တရုတ်လေယာဉ်တွေ ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်ထဲ စံချိန်တင်ရလောက်အောင် အများအပြား ဝင်လာနေ

ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲကို တရုတ်စစ်လေယာဉ်တွေ စံချိန်တင် ရလောက်အောင် အများအပြား ပျံသန်း ဝင်ရောက်လာခဲ့ အပြီးမှာ ဒီလို လက်လွတ်စပယ် ရန်စ ကျုးကျော်တဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ တရုတ်အစိုးရကို ထိုင်ဝမ်က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့အထိဆိုရင် တရုတ်စစ်လေယာဥ်တွေ ထိုင်ဝမ်လေကြောင်းကာကွယ်ရေး ဇုန်ထဲကို ကျူးကျော်ဝင်လာတာ လေးရက် ဆက်တိုက်ရှိခဲ့ပြီ ဖြစ်ပြီး ဝင်လာတဲ့ လေယာဉ် အရေအတွက်က စုစုပေါင်း ၁၅၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

တရုတ်လေယာဉ်တွေ အခုလိုဝင်လာတာဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ထိုင်ဝမ် အမျိုးသားနေ့ မတိုင်ခင် တင်ကြိုပြီး ထိုင်ဝမ်သမ္မတကို သတိပေးတာ ဖြစ်နိုင်တယ်လို့ အကဲခတ် တချို့က သုံးသပ်ပါတယ်။

တရုတ်အစိုးရက ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ခွဲထွက်သွားတဲ့ ပြည်နယ်တစ်ခု အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကတော့ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့အချုပ်အချာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ထုတ်ဖော် ကြေညာထားတာပါ။

အင်္ဂါနေ့က ထိုင်ဝမ်ထုတ် နိုင်ငံခြားရေးရာ မဂ္ဂဇင်းပါ ဆောင်းပါး တပုဒ်မှာ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်း က တကယ်လို့ ထိုင်ဝမ်သာ တရုတ်လက်အောက် ကျသွားခဲ့ရင် အာရှဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးမှာ ကပ်ဘေး ဆိုးကျိုးကြီးနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ပြောပါတယ်။

"အဲဒီလိုဆိုရင်တော့ ကနေ့ခေတ် ကမ္ဘာ့နိုင်ငံတွေအကြား စံတန်ဖိုး အားပြိုင်မှုမှာအာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို အသာစီးရသွားတယ်ဆိုတဲ့ လက္ခဏာသင်္ကေတ ဖြစ်သွားလိမ့်မယ်"လို့ ထိုင်ဝမ်သမ္မတက အဲဒီဆောင်းပါးမှာ ရေးထားပါတယ်။

"ထိုင်ဝမ်အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို ရွေးချယ်မှာမဟုတ်ပေမဲ့ ကိုယ့်ပိုင်နက်ကို ကာကွယ်ဖို့အတွက် ဘာမဆို လုပ်ရလိမ့်မယ်"လို့ ထိုင်ဝမ်သမ္မတ ဆိုင်းက ဆိုပါတယ်။"

တရုတ်လေတပ်ပိုင် လေယာဉ်တွေ သူတို့ကျွန်းဆွယ်နားမှာ အကြိမ်ကြိမ် ဖြတ်ပျံသွားတယ်ဆိုတာကို ထိုင်ဝမ်ဘက်က သတင်းထုတ်ပြန်နေတာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းကပါ။

ထိုင်ဝမ်အစိုးရက ထုတ်ပြန်တဲ့ မြေပုံတစ်ခုအရ ထိုင်ဝမ် ထိန်းချုပ်တဲ့ ပရာတက်စ်ကျွန်းစုနားက နေရာတခုမှာ နျူကလီးယားလက်နက်တွေသယ်ဆောင်နိုင်တဲ့ H-6ဗုံးကျဲလေယာဥ် ၁၂ စင်း၊ J-16 ဗုံးကျဲလေယာဉ် ၃၄ စင်း အပါအ၀င် တရုတ်စစ်လေယာဉ်တွေ ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် တရုတ်တိုက်လေယာဉ် လေးစင်းကိုလည်း တနင်္လာနေ့နှောင်းပိုင်းမှာ တွေ့ခဲ့ရတဲ့အတွက် တရက်တည်းမှာတင် ဖြတ်ပျံတဲ့ လေယာဉ်အရေအတွက်က စုစုပေါင်း ၅၆ စင်းအထိ ရှိခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ နဂိုရှိထားတဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို အကြီးအကျယ် ထိခိုက်အောင် တရုတ်အစိုးရက လုပ်နေတယ်လို့ ထိုင်ဝမ်အစိုးရရဲ့ တရုတ်ရေးရာ မူဝါဒရေးဆွဲရေး အဖွဲ့ MAC က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးကို ပျက်စီးစေမယ့် လက်လွတ်စပယ် ရန်စကျူးကျော်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ တရုတ်အစိုးရကို တောင်းဆိုလိုက်တယ်လို့လည်း MACအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချူချွိုင်ချန်းက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

