ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကြောင့် မူးယစ်ဆေးလုပ်ငန်းထိခိုက်မှု မရှိလို့ ကုလထုတ်ပြန်တဲ့နောက် မြန်မာမှာ မူးယစ်ဆေးတွေ ဆက်တိုက်ဖမ်းမိတာဖြစ်
ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ မေ ၁၅ ရက်ကနေ ၁၇ ရက်အတွင်း ကျပ်သိန်းပေါင်း သုံးသောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တွေအရတွေ့ရှိရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကျန်းမာရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးမှာ ထိခိုက်မှုတွေရှိနေပေမယ့် မြန်မာအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွေမှာတော့ မူးယစ်ဆေးဝါး မှောင်ခိုထုတ်လုပ်တဲ့လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်းကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး(UNODC) က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားတာပါ။
တစ်ကမ္ဘာလုံး ကိုဗစ်ကြောင့်အသွားအလာကန့်သတ်မှုတွေရှိလို့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်နေပေမယ့် မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှေကြိဂံဒေသမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေက လျော့ကျမသွားဘူးလို့ UNODC က ပြောကြားထားပါတယ်။
မူးယစ်ဆေးထုတ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတုပစ္စည်းတွေက တရုတ်နိုင်ငံဘက်ကနေ ကုန်းလမ်းကတစ်ဆင့် ရွှေကြိဂံဒေသထဲရောက်ရှိနေတယ်လို့လည်း ကုလ အစီရင်ခံစာက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးသမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မူးယစ်ဆေးဝါးထုတ်တဲ့ဒေသတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နယ်မြေတွေမှာ ရှိနေပြီး အစိုးရ အုပ်ချုပ်မှုအပြည့်အဝမရှိတဲ့ အဲဒီဒေသတွေမှာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အခက်အခဲရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
UNODC ရဲ့ ထုတ်ပြန်ချက်အပြီးမှာပဲ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ ခုလို လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို ဆက်တိုက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။
မေ ၁၅ ရက်နေ ၁၇ ရက်အထိ ဖမ်းမိတဲ့ ဖြစ်စဉ်ငါးခုမှာ မောင်တောမှာ တစ်ခု၊ မူဆယ်မှာ သုံးခုနဲ့ တာချီလိတ်တို့မှာ တစ်ခုတို့ဖြစ်ပါတယ်။
အဲဒီထဲက မောင်တောနဲ့ မူဆယ်က အမှုနှစ်ခုတို့မှာ ဆက်စပ်တရားခံတွေဖမ်းမိခဲ့ပြီး တာချီလိတ်ကဖြစ်စဉ်နဲ့ မူဆယ်က ကျန်ဖြစ်စဉ်တစ်ခုတို့မှာတော့ တရားခံကိုဖမ်းမိထားခြင်းမရှိတာကိုတွေ့ရပါတယ်။
တပ်ချုပ်ရုံးက ထုတ်ပြန်ချက်တွေအရ ရခိုင်မှာ ကျပ် သိန်းပေါင်း ၉၇၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနီးပါးကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်ကို မောင်တောမြို့နယ်အတွင်း မေလ ၁၆ ရက်ညပိုင်း မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကုန်တင်ယာဉ်ဟာ အငူမော်ဘက်ကနေ ကျီးကန်းပြင်ဘက်ကို မောင်းနှင်လာတဲ့ခြောက်ဘီးကားဖြစ်ပြီး ယာဉ်နောက်ခန်းက ဆာလာအိတ်သုံးအိတ်ထဲမှာ WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၄၈၇၅၀၀ ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မူဆယ်နဲ့ တာချီလိတ်တို့မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိတဲ့ ဖြစ်စဉ်လေးခု ရှိထားပါတယ်။
မူဆယ်က ဖြစ်စဉ် သုံးခုအနက် တစ်မှုမှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၉ ဦးကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မေလ ၁၅ ရက်က မူဆယ်၊ စွမ်စော်ရပ်ကွက်ထဲက ဖျော်ဖြေရေးစင်တာ၊ အပန်းဖြေ SPA နဲ့ နေအိမ်နှစ်လုံးကို ဝင်စစ်တဲ့အခါ တရားမဝင်နေထိုင် တဲ့တရုတ်နိုင်ငံသား ၁၉ ဦး၊ အမ် ၂၂ အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ ဘိန်းဖြူ၊ အိုက်စ် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော် ဖမ်းမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူဆယ်မှာပဲ မေလ ၁၇ ရက်မှာ မူဆယ်မြို့ခံတစ်ဦးမောင်းလာတဲ့ဆိုင်ကယ်ပေါ်နဲ့ အဲဒီလူရဲ့နေအိမ်ကနေ ခန့်မှန်းတန်ဖိုး ကျပ်သိန်းခြောက်ထောင် ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကို ဖမ်းမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကနေ ဆက်စပ်တရားခံ သုံးဦးထိ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက် ကဖော်ပြထားပါတယ်။
တာချီလိတ်မှာတော့ မေလ ၁၇ ရက်မနက်ပိုင်းက သတင်းအရ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)အုပ်စု၊ လွန်းကျိုင်းကျေးရွာက စိုင်းလှရွှေရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ ကားဂိုထောင်အတွင်းမှ AK-47 အပါအဝင်လက်နက်ခဲယမ်းတွေနဲ့ ခန့်မှန်းတန်းဖိုး သိန်း ၃၃၀၀ ရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ကိရိယာတွေနဲ့ ဓာတုပစ္စည်းတွေကိုပါဖမ်းမိခဲ့တာဖြစ်ပြီး ပိုင်ရှင်မဲ့ဖမ်းမိတာလို့ ထုတ်ပြန်ထားပါတယ်။
မူဆယ်သင်္ချိုင်းမှာ မေလ ၁၆ ရက် ညပိုင်းက ဆာလာအိတ်နဲ့ထုပ်ထားတဲ့ လက်နက်တွေကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့လည်း တပ်ချုပ်ရုံးထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလို မြန်မာမှာ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဖမ်းမိတာနဲ့ပတ်သက်လို့ UNODC ကမြန်မာနိုင်ငံဆိုင်ရာတာဝန်ခံရဲ့ သဘောထားမှတ်ချက်သိရဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။