ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ထောက်လှမ်းရေးအကြီးအကဲရဲ့ ဖွင့်ဟချက်
လျှို့ လျှို့ဝှက်ဝှက်လုပ်ခဲ့တဲ့ အကျင့်က ကင်ကုဆွန်မှာ အခုထိ ရှိနေတုန်းပါ။
သူနဲ့တွေ့ဆုံမေးမြန်းခွင့်ရဖို့ သီတင်းပတ်တွေချီကြာခဲ့ပြီး အခုထိ သူပြောတာကိုဘယ်သူများကြားသွားမလဲ ဆိုပြီး စိုးရိမ်နေတုန်း ဖြစ်ပါတယ်။
အင်တာဗျူးတဲ့အချိန်မှာလည်း မျက်မှန်အနက်ကို တပ်ထားပြီး ရိုက်ကူးရေးအဖွဲ့ထဲထဲမှာ သူ့နာမည်အရင်းကို လူ ၂ယောက်ကပဲ သိပါတယ်။
မစ္စတာကင်ဟာ မြောက်ကိုရီးယားနိုင်ငံမှာ သြဇာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေမှာ ထိပ်တန်းအရာရှိအနေနဲ့ နှစ် ၃၀ ကြာ အလုပ်လုပ်ခဲ့တဲ့သူပါ။
အဲ့ဒီထောက်လှမ်းရေးအဖွဲ့တွေဟာ မြောက်ကိုရီးယားအထွတ်အထိပ် ခေါင်းဆောင်ကြီးရဲ့ နား၊ မျက်စိနဲ့ ၊ ဦးနှောက်တွေလို့ သူက ပြောပါတယ်။
သူ့တာဝန်က ခေါင်းဆောင်ကြီးတွေရဲ့ လျှို့ဝှက်ချက်တွေ ထိန်းသိမ်းထားဖို့၊ သူတို့ကိုဝေဖန်သူတွေကို လုပ်ကြံဖို့ လုပ်ကြံသတ်ဖြတ်သူတွေ စီစဥ်စေလွှတ်တဲ့ တာဝန်တွေအပြင် တော်လှန်ရေးရန်ပုံငွေအတွက် တရားမဝင် မူးယစ်ဆေးဝါးတွေထုတ်ဖို့ နဲ့ ဓာတ်ခွဲခန်းကိုပါ တည်ဆောက်ရတာတွေပါတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားစစ်တပ်မှာ ဝါရင့်ဗိုလ်မှူးကြီးတာဝန်ထမ်းခဲ့တဲ့သူက သူ့အကြောင်း ဘီဘီစီကို ပြောပြဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါဟာ မြောက်ကိုရီးယား ထိပ်တန်းစစ်တပ်အရာရှိတစ်ယောက်က ကမ္ဘာ့ မီဒီယာကြီးတစ်ခုကို ပထမဆုံး တွေ့ဆုံပြောဆိုတာလည်း ဖြစ်ပါတယ်။
သူဟာ မြောက်ကိုရီးယားကွန်မြူနစ်ပါတီရဲ့ သစ္စာရှိသူတွေထဲက သစ္စာအရှိဆုံး ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်လို့ မစ္စတာကင်က ပြောပါတယ်။ ဒါပေမယ့် ရာထူးနဲ့ သစ္စာရှိမှုက လူတစ်ယောက်ရဲ့ လုံခြုံရေးကို မြောက်ကိုရီးယားမှာ အာမမခံနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။
၂၀၁၄ ခုနှစ်က မြောက်ကိုရီးယားကနေ သူ ထွက်ပြေးလာတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ဆိုးလ်မြို့မှာ နေထိုင်ပြီး တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့အတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက ငွေကိုရတဲ့နည်းနဲ့ ရှာနေကြပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကို မူးယစ်ဆေးဝါးနဲ့ လက်နက်တွေရောင်းနေတယ်လို့လည်း သူက ထုတ်ပြောပါတယ်။
တောင်ကိုရီးယားကို တိုက်ခိုက်မှုတွေမှာ မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်တွေရဲ့ နောက်ကွယ်က မဟာဗျူဟာတွေအကြောင်းကို ပြောပြခဲ့ပြီး မြောက်ကိုရီးယားအစိုးရရဲ့ သူလျှိုနဲ့ ဆိုင်ဘာကွန်ရက် တကမ္ဘာလုံးကိုဖြန့်ကြက်နိုင်တဲ့ အကြောင်းတွေကိုလည်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။
သူပြောတာတွေနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပေမယ့် သူဘယ်သူ ဘယ်ဝါဆိုတာနဲ့ သူပြောတဲ့ကိစ္စတွေ ဟုတ်မဟုတ်ထောက်ခံအတည်ပြုပေးဖို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။
လန်ဒန်မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးကို ဆက်သွယ်ခဲ့သလို နယူးယောက်က မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကိုပါ ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်ထိ ဘာတုံ့ပြန်မှုမှ မရသေးပါဘူး။
လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့
မြောက်ကိုရီးယားရဲ့ ထိပ်တန်းထောက်လှန်းရေးအဖွဲ့မှာ သူနောက်ဆုံးပိုင်းနှစ်တွေ လုပ်ခဲ့တာကနေ လက်ရှိခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ တာဝန်ယူကာစ အခြေအနေတချို့ကို သူသိမြင်ခွင့်ရခဲ့ပါတယ်။
ကင်ဂျုံအွန်းက သူ့ကိုယ်သူ စစ်သည်တော်တစ်ယောက်ဖြစ်တယ်ဆိုတာပြချင်စိတ်ထက်သန်တဲ့ လူငယ်တစ်ယောက် ဖြစ်တယ်လို့ သူက သရုပ်ဖော်ပြခဲ့ပါတယ်။
လေဖြတ်ဝေဒနာခံစားနေရတဲ့ ဖခင်လက်အောက်မှာ ကင်ဂျုံအွန်း သင်ယူလေ့ကျင့်နေချိန်မှာပဲ အထွေထွေထောက်လှမ်းရေးဗျူရိုအဖွဲ့လို့ခေါ်တဲ့ ထောက်လှမ်းရေးအဖွဲ့သစ် ကို ၂၀၀၉ခုနှစ်က မြောက်ကိုရီးယားမှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီထောက်လှမ်းရေးအဖွဲ့ရဲ့ ခေါင်းဆောင် ကင်ရွန်ချိုဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ယုံအကြည်ရဆုံး လူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
တောင်ပိုင်းကိုထွက်ပြေးတဲ့ မြောက်ကိုရီးယားအရာရှိတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အတွက် အထူးတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းဖို့အမိန့်တစ်ခုလည်း ၂၀၀၉ မေလတုန်းက လိုက်နာလုပ်ဆောင်ခဲ့ရတယ်လို့ သူက ပြန်ပြောပါတယ်။
"ဒီကိစ္စဟာ ကင်ဂျုံအွန်းအတွက် သူ့အဖေကျေနပ်အောင် လုပ်ပြတဲ့ကိစ္စတစ်ခုပါ။ အဲ့ဒီ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့က ဟွန်ဂျန်ယွက်ကို လုပ်ကြံဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် စီစဥ်ညွှန်ကြား လုပ်ဆောင်ခဲ့ရပါတယ်"လို့ ဆိုပါတယ်။
ဟွန်ဂျန်ယွက်ဟာ တစ်ချိန်တုန်းက မြောက်ကိုရီးယားမှာ သြဇာအာဏာအရှိဆုံးအရာရှိတစ်ယောက် ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မူဝါဒတွေချမှတ်ခဲ့ တဲ့ကိစ္စတွေမှာလည်း အဓိက ပါဝင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ တောင်ကိုရီးယားဘက်ကို ဟွန်ဂျန်ယွက် ထွက်ပြေးခဲ့ပြီး သူ့ကို မြောက်ကိုရီးယားဘက်က လုံးဝခွင့်မလွှတ်ပါဘူး။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကနေ မြောက်ကိုရီးယားအစိုးရကို အကြီးအကျယ်ဝေဖန်ခဲ့တဲ့အတွက် သူ့ကို