"ထိုင်ဝမ်ရေလက်ကြား တဖက်နဲ့တဖက်အကြား တင်းမာမှုတွေ ဖြစ်လာအောင်နဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေပါ ထိခိုက်လာအောင် တရုတ်က လုပ်နေကြောင်းနဲ့ ဒီခြိမ်းခြောက်မှုတွေကို ထိုင်ဝမ်က ဘယ်တော့မှ ညှိနှိုင်း အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

တရုတ်အစိုးရကတော့ အမေရိကန်အစိုးရဟာ ကြားက သွေးထိုးပေးနေတယ်လို့ တုန့်ပြန် စွပ်စွဲခဲ့ပြီး ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အားမပေးဖို့ကိုလည်း သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်ကို လွတ်လပ်ရေးပေးရေး ဆွေးနွေးပြောဆိုဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ကြောင်းနဲ့ ထိုင်ဝမ် လွတ်လပ်ရေးရရေး ကြံစည်မှုမှန်သမျှကို တရုတ်အစိုးရက နည်းလမ်းပေါင်းစုံ သုံးပြီး ဖျက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ် ခွဲထွက်ရေး အင်အားစုတွေကို အားပေးထောက်ခံတာ၊ အင်အားပိုကြီးအောင် လုပ်တာတွေကို အမေရိကန်အစိုးရအနေနဲ့ ရပ်တန်းက ရပ်သင့်တယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်အစိုးရဟာ တရားဝင် လွတ်လပ်ရေး ကြေညာမယ့် လမ်းကြောင်းကို ဦးတည်သွားနေတယ် ဆိုပြီး တရုတ်အစိုးရဘက်က တနေ့တခြား စိုးရိမ်မှုတွေ တိုးလာနေပြီး အဲဒီလမ်းကြောင်းကို မရွေးဖို့ ထိုင်ဝမ်သမ္မတကို သတိပေးချင်နေပုံ ရတယ်လို့ အကဲခတ်တွေက အစောပိုင်းက ပြောနေပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်း ကတော့ ထိုင်ဝမ်ဟာ သီးခြား လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး လွတ်လပ်ရေး တရားဝင် ထုတ်ဖော်ကြေညာတာမျိုး လုပ်ဖို့ မလိုဘူးလို့ အကြိမ်ကြိမ် ပြောထားပြီး ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်တပ် ရှိနေသလို ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ရှိနေပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကို ပြန်ပေါင်းဖို့အတွက် အင်အားသုံးကောင်း သုံးဖို့ နည်းလမ်းကိုလည်း တရုတ်အစိုးရက ထည့်မတွက်ဘဲ မနေပါဘူး။

တရုတ်နဲ့ ထိုင်ဝမ်အကြား သိထားသင့်တဲ့ အခြေခံအချက်များ

တရုတ်နဲ့ ထိုင်ဝမ်အကြား ဆိုးဝါးတဲ့ ဆက်ဆံရေးတွေ ဘာကြောင့်ဖြစ်နေတာလဲ

၁၉၄၀ ပြည့်လွန်နှစ်ပိုင်းမှာ ပြည်တွင်းစစ်ကြောင့် တရုတ်နဲ့ ထိုင်ဝမ် နှစ်ခြမ်း ကွဲသွားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဘက်က တချိန်ချိန်မှာ ထိုင်ဝမ်ကျွန်းကို ပြန်သိမ်းမယ်၊ လိုအပ်ရင် အင်အားသုံးပြီး ပြန်ရအောင် လုပ်မယ်လို့ အခိုင်အမာ ပြောထားပါတယ်။

ထိုင်ဝမ်ရဲ့အုပ်ချုပ်ရေးက ဘယ်လို ပုံစံမျိုးလဲ

ထိုင်ဝမ်ကျွန်းမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ရှိပြီး စစ်တပ်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ အင်အား သုံးသိန်းလောက် ရှိပါတယ်။

ထိုင်ဝမ်ကို ဘယ်နိုင်ငံတွေက အသိအမှတ်ပြုထားလဲ

ထိုင်ဝမ်ကို အသိအမှတ်ပြု လက်ခံတဲ့ နိုင်ငံက နည်းနည်းပဲရှိပါတယ်။ အများစုက တရုတ်အစိုးရ ဘက်ကိုပဲ ပို အသိအမှတ် ပြုထားကြပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်အကြားမှာ တရားဝင် ဆက်ဆံရေး မထားရှိပေမဲ့ ထိုင်ဝမ်မှာ ကိုယ်ပိုင် ကာကွယ်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ဥပဒေအရ အသိအမှတ်ပြုထား ပါတယ်။