလိုပါတယ်၊ တပ်ဖွဲ့တွေ ပိုအားကောင်းလာအောင်လုပ်ဖို့ သူတို့ကို ငွေပေးဖို့လည်း လိုပါတယ်၊ ဒါကြောင့် တပ်မတော်က အာရုံမစိုက်နိုင်ခင်မှာ အမြန်ဆုံး ငွေဘယ်လို ရနိုင်မလဲဆိုတာ သူတို့ ရှာကြံခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့ မူးယစ်ဆေးဝါးကို တင်းတင်းကျပ်ကျပ် တားမြစ်ပြီး မူးယစ်တိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်နေတယ်လို့ စစ်အာဏာသိမ်းကာလမတိုင်ခင်က ထုတ်ပြောထားတာတွေ ရှိပါတယ်။
အခုလို အကျပ်အတည်းကာလမှာ ပိုထုတ်လုပ်ခဲ့ပြီး လာမယ့် ၂ လကနေ ၃ လအတွင်း ရှမ်းပြည်နယ်ကနေ မူးယစ် ဆေးဝါးတွေ ပိုထွက်လာမယ်လို့ သူက ဆိုပါတယ်။ ရှမ်းပြည်နယ်ကနေ တဆင့် လာအို ဒီကနေ ထိုင်းကို ပြန်တင်ပို့ပြီး အရှေ့တောင်အာရှထဲကို ဖြန့်ဖြူးတယ်လို့ ဂျရယ်မီး ဒေါ့ကလပ်က ရှင်းပြပါတယ်။
အောက်တိုဘာလကတည်းကနေ မက်သာဖက်တမင်း ၅ တန်နဲ့ ယာဘဆေးပြား သန်း ၇၀ ကျော် သိမ်းဆီးရမိထားပြီး ဒါတွေက နိုင်ငံတကာစျေးကွက်ကို တင်ပို့ဖို့ စစ်ဘက်ဆိုင်ရာကနေ သိရတယ်လို့လည်း သူက ပြောပါတယ်။
တကယ်လို့ မက်သာဖက်တမင်း ၅ တန်သာ သြစတြေးလျဂျပန်တို့လို တခြားနိုင်ငံတွေကို ရောက်ရှိသွားရင် မူးယစ်မှောင်ခိုသမားတွေအတွက် ရလာမယ့် အကျိုးအမြတ်က နည်းမှာ မဟုတ်သလို ဒီမူးယစ်ဆေးဝါးတွေက နိုင်ငံတကာ စျေးကွက်အတွက် ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
ဒီလို မူးယစ်မှောင်ခို ကူးမှုတွေ မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ရွာတွေက စေ့တနာဝန်ထမ်း လုံခြုံရေး အဖွဲ့တွေက နယ်စပ်တွေမှာ ဖြန့်ကြက်စောင့်ကြည့်ပြီး စစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ၇ လကနေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။
ထိုင်းလာအို နယ်စပ် နောင်ခိုင်ရွာမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ရာချင်စီဖွန်က မူးယစ်ကုန်ကူးတဲ့သူတွေက ပုံစံမျိုးစုံ ဟန်ဆောင်လာနေကြသလို တချို့ဆိုရင် ငါးဖမ်းသမားဟန်ဆောင်ပြီး လာတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။ ရဲတွေ ကင်းလှည့်နေတာ မရှိဘူးဆိုရင် လူမှုကွန်ရက်ကနေ တဆင့်ချိတ်ဆက်ပြီး ပို့ဆောင်ကြတယ်လို့ သူက ပြောပါတယ်။
ရဲတွေ ကင်းလှည့်နေတာ မရှိဘူးဆိုရင် လူမှုကွန်ရက်ကနေ တဆင့်ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးထုတ်တွေကို တယောက်နဲ့တယောက် ချိတ်ဆက် ရယူကြတာက အချိန်ဘယ်လောက်မှ မကြာဘူးလို့လည်း သူက ပြောပါတယ်။
သူတို့ စေတနာဝန်ထမ်းတွေက လက်နက် မရှိတာကြောင့် လက်နက်ပါတဲ့ တချို့ မှောင်ခိုင်သမားတွေကို မဖမ်းနိုင်ပေမယ့် မူးယစ်ဆေးဝါးရောင်ဝယ်သူတွေရဲ့ လှုပ်ရှားမှုကို ရဲကို သတင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကျန်းမာရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှာ ထိခိုက်မှုတွေရှိနေပေမယ့် မြန်မာအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွေမှာတော့ မူးယစ်ဆေးဝါး မှောင်ခိုထုတ်လုပ်တဲ့လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်းကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး(UNODC) က ၂၀၂၀ မှာ ထုတ်ပြန်ထားခဲ့ပါတယ်။
တစ်ကမ္ဘာလုံး ကိုဗစ်ကြောင့်အသွားအလာကန့်သတ်မှုတွေရှိလို့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်နေပေမယ့် မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှေကြိဂံဒေသမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေက လျော့ကျမသွားဘူးလို့ UNODC က ပြောကြားထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် အတွင်းက သတင်းစာရှင်းလင်းပွဲမှာ မူးယစ်ဆေးဝါးထုတ်တဲ့ဒေသတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နယ်မြေတွေမှာ ရှိနေပြီး အစိုးရ အုပ်ချုပ်မှု အပြည့်အဝမရှိတဲ့ အဲဒီဒေသတွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အခက်အခဲရှိတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောကြားထားခဲ့ဖူးပါတယ်။