ကင်မိသားစုက လက်စားချေချင်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ကို လုပ်ကြံမှု မအောင်မြင်ခဲ့ဘဲ ဒီလုပ်ကြံမှုမှာပါဝင်ခဲ့ မြောက်ကိုရီးယားစစ်တပ်က ဗိုလ်မှူး ၂ ယောက်အဖမ်းခံရပြီး ဆိုးလ်မြို့ကထောင်ထဲမှာ ထောင် ၁၀ နှစ် ကျခံ ထိန်းသိမ်းခံ နေရဆဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့နဲ့ဘာမှမပတ်သက်ဘူးလို့ မြောက်ကိုရီးယားဘက်က ထုံးစံအတိုင်းငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားဘက်က သက်သက် လုပ်ကြံစွပ်စွဲတာလို့ တောင် တုံ့ပြန်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးဟောင်း ကင်ရဲ့ အမြင်က "အကြမ်းဖက်လုပ်ကြံတဲ့ကိစ္စက မြောက်ကိုရီးယားမှာ နိုင်ငံရေးလက်နက်တစ်ခုဖြစ်ပြီး ကင်ဂျုံအီနဲ့ ကင်ဂျုံအွန်းတို့ရဲ့ ရာထူးတွေကို အကာအကွယ်ပေးဖို့ အသုံးချနေတာပါ"လို့ ပြောပါတယ်။
အဲ့ဒီလုပ်ကြံမှုနောက်ပိုင်းမှာလည်း လုပ်ကြံမှုတွေ ထပ်ဖြစ်ပါသေးတယ်။ ၂၀၁၀ တုန်းကလည်း တော်ပီဒိုဒုံး တစ်ခု မှန်ပြီး တောင်ကိုရီးယား ရေတပ် သင်္ဘောချွမ်နန် နစ်မြုပ်သွားခဲ့ပါတယ်။ အဲ့ဒီကိစ္စမှာလည်း သူတို့နဲ့ဘာမှမဆိုင်ဘူးလို့ မြောက်ကိုရီးယားဘက်က ငြင်းခဲ့ပါတယ်။
အဲ့ဒီကိစ္စဖြစ်အပြီး ၂၀၁၀ နိုဝင်ဘာလထဲမှာလည်း တောင်ကိုရီးယား ကျွန်းစု ယွန်ပြောင်ကျွန်းကို မြောက်ကိုရီးယားဘက်က အမြာက်ဆန်တွေ ဒါဇင်နဲ့ချီလာမှန်လို့ စစ်သားနှစ်ဦးနဲ့ အရပ်သားနှစ်ဦး သေဆုံး ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်သူက အမိန်ပေးခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး အချေအတင် ငြင်းခုံမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ချွမ်နန်ကိစ္စနဲ့ ယွန်ပြောင်ကျွန်းစုကိစ္စ စစ်ဆင်ရေးတွေက သူတိုက်ရိုက်မပါခဲ့ဘူးလို့ မစ္စတာကင်က ပြောပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ထောက်လှမ်းရေးအဖွဲ့တွေအတွက် လျှို့ဝှက်ချက်တွေမဟုတ်ဘဲ ဂုဏ်ယူစရာလို့ သဘောထားခဲ့ကြတယ်လို့ သူက ပြောပါတယ်။
ပြီးတော့ အပေါ်ကအမိန့်မရဘဲ ဒီလိုတိုက်ခိုက်တဲ့ ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူးလိုလည်း သူက ဆိုပါတယ်။
"မြောက်ကိုရီးယားမှာ လမ်းတစ်လမ်းဖောက်တဲ့ ကိစ္စမျိုးမှာတောင် ထိပ်ဆုံးခေါင်းဆောင်ရဲ့ ခွင့်ပြုချက်မရရင် လုပ်လို့မရဘူး။ ချွမ်နန်သင်္ဘောကို နှစ်မြှုပ်လိုက်တဲ့ကိစ္စနဲ့ ယွန်ပြောင်ကျွန်းစုကို အမြောက်နဲ့ပစ်တဲ့ကိစ္စမျိုးတွေက လက်အောက်ငယ်သားတွေက သူ့သဘောနဲ့သူ လုပ်လို့မရဘူး။ ဒီလို စစ်ရေးတိုက်ခိုက်မှုကိစ္စမျိူးက ကင်ဂျုံအွန်းရဲ့ အထူးအမိန်တွေနဲ့ လုပ်ရတာပါ။ အဲဒါက အောင်မြင်မှုပါ။"
အိမ်ပြာတော်ထဲက ထောက်လှမ်းရေး
