တရုတ်တယ်လီကွန်း ကုမ္ပဏီကို အမေရိကန်က လိုင်စင် ရုပ်သိမ်း

အမေရိကန်က အမျိုးသားလုံခြုံရေး အတွက်ဆိုပြီး တရုတ်ရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီကြီးတွေထဲက တခုကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရုပ်သိမ်းလိုက်ပါတယ်။

တရုတ်ရဲ့ China Telecom ဟာ လာမယ့် ရက်ပေါင်း ၆၀ အတွင်း အမေရိကားမှာ ဝန်ဆောင်မှုတွေ အကုန် ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာကြောင့် ဒါကို အသုံးချပြီး အမေရိကန်ရဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို အသုံးပြု၊ အချက်အလက်တွေ သိမ်းဆည်းတာ၊ နှောင့်ယှက်တာနဲ့ လမ်းကြောင်းလွှဲတာမျိုးတွေ လုပ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်မှာ နှစ်ပေါင်း ၂၀ နီးပါး ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ လုပ်နေခဲ့တဲ့ China Telecom ကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း ပြောပါတယ်။

သူတို့ဆီက ဝယ်ယူ သုံးစွဲသူတွေကို ဖြစ်နိုင်သမျှ နည်းလမ်းတွေကို ရှာဖွေပြီး အတတ်နိုင်ဆုံး ဝန်ဆောင်မှုပေးဖို့ စီစဥ်ထားကြောင်း ကုမ္ပဏီဘက်က ပြောပါတယ်။

China Telecom ဟာ တရုတ် တယ်လီကွန်း ဈေးကွက်ကို ထိန်းချုပ်ထားနိုင်တဲ့ ကုမ္ပဏီကြီး ၃ ခုထဲက ၁ ခု ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၁၀ မှာ သူတို့ရဲ့ ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲသူ သန်း ရာနဲ့ချီ ရှိပါတယ်။ ဘရော့ဘဲန်း အင်တာနက်နဲ့ မိုဘိုင်းလ် ဖုန်းလိုင်းတွေအပြင် ကြိုးဖုန်းတွေကိုပါ ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ကြီး ဂျဲနက် ယယ်လန် နဲ့ တရုတ် ဒုတိယ ဝန်ကြီးချုပ် လျူဟီတို့ ကမ္ဘာ့စီးပွားရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြအပြီး နာရီပိုင်း အကြာမှာပဲ အခု ဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဆွေးနွေးပွဲကို မကြာသေးတဲ့ ကာလတွေအတွင်းမှာ ကုန်သွယ်ရေးနဲ့ တိုင်ဝမ်အရေးတွေနဲ့ ပတ်သက်ပြီး မကျေမလည် ဖြစ်နေကြတဲ့ မဟာအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးတက်လာတဲ့ လက္ခဏာအဖြစ် ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလအတွင်းက ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်က အမေရိကန်မှာ လုပ်ငန်း လည်ပတ်နေတဲ့ တရုတ် တယ်လီကွန်း ကုမ္ပဏီ China Telecom Americas ကို လုပ်ငန်းလုပ်ပိုင်ခွင့်တွေ ရပ်စဲကောင်း ရပ်စဲရလိမ့်မယ်လို့ သတိပေးထားခဲ့ဖူးပါတယ်။

တရုတ်အစိုးရက ထိန်းချုပ်ထားတဲ့ အတွက် ဒီကုမ္ပဏီကို အကျိုးရှိရှိ အသုံးချတာမျိးတွေ ရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဥပဒေကြောင်းအရ လွတ်လပ်တဲ့ ကြီးကြပ်မှု မရှိဘဲ တရုတ်အစိုးရဲ့ တောင်းဆိုသမျှကို ကုမ္ပဏီဘက်က လိုက်နာဆောင်ရွက် ပေးရနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေရဲ့ ပစ်မှတ်ထားခြင်းခံရတဲ့ တရုတ် တယ်လီကွန်း ကုမ္ပဏီတွေထဲမှာ China Telecom ဟာ နောက်ဆုံး ပါဝင်လာတဲ့ တရုတ် ကုမ္ပဏီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း Huawei နဲ့ ZTE တို့ကို ဆက်သွယ်ရေး ကွန်ရက်တွေအတွက် အန္တရာယ် ရှိတယ်ဆိုပြီး သူတို့ ဆီက ထုတ်လုပ်တဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို အမေရိကန် ကုမ္ပဏီတွေ အဝယ်ရ ခက်အောင် လုပ်ထားခဲ့ပါတယ်။

ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ အတွင်းကလည်း တရုတ်ကုမ္ပဏီ China Mobile ရဲ့ လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်ကို ရုပ်သိမ်းခဲ့ပါတယ်။ နောက်ပြီး တရုတ် အစိုးရ ထောက်ပံ့ပေးထားတဲ့ ကုမ္ပဏီတွေ ဖြစ်ကြတဲ့ China Unicom Americas နဲ့ Pacific Networks တို့ကိုလည်း အလားတူ လုပ်ဖို့ အတွက် စီစဥ်နေပါတယ်။

အခုလို လုပ်ငန်း လုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းတဲ့ ကိစ္စတွေတိုင်းမှာ အမေရိကန် အာဏာပိုင်တွေဘက်က တရုတ်အစိုးရဟာ ဒီကုမ္ပဏီတွေကို အသုံးချပြီး အမေရိကန် ပြည်ထောင်စုအပေါ် သူလျှိုလုပ် ထောက်လှမ်းတာနဲ့ အမျိုးသား အကျိုးစီးပွားကို ဖျက်လို ဖျက်ဆီး လုပ်လာနိုင်တယ်ဆိုပြီး အကြောင်းပြကြပါတယ်။