ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကွတ်ခိုင်မြို့နယ်ထဲ ပိုင်ရှင်မဲ့ မူးယစ်ဆေး ၅၃ ဘီလီယံကျော် ထပ်မိ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ကောင်းခါးကျေးရွာ အနီးမှာ မတ်လ ၃ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေး ထုတ်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ ကျပ်ငွေ ၅၃ ဘီလီယံကျော် ဖိုး ဖမ်းမိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
မတ်လ ၂ ရက်နေ့က ကျပ် ၃၈ ဘီလီယံဖိုး ဖမ်းမိခဲ့တာကြောင့် အခုရက်ပိုင်းအတွင်းဖမ်းမိတဲ့ တန်ဘိုးဟာ ၉၁ ဘီလီယံကျော်ဖိုး ရှိတယ်လို့လည်းသူကပြောပါတယ်။
များသောအားဖြင့်တော့ နယ်စပ်ဒေသမှာ မိတဲ့ မူးယစ်ဆေးဝါးတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်လေ့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီ မူးယစ်ဆေးတွေကို ပိုင်ရှင်မဲ့ ဖမ်းမိတာ ဖြစ်တဲ့အတွက် ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မတ်လ ၂ရက်နေ့က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီးမှာ စိတ်ကြွဆေးတွေနဲ့အတူ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဂက်စ် မီးဖိုတွေ၊ ဓာတု ဆေးရည်တွေနဲ့ ၊ ဆေးပြား ရိုက်ထုတ်တဲ့ စက်တွေအပြင် သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုပါ သိမ်းဆည်း ရမိခဲ့ပါသေးတယ်။
မတ်လ ၃ ရက်နေ့ကတော့ စိတ်ကြွဆေးပြား သန်း၂၀ ကျော်နဲ့ ဘိန်းဖြူတွေပါ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တွေဟာလည်း ပိုင်ရှင်မဲ့တွေ ဖြစ်နေပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေး ထုတ်လုပ်ရာမှာ သုံးတဲ့ ဆက်စပ် ပစ္စည်းတွေဟာ ပိုင်ရှင်မဲ့ ဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ မသိရှိဘဲ ဒီနေရာတွေမှာ ထုတ်လုပ်လို့ မရနိုင်ဘူးလို့ ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ တနေရာက တနေရာ ပြောင်းရွှေ့ လုပ်ကိုင်လေ့ ရှိတယ်လို့လည်း ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အခု မူးယစ်ဆေးတွေ အများအပြား သိမ်းဆည်းမိခဲ့တဲ့ ကောင်းခါးရွာ တဝိုက်ဟာ ကောင်းခါး ပြည်သူ့စစ် အပါအဝင် အခြားပြည်သူစစ်အဖွဲ့တွေ လှုပ်ရှားတဲ့ ဒေသ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလို ဘိန်းစိုက်ပျိုးမှု ကျဆင်းနေပေမယ့် ဒေသတွင်းမှာ စိတ်ကြွ ဆေးပြားတွေ ဖမ်းဆီးရမိမှု တွေက များလာနေပါတယ်။
ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတဲ့အခါ ပိုင်ရှင်မဲ့အနေနဲ့သာ တွေ့ရှိရတာနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက မေးခွန်းထုတ် ဝေဖန်ကြပါတယ်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော် RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်းလွတ်မြောက်ရေးတပ် TNLA တို့က သူတို့အဖွဲ့တွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အဖွဲ့တွေသာ ဖြစ်ပြီး ဖမ်းဆီးရမိတဲ့အခါမှာလည်း အရေးယူမှုတွေ အမြဲပြုလုပ်တယ်လို့ ဘီဘီစီကို ပြောပါ တယ်။