မြောက်ကိုရီးယားမှာ သူတာဝန်ယူခဲ့တဲ့ထဲက ကိစ္စတစ်ခုကတော့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး မဟာဗျူဟာတွေ တိုးတက်အောင်မြင်လာဖို့ကိစ္စ ပါ။ ရည်ရွက်ချက်က နိုင်ငံရေးလွှမ်းမိုးမှုရှိအောင်ပါ။
အဲဒီထဲမှာ မြေပြင်အခြေအနေတွေကို မျက်စိတွေ နားတွေဖွင့်ထားဖို့ လုပ်ရတာတွေ ပါပါတယ်။
"ကျွန်တော် စီစဥ်ညွှန်ကြားပြီး တောင်ကိုရီးယားကို စေလွှတ်ခဲ့တဲ့ ထောက်လှမ်းရေးတွေ အများကြီးရှိသလို သူတို့ကတဆင့် စစ်ဆေးရေးတွေလုပ်ခဲ့တာလည်း အများကြီးရှိပါတယ်"လို့ သူက ပြောပါတယ်။
အဲ့ဒီကိစ္စတွေအားလုံးကို သူက အသေးစိတ်မရှင်းပြပေမယ့် စိတ်ဝင်စားစရာ ဥပမာတစ်ခုကို တော့ ပြောပြခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတရုံးမှာ သွားအလုပ်လုပ်ခဲ့ပြီး မြောက်ကိုရီးယားကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာတဲ့ ကိစ္စတစ်ခု ရှိခဲ့ပါတယ်။ အဲဒါက ၁၉၉၀ ကျော် အစောပိုင်းနှစ်တွေတုန်းက ဖြစ်ခဲ့တာပါ။ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်မှာ ၅ နှစ်၊ ၆နှစ် အလုပ်လုပ်ခဲ့သူတစ်ယောက် အန္တရာယ်ကင်းကင်း ပြန်ရောက်လာပြီး မြောက်ကိုရီးယားက အမှတ် ၃၁၄ အလုပ်သမား ပါတီဆက်သွယ်ရေးရုံးမှာ အလုပ်လုပ်ခဲ့တာမျိုးရှိခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။
"တောင်ကိုရီးယားက အရေးပါတဲ့ အဖွဲ့အစည်းတွေ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း တော်တော်များများမှာ မြောက်ကိုရီးယားက ထိုးဖောက်ဝင်ရောက်ထားတယ်လို့ ပြောလို့ရတယ်။ "
သူပြောတာနဲ့ပတ်သက်လို့ ဘီဘီစီက အတည်ပြုနိုင်ဖို့တော့ မလွယ်ပါဘူး။
မြောက်ကိုရီးယားအတွက် ထောက်လှမ်းရေးလုပ်ပေးလို့ ပြစ်ဒဏ်ချခံထားရတဲ့ လူတော်တော် များများကို တောင်ကိုရီးယားမှာ တွေ့ခဲ့ဖူးပါတယ်။
ဆယ်စုနှစ်အတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ သူလျှိုလုပ်ငန်းလုပ်ခဲ့တဲ့ မြောက်ကိုရီးယားစပိုင်တွေ ဒါဇင်နဲ့ချီ တောင်ကိုရီးယားထောင်တွေထဲမှာ ဖမ်းထားတာရှိတယ်လို့ NK News တည်ထောင်သူရဲ့ လတ်တလောဆောင်းပါးထဲမှာလည်း ရေးထားပါတယ်။
မြောက်ကိုရီးယားသူလျှိုကိစ္စတွေ ဆက်တိုက်ရှိနေပြီး အနည်းဆုံးတစ်ခုကတော့ မြောက်ကိုရီးယားက သူလျှိုတစ်ယောက်က တိုက်ရိုက်လွှတ်လိုက်တဲ့ ကိစ္စပါ။
စစ်ရေးအရ တန်ဖိုးရှိတဲ့ သတင်းတွေကို စုဆောင်းတဲ့ကိစ္စမှာ ၂၀၁၇ ခုနှစ်ကစပြီး မြောက်ကိုရီးယားဘက်က နည်းပညာအသစ်တွေကို ပြောင်းသုံးလာတဲ့အတွက် တောင်ကိုရီးယားမှာ သူလျှိုတွေအဖမ်းခံရတဲ့ ကိစ္စနည်းလာတယ်လို့ NK Newsရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာ့အဆင်းရဲဆုံးနဲ့ အထီးကျန်ဆုံး နိုင်ငံတစ်ခုဖြစ်နေတယ်ဆိုပေမဲ့ ကျွမ်းကျင်တဲ့ ကွန်ပျူတာဟက်ကာ ၆၀၀၀ နဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိပါတယ်။
၁၉၈၀ ကျော်နှစ်တွေကတည်းက အရင်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကလည်း လူသစ်တွေကို လေ့ကျင့်ပေးပြီး ဆိုင်ဘာစစ်ပွဲအတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ဖူးတယ်လို့ မစ္စတာကင်ရဲ့ အပြောအရ သိရပါတယ်။
" တစ်နိုင်ငံလုံးမှာရှိတဲ့ အတော်ဆုံးကျောင်းသားတွေကို ဆွဲထုတ် ပြီး မွန်ရန်ဘွန်တက္ကသိုလ်မှာ သူတို့ကို ၆ နှစ်ကြာ အထူးသင်ကြားမှုတွေလုပ်ပေးတယ်"လို့ သူက ပြောပါတယ်။
၂၀၁၇ တုန်းက တစ်ကမ္ဘာလုံးက အခြားအဖွဲ့အစည်းတွေနဲ့ အတူ ယူကေ ကျန်းမာရေးဌာနကိုပါ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ လာဇရုအဖွဲ့နောက်ကွယ်မှာ မြောက်ကိုရီးယားဟက်ကာအဖွဲ့ ရှိနိုင်တယ်လို့ ယူကေ လုံခြုံဲရေးအဖွဲ့တာဝန်ရှိတဲ့သူတွေက ယူဆထားပါတယ်။
၂၀၁၄ ခုနှစ် ဆိုနီကုမ္ပဏီကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှုမှာလည်း အဲဒီတိုက်ခိုက်မှုလုပ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့တည်းကပဲ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။
အဲ့ဒီလိုတိုက်ခိုက်မှုတွေလုပ်တဲ့ရုံးကို ၄၁၄ ဆက်သွယ်ရေးရုံးလို့ ခေါ်တယ်လို့ မစ္စတာကင်က ပြောပါတယ်။ "အတွင်းမှာတော့ အဲ့ဒီအဖွဲ့ကို ကင်ဂျုံအီရဲ့ သတင်းအဖွဲ့လို့ နာမည်တပ်ထားပါတယ်။ "
အဲ့ဒီအဖွဲ့မှာ မြောက်ကိုရီးယားခေါင်းဆောင်ကို တိုက်ရိုက်ဖုန်းဆက်လို့ ရတဲ့ ဖုန်းလိုင်းရှိတယ်လို့ လည်း သူက ပြောပါတယ်။
"အဲ့ဒီအဖွဲ့ကလူတွေက တရုတ်၊ ရုရှားနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေ အပါအဝင် မြောက်ကိုရီးယားနိုင်ငံထဲမှာလည်း လှုပ်ရှားမှုတွေ လုပ်ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားသူလျှိုတွေနဲ့ ကြားက ဆက်ဆံရေးကိုလည်း သူတို့အဖွဲ့ကတတဆင့် ကြားခံထားပါတယ်လို့ ဆိုပါတယ်။"
မူးယစ်ဆေးကနေ ဒေါ်လာရှာ
အကျပ်အတည်းကြီးတစ်ခုကို မြောက်ကိုရီးယားနိုင်ငံ ရင်ဆိုင်ရလိမ့်မယ်လို့ ကင်ဂျုံအွန်းက လတ်တလောမှာပြောကြားခဲ့ပြီး နောက်ထပ်အငတ်ဘေးတစ်ခုအတွက် ပြင်ဆင်ထားကြဖို့ကိုလည်း လူထုကို ဧပြီလတုန်းက တိုက်တွန်းခဲ့ပါတယ်။ ကင်ဂျုံအီအုပ်ချုပ်ခဲ့တဲ့ကာလ ၁၉၉၀ နှစ် တွေတုန်းကလည်း မြောက်ကိုရီးယား အငတ်ဘေးနဲ့ကြုံခဲ့ဖူးပါတယ်။
မစ္စတာကင် စစ်ဆင်ရေးလုပ်ငန်းတွေ တာဝန်ယူခဲ့တုန်းကလည်း ခေါင်းဆောင်ကြီးအတွက် တရားမဝင်မူးယစ်ဆေးဝါးတွေထုတ်ပြီး ရန်ပုံငွေတွေရှာဖို့ အမိန့်ပေးခံခဲ့ရဖူးပါတယ်။
"အငတ်ဘေးကျတဲ့အချိန် ကင်ဂျုံအီအစိုးရလက်ထက်တုန်းက မြောက်ကိုရီးယားမှာ မူးယစ်ဆေးထုတ်လုပ်မှုတွေ အမြင့်ဆုံး လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စစ်ဆင်ရေးဌာနက မြောက်ကိုရီးယားခေါင်းဆောင်အတွက် တော်လှန်ရေးရန်ပုံငွေတွေ ကုန်တဲ့အထိပေးခဲ့ရတယ်"လို့ သူက ပြောပါတယ်။
"အဲ့ဒီတာဝန်ပေးခံခဲ့ရတော့ နိုင်ငံခြားသား ၃ ယောက်ကို မြောက်ကိုရီးယားထဲ ကျွန်တော် ခေါ်သွင်းခဲ့တယ်။ ပြီးတော့ အမှတ် ၇၁၅ အလုပ်သမားပါတီ ဆက်ဆံရေးရုံးရဲ့ လေ့ကျင့်ရေးစခန်းမှာ မူးယစ်ဆေးဝါးတွေ ထုပ်လုပ်ခဲ့ပါတယ်။
ထုတ်ခဲ့ရတဲ့ဟာတွေက အိုက်စ်လို့ ခေါ်တဲ့ ခရစ်စတယ်မက်သ်တွေပါ။ ပြီးတော့ အဲဒါတွေကနေတစ်ဆင့် ဒေါ်လာရှာပြီး ကင်ဂျုံအီကို လွှဲပေးခဲ့ရပါတယ်။ "
သူပြောပြတဲ့ မူးယစ်ဆေးအကြောင်းက ဖြစ်နိုင်ခြေရှိပါတယ်။ မြောက်ကိုရီးယားမှာက ဘိန်းဖြူ နဲ့ ဘိန်း ထုတ်ခဲ့တဲ့ သမိုင်းကြောင်းရှည်ကြီးရှိခဲ့ဖူးတာကြောင့်ပါ။
ယူကေနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံတမန်ဟောင်းလည်းဖြစ်ပြီး မြောက်ကိုရီးယားကထွက်ပြေးလာသူက ၂၀၁၉ အော်စလိုဖရီးဒန်း ဖိုရမ်မှာ အခုလို ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ မူးယစ်မှောင်ခိုကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ပြည်တွင်းမှာ မူးယစ်ဆေးစွဲသူတွေရဲ့ကိစ္စကိုလည်း ကြိုးစားဖြေရှင်းနေခဲ့ရတယ်လို့ ပြောခဲ့တာပါ။
မူးယစ်ဆေးဝါးကရတဲ့ ငွေတွေ ဘယ်ကို ပေးရတာလဲ။ လူထုအတွက်ရော အသုံးပြုတာရောရှိလား လို့ မစ္စတာကင်ကို မေးကြည့်တော့ ရတဲ့ ငွေအားလုံးက မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ပိုင်ဆိုင်မှုထဲကို ရောက်သွားတယ်လို့ ဖြေပါတယ်။
"အဲ့ဒီငွေတွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေဆောက်၊ ကားတွေနဲ့ စားစရာတွေဝယ်၊ အဝတ် အကောင်းစား တွေဝယ်ပြီး ဇိမ်ခံပါတယ်။"
မြောက်ကိုရီးယားမှာက ၁၉၉၀ ကျော်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အငတ်ဘေးကြောင့် သေရတဲ့သူ ထောင်ပေါင်းများစွာက တစ်သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မူးယစ်ဆေးဝါးအပြင် အီရန်ကို တရားမဝင်လက်နက်ရောင်းတာကနေ မြောက်ကိုရီးယားက ဝင်ငွေ တွေရခဲ့ တယ်လို့ မစ္စတာကင်က ပြောခဲ့ပြီး အဲ့ဒီတုန်းကကိစ္စတွေကို သူတို့စစ်ဆင်ရေးဌာနက စီမံကွပ်ကဲခဲ့ရတယ်လို့ ပြောပါတယ်။
"အထူး ရေငုပ်သင်္ဘောအသေးလေးတွေနဲ့ ရေလည်းငုပ်နိုင်တဲ့သင်္ဘောတွေ ပါပါတယ်။ အဲ့ဒီလိုဟာမျိုးတွေ ထုတ်တာ တည်ဆောက်တာမှာတော့ မြောက်ကိုရီးယားက သိပ်တော်တယ်။ "
မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောတွေက ဒီဇယ်အင်ဂျင်တွေဖြစ်ပြီး အသံဆူတယ်လို့ ပြောကြတာလည်း ရှိပါတယ်။
ဒါပေမယ့် အီရန်မှာရှိတဲ့ မြောက်ကိုရီးယား လက်ထောက်ညွှန်ကြားရေးမှူးက အီရန်တွေကို သူ့ အိမ်က ရေကူးကန်ကိုဖိတ်ပြီး အရောင်းအဝယ်ကိစ္စအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လို့ မစ္စတာကင်က ပြောပါတယ်။
မြောက်ကိုရီးယားနဲ့အီရန် လက်နက်အရောင်းအဝယ် လုပ်နေတယ်ဆိုတာ ၁၉၈၀ နှစ်တွေကတည်းက လူတွေသိတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ အဲ့ဒီလက်နက်တွေထဲမှာ ပဲ့ထိန်းဒုံးကျည်တွေလည်း ပါတယ်လို့ မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ပါမောက္ခအင်ဒရေလန်ကော့ကလည်း ပြောထားပါတယ်။
နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကြားထဲကပဲ လူအမြောက်အများသေကြေပျက်စီးနိုင်တဲ့ လက်နက်တွေတိုးထုတ်တာကို မြောက်ကိုရီးယားက ဆက်လုပ်နေတာ ရှိပါတယ်။
လေယာဥ်ပစ်ဒုံးကျည်၊ အသံထက်မြန်တဲ့ဒုံးကျည်၊ ပဲ့ထိန်းဒုံးကျည်နဲ့ တာဝေးပစ်ဒုံးကျည်တွေကို စက်တင်ဘာလအတွင်းမှာလည်း လေးကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ပြီးတော့ တစ်ကြိမ်နဲ့ တစ်ကြိမ်လည်း နည်းပညာတွေက ပိုတိုးတက်လာပါတယ်။
ပြည်တွင်းစစ်တွေ အကြာကြီးဖြစ်နေတဲ့ နိုင်ငံတွေကိုလည်း မြောက်ကိုရီးယားက လက်နက်တွေနဲ့ နည်းပညာတွေရောင်းခဲ့တယ်လို့ မစ္စတာကင် အပြောအရ သိရပါတယ်။
ဆူဒန်၊ လစ်ဗျား၊ မြန်မာ နဲ့ ဆီးရီးယားနိုင်ငံတွေကို မြောက်ကိုရီးယားက လက်နက်ထောက်ပံ့တယ်လို့ ကုလသမဂ္ဂက လတ်တလောနှစ်တွေအတွင်း စွပ်စွဲထားတာ ရှိပါတယ်။
မြောက်ကိုရီးယားကထုတ်တဲ့ လက်နက်တွေက ကမ္ဘာကို အများကြီး ဒုက္ခပေးနိုင်တယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဘက်ပြောင်းခဲ့တဲ့ သစ္စာခံတစ်ယောက်
မစ္စတာကင်ရဲ့ ဘဝက မြောက်ကိုရီးမှာ ပြည့်စုံခဲ့တယ်လို့ ပြောရပါမယ်။ ကင်ဂျုံအွန်းရဲ့ အဒေါ်ပေးတဲ့ မာစီးဒီးကားကို သူစီးခဲ့ရပြီး မြောက်ကိုရီးယားခေါင်းဆောင်အတွက် ငွေရှာဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ နိုင်ငံခြားကိုလည်း လွတ်လွတ်လပ်လပ် သွားခွင့်ရခဲ့ပါတယ်။
ကျောက်မီးသွေးနဲ့ ရှားပါးသတ္တုတွေကို ရောင်းပြီး ငွေသန်းနဲ့ချီရှာပေးခဲ့သလို အဲ့ဒီကရတဲ့ငွေတွေကို ခရီးဆောင် လက်ဆွဲသေတ္တာထဲအပြည့်ထည့်ပြီး မြောက်ကိုရီးယားကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာကင်ရဲ့ အိမ်ထောင်ဖက်ကနေတစ်ဆင့် နိုင်ငံရေးအဆက်အသွယ်တွေကြောင့် သူဟာ ထောက်လှမ်းရေးတပ်တွေကြား ပြောင်းရွှေ့တာဝန်ထမ်းခဲ့ရသလို အဲ့ဒီအဆက်အသွယ်တွေကပဲ သူနဲ့ သူ့မိသားစုကို အန္တရာယ်တွင်း ထဲပို့ခဲ့တာဖြစ်ပါတယ်။
သူ့အဖေလက်ထဲက ခေါင်းဆောင်ရာထူးရယူခဲ့တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းသိပ်မကြာခင်မှာ သူ့အာဏာကို ခြိမ်းခြောက်နိုင်တဲ့သူတွေ ကင်ဂျုံအွန်းက ရှင်းပစ်ခဲ့ပြီး အဲ့ဒီထဲမှာ သူ့ ဦးလေး အရင်း ဂျန်ဆွန်သက်ခ်လည်း ပါပါတယ်။
ကင်ဂျုံအီ ကျန်းမာရေးမကောင်းတဲ့အချိန်တုန်းကဆို သူ့ရာထူးကို ဆက်ခံသူက မစ္စတာဂျန် ဖြစ်လာမယ်လို့ တောင် သတင်းတွေ အများကြီးထွက်လာခဲ့ဖူးပါတယ်။
အဲ့ဒီအချိန်တုန်းက ရာထူးဆက်ခံသူအဖြစ် ဂျန်ဆွန်သက်က ကင်ဂျုံအွးန်ထက် နာမည်ပို ထွက်တယ် လို့ မစ္စတာကင်ကပြောပါတယ်။
"ဂျန်ဆွန်သက်ကတော့ သိပ်ကြာကြာမခံတော့ဘူး တောပိုင်းကိုမောင်းထုတ်ခံရတော့မယ်လို့ အဲ့ဒီတုန်းက တွေးမိတယ်။"
ဒါပေမယ့် မစ္စတာဂျန်ကို ကွပ်မျက်လိုက်ပြီလို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"အံ့အားသင့်သွားတာထက်တောင် ပိုပါတယ်။ ငါလည်းသူ့လိုပဲ အချိန်မရွေးသေနိုင်တယ် ငါ့အတွက်လည်း အန္တရာယ်ရှိနေပြီလို့ ခံစားမိလိုက်တယ်။ မြောက်ကိုရီးယားမှာ ဆက်နေလို့ မရတော့ဘူးလို့ သိလိုက်တယ်" လို့ မစ္စတာကင်က ပြောပါတယ်။
မစ္စတာဂျန် ကွပ်မျက်ခံရတဲ့သတင်းကို သူကြားခဲ့တဲ့ အချိန်တုန်းက သူ နိုင်ငံခြားမှာ ရောက်နေတာပါ။ အဲ့ဒီကနေ မိသားစုနဲ့အတူတောင်ကိုရီးယားကိုထွက်ပြေးဖို့ အစီအစဥ်လုပ်ခဲ့ပါတယ်။
"တောင်ကိုရီးယားလို နိုင်ငံခြားတိုင်းပြည်တစ်ခုကို ထွက်ပြေးဖို့၊ ဘိုးဘွားတွေနဲ့ ကျွန်တော့် မိသားစုနေခဲ့တဲ့ နေရာကို စွန့်ခွာဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ချရတာဟာ ကျွန်တော့်အတွက် ဆိုးရွားတဲ့ စိတ်ခံစားမှုတွေ ရခဲ့ပါတယ်"လို့ သူက ပြောပါတယ်။
ခက်ခက်ခဲခဲဆုံးဖြတ်ချလုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ သူ့ခံစားချက်ကို သူမျက်မှန်အနက်ကြီးကိုကျော်ပြီး တွေ့နေရပါတယ်။
"အခုကစပြီး တက်ကြွလှုပ်ရှားမှုတွေ ပိုလုပ်ပြီး ကျွန်တော့်နိုင်ငံကို အာဏာရှင်လက်ထဲကနေ လွတ်မြောက်အောင်လုပ်မယ်။ တကယ့် လွတ်မြောက်မှုရအောင် လုပ်ဆောင်သွားပါမယ်။ အဲ့ဒါ ကျွန်တော်လုပ်နိုင်တဲ့ တစ်ခုတည်းသော တာဝန်ပါ။ "
အခုဆို မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့သူ သုံးသောင်းကျော် တောင်ကိုရီးယားမှာ ရှိနေပါတယ်။ အဲ့ဒီထဲက မီဒီယာကို ပြောမယ်လို့ ဆုံးဖြတ်ထားတဲ့ သူက အနည်းငယ်ပဲ ရှိပါတယ်။ တောင်ကိုရီးယားက လူအများစုကလည်း ထွက်ပြေးလာတဲ့သူတွေကို သံသယရှိနေကြပါတယ်။
မစ္စတာကင်ဟာ သမားရိုးကျမဟုတ်တဲ့ ဘဝမှာနေခဲ့ရသူပါ။ သူ့ အကြောင်းက မြောက်ကိုရီးယားရဲ့ အခြေအနေတစ်ခုလုံးကို မလွှမ်းခြုံနိုင်ပေမဲ့ မြောက်ကိုရီးယားက အဖြစ်အပျက်တစ်ခုအဖြစ် တွေ့မြင်နိုင်ပါတယ်။
ဒါပေမယ့် သူ့ဇာတ်လမ်းကို အကြောင်းပြု ပြီး အာဏာရှင်လက်ထဲကနေက အနည်းငယ်သော လူတွေ လွတ်မြောက်လာတယ်ဆိုတာနဲ့ အာဏာရှင်တွေ ဘယ်လိုရှင်သန်နေရလဲ ဆိုတာတော့ သိနိုင်ပါတယ်။
"မြောက်ကိုရီးယား နိုင်ငံရေးအသိုင်းအဝန်း၊ သူတို့ရဲ့ အယူအဆ အကဲဖြတ်ချက် သဘောထား၊ သူတို့ရဲ့အတွေးတွေက ခေါင်းဆောင်ကို အမိန့်နာခံဖို့ကိစ္စအပေါ်ပဲ မူတည်နေတယ်။ မျိုးဆက်တွေအားလုံးကလည်း သစ္စာခံဲဖို့ပဲ လုပ်ခဲ့ ကြတာပါ"လို့ သူက ပြောပါတယ်။
အခုအင်တာဗျူးဖော်ပြတဲ့ အချိန်နဲ့ ကင်ဂျုံအွန်းက အနာဂတ်မှာ တောင်ကိုရီးယားနဲ့ သိပ်မကြာခင် ဆက်သွယ် စကားပြောချင်တယ်လို့ ပြောတဲ့ အချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာကင်က အခုလို သတိပေးပါတယ်။
"အဲ့ဒီကိစ္စက ကျွန်တော်ဒီကိုရောက်ကတည်းက ဖြစ်နေတာပါ။ ဒါပေမယ့် မြောက်ကိုရီးယားဘက်က ဘာမှ ပြောင်းလဲတာမရှိဘူး။ သူတို့ချထားတဲ မဟာဗျူဟာအတိုင်း ဆက်လုပ်နေတုန်းပဲ။ မြောက်ကိုရီးယား ဘက်က ပြောင်းလဲသွားတာ ၀.၀၁ % တောင်မရှိသေးဘူး။ "